Monday, August 16, 2021

ကျွမ်း သဒ္ဓါလန် အာဖဂန်


အာဖဂန်နစ္စတန်နိုင်ငံကတော့ တာလီဘန်တွေရဲ့ 
လက်အောက်ကို ဩဂုတ်လ ၁၅ရက်နေ့မှာ 
ကျရောက်သွားပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတ 
ဂျိုးဘိုင်ဒင်က အာဖဂန်နစ္စတန်ကနေ 
အမေရိကန်တွေ ဩဂုတ်လကုန်မှာ အပြီး 
ဆုတ်ခွာမှာဖြစ်ပြီး ဗီယက်နမ်တုန်းကလို ထွက်ပြေးရမှာ 
မဟုတ်ပါဘူးလို့ ပြောပြီးမကြာခင်မှာပဲ 
ဩဂုတ်လ ၁၅ရက်နေ့မှာ အမေရိကန် 
သံရုံးဝန်ထမ်းတွေ လျှိ့ဝှက်စာရွက်စာတမ်းတွေကို 
မီးရှို့ပြီး ဗီယက်နမ်တုန်းကလိုပဲ ရဟတ်ယာဉ်နဲ့ 
ထွက်သွားကုန်ကြပါပြီ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 
ဘလင်ကန်ကတော့ အာဖဂန်က အမေရိကန်တွေ 
ဆုတ်ခွာတာ စနစ်တကျဖြစ်ပြီး ဗီယက်နမ်လို မဟုတ်ပါဘူးလို့ 
အကျောက်အကန်ပြောပါတယ်။ဗီယက်နမ်တုန်းကလောက် 
ကသုတ်ကရက်နဲ့ ပွဲမပျက်ဘူးဆိုတာက 
တာလီဘန်တွေဟာ ကဘူးမြို့တော်ကို 
ဝိုင်းထားပေမဲ့ မြို့ထဲကိုမဝင်သေးပဲ 
စောင့်ပေးထားလို့ဖြစ်ပါတယ်။ သူက အဲလိုပြောပေမဲ့ ကဘူးလေဆိပ်မှာတော့ ဝန်ထမ်းတွေလည်း အလုပ်မလုပ်တော့ဘဲ 
ထွက်ပြေးကုန်ကြပြီဖြစ်ပြီး အပြင်ဘက်က 
အရပ်သားလေကြောင်းလိုင်းတွေလည်း
မဆင်းနိုင်တော့ပါဘူး။ နိုင်ငံက ထွက်ပြေးချင်တဲ့ 
အာဖဂန်အရပ်သားတွေကတော့ လေဆိပ်မှာရပ်ထားတဲ့ 
အမေရိကန်စစ်လေယာဉ်တွေပေါ်ကို အလုအယက် 
စုပြုံတိုးတက်နေကြပြီး ဗီယက်နမ်တုန်းက 
ဆေးဂုံမြို့ကျဆုံးခန်း Fall of Saigon အကြီးစား ပုံစံမျိုး ဖြစ်နေပါတယ်။ 
အာဖဂန်သမ္မတ အာရှရက်ဖ် ဂါနီကတော့ 
ဩဂုတ်လ ၁၅ရက်နေ့မှာ တိုင်းပြည်က ထွက်ခွာသွားပြီး 
ဘယ်ကို ထွက်သွားလဲဆိုတာတော့ 
မသိရသေးဘူးလို့ဆိုပါတယ်။ အယ်လ်ဂျာဇီရာ 
သတင်းဌာနကတော့ ဂါနီဟာ အိမ်နီးချင်း 
ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရ်ှကင့် ကို 
ထွက်ပြေးသွားတယ် လို့ ဂါနီရဲ့ လက်ထောက်တစ်ယောက်ကို 
ကိုးကားပြီး ပြောပါတယ်။(တကယ်ကတော့ ဂါနီကို ဥဇဘက်တွေက သိပ်ကြည်လင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ သမိုင်းကြောင်းက 
သူရဲကောင်း တိမူးကို အာဖဂန်ရှေး 
ရေသွယ်မြောင်းစနစ်တွေ ဖျက်ဆီးခဲ့လို့ဆိုပြီး 
တိမူးခြေကျိုး လို့ ငယ်ကျိုးငယ်နာဖော်ပြီး 
အပုတ်ချခဲ့လို့ဖြစ်ပါတယ်။) ဂါနီက သူမထွက်ခွာခင် 
အာဖဂန်ပြည်သူတွေကို ရည်ညွှန်းပြီး ဖေ့ဘွတ်ကနေ 
ရေးသားရာမှာတော့ တခြား အာဖဂန်နိုင်ငံရေးသမားတွေကို 
အပြစ်တင်ခဲ့ပြီး ကဘူးမှာ သွေးချောင်းစီးတာ 
မဖြစ်စေချင်လို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို 
ချမှတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဂါနီနေရာမှာ ဘယ်သူမဆို ရှိနေရင်လည်း 
ဒီလိုပဲ ဆုံးဖြတ်ကြမှာပါပဲ။  သူ့မှာ အားကိုးစရာ 
လုံခြုံရေးအင်အားကလည်း မရှိတော့ပါဘူး၊။ 
အာဖဂန်အစိုးရတပ်တွေအားလုံးလိုလိုက 
စိတ်ဓာတ်ပျက်ပြားပြီး လက်နက်ချထွက်ပြေးနေကြတဲ့ 
အချိန်မှာ အရင်က တာလီဘန်တွေကို ဆန့်ကျင်တဲ့ 
မြောက်ပိုင်း စစ်ဘုရင်တွေကလည်း 
ဒီတစ်ခါ ထွက်မလာတော့ပါဘူး။ 
သူဆက်နေရင်လည်း အမေရိကန်ရဲ့ 
လက်ပါးစေ အဖြစ်နဲ့ စွပ်စွဲပြီး တာလီဘန်တွေက 
သူ့ကို အရှင်ထားမယ့်သဘော မရှိပါဘူး။တာလီဘန်တွေက 
သဘောထားပြင်းထန်တဲ့ ဂါနီကို အရင်ထဲက 
ကြည့်လို့ရတာမဟုတ်လို့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာတောင် 
ထည့်ထားဖို့ လက်ခံခဲ့တာ မဟုတ်ပါဘူး။ 
ဒီတော့ ဒီလိုအချိန်မှာ အသက်ကို 
ဖက်နဲ့ထုပ်ပြီး ပြေးကြရမှာပါပဲ။ 
သူ့အတွက်ကတော့ အာဖဂန်ကထွက်သွားရလည်း 
စိုးရိမ်စရာမရှိပါဘူး။ အမေရိကန်ရောက်သွားရင် 
နိုင်ငံသားပြန်ခံယူပြီး အာဖဂန်လွတ်မြောက်ရေး 
လှုပ်ရှားမှုမှာ အဝေးရောက် ခေါင်းဆောင်လုပ်နေလို့လည်း
ရပါသေးတယ်။ အမေရိကန်က 
ဘာဖြစ်ဖြစ် သူ့ကို မွေးထားရဦးမှာပါ။ 

ဒါပေမဲ့ သူ့လိုကံမကောင်းနိုင်တာကတော့ 
နိုင်ငံခြားသားတွေဆီမှာ အလုပ်လုပ်ခဲ့တဲ့ 
အာဖဂန်တွေပါ။ သူတို့ဆရာတွေတောင် 
သေပြေးရှင်ပြေး ပြေးနေရချိန်မှာ  
သူတို့အားလုံးကို ခေါ်သွားရလောက်အောင် 
အခြေအနေက မပေးတော့ပါဘူး။ဒါကြောင့်လည်း 
လေဆိပ်မှာ အသည်းအသန် တိုးဝှေ့ပြီး 
ထွက်မယ့်လေယာဉ်တွေနဲ့ အပါလိုက်နိုင်ဖို့ 
ဗီယက်နမ်တုန်းကလို ကြိုးစားနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ပတ်လောက်က အာဖဂန်ကနေ 
အမေရိကန်တွေ ထွက်တော့မယ်ဆိုတာကို 
ကျွန်တော် သုံးသပ်ခဲ့တုန်းက-

"၁၉၇၅ခုနှစ်က အမေရိကန်တွေ ဗီယက်နမ်ကနေ ဆုတ်ခွာရတုန်းက သံရုံးခေါင်မိုးပေါ် ရဟတ်ယာဉ်ဆင်းပြီး လူတွေကို ဒရောသောပါး တင်ပြီး ထွက်သွားရတဲ့ ပုံကို သတိရပါတယ်။ အခုလည်း အမေရိကန်အတွက် ဒုတိယ ဗီယက်နမ်လို့ ပြောနိုင်တဲ့ အနေအထားပါပဲ။" လို့ရေးခဲ့ပါတယ်။
ပြီးတော့-

"တာလီဘန်တွေကတော့ အခုဆိုရင် သူတို့က မကြာခင် ကဘူးလ်ကို သိမ်းပိုက်နိုင်တော့မယ့် ပုံစံမျိုးနဲ့ ပြုမူလာတာတွေတွေ့ရပါတယ်။ တာလီဘန်ဘက်က ထိုးစစ်တွေလည်း စတင်နေပြီး နယ်စပ်မှာ အစိုးရတပ်ဖွဲ့တွေ  လူတစ်ထောင်လောက် ကာဇက်စတန်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သတင်းလည်းတွေ့ရပါတယ်။ အဲတော့ အစိုးရတပ်တွေက အင်အားများတယ်ဆိုပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ နောက်က အမာခံ ဆရာသမားတွေ မရှိတော့ဘူးဆိုတော့လည်း ဗီယက်နမ်မှာလိုပဲ "ဆရာတွတ်ပီ မရှိရင် တပည့်ဗိုက်ကလေး လည်း ပြေးတော့မယ့်" သဘောမျိုး ဖြစ်လာနိုင်ပါတယ်။" လို့ ရေးခဲ့ပါသေးတယ်။

ပြောလို့မှ မဆုံးခင် အဲဒီအတိုင်းပဲဖြစ်လာကာ ၃ပတ်အတွင်းမှာပဲ ကဘူးကျပြီး သမ္မတပါ ထွက်ပြေးရပြီဆိုတော့ တစ်ကမ္ဘာလုံးမှာ အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြရပါတော့တယ်။ ဩဂုတ်လ ၁၅ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းအထိ ရတဲ့ သတင်းတွေအရတော့ ကြားဖြတ်အစိုးရဖွဲ့ဖို့နဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးနေကြပြီး အရင်အစိုးရဘက်က သမ္မတဟောင်း ဟာမစ်ကာဇိုင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးတာဝန်ခံ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ တို့က ဦးဆောင်နေတယ်လို့ဆိုပါတယ်။ 
တာလီဘန်တွေ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်တာနဲ့ပတ်သက်ပြီး အများဆုံး အပြစ်တင်ခံရတာကတော့ အင်အား ၃သိန်းကျော်ရှိတယ်ဆိုတဲ့ အာဖဂန် အစိုးရ တပ်မတော်ပါပဲ။ အမေရိကန်က နှစ်စဉ် ဒေါ်လာ ဘီလျံနဲ့ချီ ထောက်ပံ့ထားပြီး ကြည်းတပ်ရော လေတပ်ပါ တောင့်တောင့်တင်းတင်း လက်နက်တပ်ဆင် ဖွဲ့စည်းထားတဲ့ကြားက အခုလို ပိုးစိုးပက်စက် လက်နက်ချ ထွက်ပြေးကုန်ကြတာကလည်း ပြောစရာပါပဲ။  လေ့လာသူတွေကတော့ အာဖဂန်တပ်မတော် အပါအဝင် အစိုးရထဲမှာ အကျင့်ပျက်ခြစားမှု ကြီးမားလွန်းတာကို ထောက်ပြကြပါတယ်။ 
ဒါကလည်း အခုမှဖြစ်တာမဟုတ်ပါဘူး။ အမေရိကန်တွေ ၂၀၀၁ခုနှစ်မှာ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့ပြီး သူတို့လူယုံ ဟာမစ်ကာဇိုင်းကို သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့ အချိန်ကတည်းက စခဲ့တဲ့ ဇာတ်လမ်းဟောင်းကြီးပါ။ ဟာမစ်ကာဇိုင်းဆိုတာ အစကတည်းက အိန္ဒိယမှာ ပညာသင်၊ ပါကစ္စတန်မှာနေပြီး ဆိုဗီယက်တွေ အာဖဂန်ကို ဝင်လာချိန်ကတည်းက ဆိုဗီယက်ဆန့်ကျင်ရေးအတွက် အမေရိကန်တွေနဲ့ လက်တွဲအလုပ်လုပ်ခဲ့တဲ့ စီအိုင်အေ သတင်းပေးကြီးပါ။ သူ့ရဲ့ ဖအေတူမအေကွဲညီ အာမက် ဝါလီ ကာဇိုင်း ကလည်း အာဖဂန်တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်က မူးယစ်ရာဇာဖြစ်ပြီး သူ့အကိုလက်ထက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပါတယ်။ ( ၂၀၁၁မှာ လုပ်ကြံခံခဲ့ရပါတယ်။) သမ္မတ ဟာမစ်ကာဇိုင်းရော၊စီအိုင်အေက ထောက်ပံ့ထားတဲ့ သူ့လက်ထောက်တစ်ယောက်ရော 
မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ဆက်နွယ်တဲ့ 
အဂတိလိုက်စားမှုတွေရှိခဲ့တာ ဒီအီးအေ 
အပါအဝင် တော်တော်များများသိကြပါတယ်။ 

အခုထွက်ပြေးသွားတဲ့ သမ္မတ ဂါနီ ကလည်း အာဖဂန်နစ္စတန်က ဘရိုမိုက် သတ္တုတူးဖော်ခွင့်ကို သူ့ညီတစ်ယောက်နဲ့ အမေရိကန်စစ်ဘက် ကုမ္ပဏီပူးပေါင်းပြီး ထုတ်ခွင့်ချပေးခဲ့လို့ အတော် နာမည်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။ 
ဘာတွေ ဘယ်လောက်ပဲဖြစ်ဖြစ်၊ ဟာမစ်ကာဇိုင်းရော ဂါနီပါ သမ္မတသက်တမ်း နှစ်ဆက်စီ အနိုင်ရအောင် ရွေးကောက်ပွဲ မသမာမှုတွေပါသုံးပြီး လုပ်ခဲ့ကြတာကို ဘာဖြစ်လို့ အမေရိကန်တွေက နောက်ကွယ်ကနေ အင်တိုက်အားတိုက် ထောက်ပံ့ကူညီခဲ့ရတာလဲ။ 

အဖြေကရှင်းပါတယ်။ သူတို့ရဲ့ လူယုံတွေမို့ပါ။ 
ဂါနီဆိုရင်လည်း အမေရိကန်မှာ ပညာသင်၊ အလုပ်လုပ်၊ 
နိုင်ငံသားခံယူထားပြီး ၂၀၀၉ခုနှစ်ကျမှ အာဖဂန်မှာ 
သမ္မတ အရွေးခံဖို့ နိုင်ငံသားပြောင်းလဲခံယူခဲ့သူဖြစ်ပါတယ်။ 

အမေရိကန်တွေအနေနဲ့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးတဲ့နောက် ရေရှည်မှာ ဆက်ပြီးထိန်းချုပ်နိုင်ဖို့ ကိုယ်ပိုင် အခြေခံဥပဒေနဲ့ရွေးကောက်ပွဲ ပြုလုပ်ပေးပြီး ကိုယ်ပိုင်အစိုးရတင်မြှောက်ပေးတယ်ဆိုတဲ့ အပြင်ဘက်က ပုံဖော်ပေးမှုနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး outside imposed democractization လုပ်ပေးခဲ့တယ်ဆိုပေမဲ့ သူ့လူတွေကိုပဲ ဘုရင်ခံ အဖြစ် နန်းတင်ပေးခဲ့တာဖြစ်ပါတယ်။ 

ဒီဘုရင်ခံသာသာ သမ္မတတွေကိုတော့ နောက်ကနေ အမေရိကန်တပ် အများစု ပါဝင်တဲ့ အပေါင်းပါ နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ လုံခြုံရေး ကျောထောက်နောက်ခံပြုပေးထားခဲ့သလို နောက်ပိုင်းမှာ အာဖဂန်ကိုယ်ပိုင်တပ်မတော်တစ်ခုကိုလည်း လေ့ကျင့် လက်နက်တပ်ဆင် ဖွဲ့စည်းပေးခဲ့ပါတယ်။ 

တိုင်းပြည်တည်ဆောက်ရေးနဲ့ အစိုးရဖွဲ့စည်းရေးအတွက်လည်း ဘာမှ ပူစရာမလိုအောင် အစိုးရအသုံးစာရိတ်တွေကို အမေရိကန်တွေကပဲ တာဝန်ယူထောက်ပံ့ပေးခဲ့သလို၊ နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း US AID နဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက ဒေါ်လာဘီလျံပေါင်းများစွာ ပံ့ပိုးနေခဲ့တာဖြစ်ပါတယ်။ 
၂၀၀၁ခုနှစ်ကစပြီး အခု အနှစ်၂၀ကြာတဲ့အထိ အမေရိကန်က အာဖဂန်မှာ သုံးစွဲခဲ့တဲ့ စစ်စာရိတ်နဲ့ အကူအညီတွေပေါင်းလိုက်ရင် ဒေါ်လာသန်းပေါင်း တစ်သန်းကျော် (တစ်ထရီလျံကျော်) ရှိမယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့လည်း ဒီအနှစ်၂၀ အကြာမှာ အာဖဂန်နစ္စတန်ရဲ့ တစ်နှစ် တစ်ဦးကျဝင်ငွေဟာ ဒေါ်လာ ၅၇၀ပဲရှိပြီး ကမ္ဘာ့အဆင့်မှာ နောက်ဆုံးနားမှာ ဖြစ်နေတုန်းပါပဲ။ ဒီအနေအထားက အာဖဂန်မှာ အထောက်အပံ့အကူအညီတွေဟာ လက်ကြားရေယိုဖြစ်နေပြီး၊ အောက်ခြေကို မရောက်ဘဲ ဓနဥစ္စာဖြန့်ဝေမှု ကွာဟချက်ကြီးမားနေတာနဲ့၊ ပေးသမျှ သုံးသမျှတွေက ဘုံသောက်တဲ့ရေအိုးစင်လို ဝိုင်းပြီး ဆွမ်းကြီးလောင်းပွဲတွေ့နေကြတာကို ပြသနေပါတယ်။

လက်တွေ့မှာလည်း အာဖဂန်နစ္စတန်က လူ့မလိုင်မိသားစုတွေဟာ အရှေ့အလယ်ပိုင်းက ဒူဘိုင်းလိုနေရာမျိုးမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စံအိမ်တွေ ဝယ်ယူပိုင်ဆိုင်ထားကြတာတွေ ဖော်ထုတ်ထားတာရှိပါတယ်။ အမေရိကန် စစ်ဘက် စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အရပ်ဘက် ကုမ္ပဏီနဲ့ ပုဂ္ဂလိက လုံခြုံရေး ကြေးစားစစ်သားတွေပါမကျန် အာဖဂန်ကို အမှီပြုပြီး ကြီးပွားနေကြတာကိုတော့ ထည့်ပြောစရာမလိုတော့ပါဘူး။ ကုန်ကုန်ပြောရရင် တာလီဘန်တွေတောင်မှ တစ်ဘက်လှည့်နဲ့ ဒီအထဲမှာ ဝေစုပါပါသေးတယ်။ ဥပမာ၊ လမ်းတစ်ခုဖောက်ချင်ရင် ကန်ထရိုက်က လုံခြုံရေးဝန်ဆောင်မှု ငှားရတယ်ဆိုတာ နယ်မြေခံအပိုင်စားတာလီဘန်တွေကို ဆက်ကြေးပေးရတာပါ။ အမေရိကန်စစ်တပ်အတွက် ရိက္ခာကို ပါကစ္စတန်ကနေ အရပ်ကားတွေနဲ့ ငှားပြီးပို့တဲ့အခါ လမ်းကြောင်းလုံခြုံရေး 
ကုန်ကျစရိတ်ဆိုတာလည်း 
တာလီဘန် ဂိတ်ကြေးပါပဲ။ 

ပြောချင်တာက အာဖဂန်မှာ အကျင့်ပျက်ခြစားမှု ဆိုတာ " ခုမှ မမည်း၊ ရှေးကမည်းသည့် မည်းမည်းတူတူ မမည်းတူကို မောင်ဖြူ ကွာသင့် မကွာသင့်" ဆိုတဲ့ ခုံတော်မောင်ကျဘမ်း လျှောက်ထုံးလိုပါပဲ။ သိသိကြီးနဲ့ လွှတ်ပေးထားတာဖြစ်ပါတယ်။ လွှတ်ပေးတာကြာတော့ အာဖဂန်အစိုးရ ယန္တရားကြီး တစ်ခုလုံးက ခြစားလို့ ယဲ့ယဲ့ပဲကျန်တဲ့ ထင်းရူးသေတ္တာပုံးကြီးလိုဖြစ်နေ၊ အမေရိကန်က စစ်အင်အား၊ငွေအင်အား၊ ဩဇာတိက္ကမအားနဲ့ ထောက်ကန်ပေးထားလို့သာ ဟန်မပျက်ဖြစ်နေရတဲ့ အခြေအနေပါ။ ဒီကျောထောက်နောက်ခံကို သမ္မတ ဘိုင်ဒင်က ရုတ်တရက် ဆွဲဖြုတ်လိုက်တော့ ဝုန်းကနဲပြိုကျသွားတော့တာပါပဲ။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ 
ဒီလိုဖြစ်ရတာကို ဒေါ်နယ်ထရမ့်ရဲ့ အရင်အစိုးရအပေါ် အပြစ်ပုံချပါတယ်။ ထရမ့်က တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး ကိုယ်လွတ်ရုန်းခဲ့လို့ အခုလို ထိန်းမနိုင်သိမ်းမရ ဖြစ်ရတာလို့ဆိုပါတယ်။ တကယ်တော့ သမ္မတဘိုင်ဒင်ကိုယ်တိုင်က ဒုသမ္မတဘဝကတည်းက အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်ဖို့ အဲဒီတုန်းက သမ္မတ အိုဘားမားကို အတင်းတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အိုဘားမားက ဒရောသောပါးနဲ့ ချက်ချင်းပြန်ဆုတ်လို့မဖြစ်ဘူးဆိုတာ သိလို့ ဘိုင်ဒင်ကို ဆန့်ကျင်ပြီး အာဖဂန်မှာ တပ်အင်အားကို ယာယီထပ်ဖြည့်တိုးမြှင့် surge လုပ်ဆောင်ခဲ့တာပါ။ မဟုတ်ရင် အိုဘားမားတက်ခါစကတည်းက ပွဲပြတ်သွားးမှာပါ။ 

သမ္မတဘိုင်ဒင်ကတော့ သူ့ရဲ့ ဆုတ်မိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ရာမှာ အာဖဂန်ကို အမေရိကန်က တစ်သက်လုံး ကာကွယ်ပြီး အဆုံးမဲ့စစ်ပွဲကို တိုက်မနေနိုင်ဘူး။ နောက် ၅နှစ် ၁၀နှစ် ဆက်နေမယ်ဆိုရင်တောင် ဘယ်အမေရိကန်တွေကမှ သဘောတူမှာ မဟုတ်ဘူးဆိုတဲ့သဘောမျိုး ပြောခဲ့တာတွေ့ပါတယ်။ 

သူပြောတာလည်း မမှားပါဘူး။ ဒါပေမဲ့ ဘယ်တုန်းကမှ နိုင်ငံခြားကျူးကျော်မှုကို လက်မခံဘဲ တွန်းလှန်ခဲ့တဲ့ အာဖဂန်နစ္စတန်လိုနိုင်ငံကို အချိန်တိုအတွင်း ဒီမိုကရေစီဇာတ်သွင်းပြီး ရာသက်ပန် ဩဇာခံဖြစ်အောင် အတင်းအကြပ် ငွေအား လူအားသုံး လုပ်ဆောင်လို့ရမယ်ထင်နေတာ က အမေရိကန်တွေရဲ့ အားနည်းချက်ဖြစ်နေတာပါ။ 

အမေရိကန် နေတိုးစစ်ဦးစီးချုပ်ဟောင်း ဝက်စလီကလပ်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမေရိကန်အစိုးရအဆက်ဆက်ဟာ အခြေအနေကို သေချာမသိဘဲ ဆုံးဖြတ်ချက်အမှားတွေ တသီကြီးချခဲ့ကြတာကြောင့်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။ တကယ်ကတော့ ဒုတိကမ္ဘာစစ်အပြီးကစပြီးတော့ အမေရိကန်အစိုးရအဆက်ဆက်ရဲ့ နိုင်ငံခြားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ ထိပ်ဆုံးက အကျိုးစီးပွားအုပ်စု deep state ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေခဲ့တာကြောင့် ဗီယက်နမ်၊ အီရတ်၊ ဆီးရီးယား၊လစ်ဗျား၊ယီမင်နဲ့ အခု အာဖဂန်ကိစ္စတွေအထိ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ သုံးသပ်ရင် မှားမယ်မထင်ပါဘူး။

ဦးကိုကိုလှိုင်

Credit