ရဟန်းသံဃာတော်တွေတင်ရင် ကိုယ့်ဘက်ကိုရပ်တယ်ဆိုပြီ ပြောမှာစိုးလို့တင်လိုက်ပါတယ်🙏🙏🙏
#အထင်မစောပါနဲ့
“ကြည့်စမ်းပါအုံး။ ဘုန်းကြီးတဲ့ကွာ။
ဆွမ်းစားနေတယ်။ အချိန်လဲကြည့်အုံး။
ဒါ သာသနာကို ဖျက်နေတာပဲနော့” တဲ့။
ကျုပ် ရုံးက အပြန်။
ဗိုက်ဆာဆာနဲ့ ဆိုင်ထဲ အဝင်။
ကြားရတဲ့စကား။
ဆိုင်ထဲဝေ့အကြည့်။
ဆွမ်းဘုန်းနေတဲ့ ဘုန်းကြီးတစ်ပါး။
အချိန်ကြည့်တော့။
ဟုတ်သား။
နေ့လည်(၁၂:၀၀)နာရီကျော်နေပြီ။
စားပွဲထိုးလေး ခေါ်။
ချိုစိမ့်လေး တစ်ခွက်လှမ်း အမှာ။
အေးစိမ့်တဲ့ မိုးလေတစ်ချက်အဝှေ့။
ဘာမဆိုင်။ ညာမဆိုင်။
ကျုပ်ရဲ့ အတွေးထဲ
အမျိုးသမီးတစ်ယောက်ရဲ့အကြောင်း
ဝင်လာတယ်။
သူက ရာဇဂြိုလ်ပြည်က
ကျောင်းအမကြီး “ဝိသာခါ”။
ဒီအမျိုးသမီးကို ကျုပ်သဘောကျတာ
၃ချက် ရှိတယ်။
ကလေးအတော် မွေးနိုင်လွန်းတဲ့
အမျိုးသမီးဖြစ်လို့။
သားသမီးအယောက်(၂၀)ရှိတယ်ဗျာ။
တစ်သားမွေးတစ်သွေးလှလို့ထင်ပါရဲ့။
ဒီအမျိုးသမီးက သူတစ်ပါးပြောတိုင်း
မယုံတတ်ဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့သာ
ဆုံးဖြတ်တတ်တယ်။
ဒါနရဲ့ ရပိုင်ခွင့်တိုင်းကို
သာသနာအတွက်သာရည်စူးတတ်တယ်။
ဝါဆိုသင်္ကန်း ကပ်လှူတဲ့ ဓလေ့ဟာ
ဒီအမျိုးသမီး “ဝိသာခါ” က စခဲ့တာပဲ။
ဇေတဝန်ကျောင်းမှာ
မြတ်စွာဘုရား သီတင်းသုံးချိန်။
ဝိသာခါ က ဆွမ်းစားပင့်။
အဲ့ညမှာပဲ ထစ်ချုန်းမိုးရွာ။
သင်္ကန်းအပို သုံးခွင့်မရှိတဲ့ ရဟန်းတွေ
အဝတ်ဗလာနဲ့ မိုးရေချိုးချိန်။
ဆွမ်းစားပင့်ဖို့ ဝိသာခါ လွှတ်လိုက်တဲ့
အိမ်ဖော်မလေးက တွေ့။
အိမ်ကိုလှည့်ပြန်။
“ရဟန်းတွေမရှိ၊ တက္ကတွန်းတွေသာရှိ
တယ်” လို့ ပြောသတဲ့ဗျာ။
“ဝိသာခါ” ဆိုတဲ့ အမျိုးသမီးဟာ
ဉာဏ်ပညာရှိသူ။ လိမ္မာယဉ်ကျေးသူ။
အတွေးအခေါ် လျင်မြန်ထက် မြက်သူ။
ရဟန်းတွေ ရေချိုးနေမည်ဖြစ်ကြောင်း
သိတယ်။
ဒါကြောင့်
အိမ်ဖော်မလေး ကို ပြန်လွှတ်တယ်။
ဒီအချိန် ရဟန်းတွေဟာ ဝတ်ရုံဝတ်။
ကျောင်းတွင်းမှာ ငြိမ်ငြိမ်သက်သက်
သီတင်းသုံးနေပြီ။
တိတ်ဆိတ်နေတော့ အိမ်ဖော်မလေးက
“တစ်ကျောင်းလုံး ရဟန်းတစ်ပါးမျှမရှိ”
ဆိုပြီး အိမ်ပြန် ပြန်တယ်။
ဝိသာခါ က ချက်ချင်းပြန်လွှတ်ပြီး
ပင့်ခိုင်းတာပဲ။
ဒီတော့မှ မြတ်စွာဘုရား နဲ့ ရဟန်းတို့
ဆွမ်းစားကြွတယ်။
ထူးခြားတာက လမ်းမှာ
ရေကြီးရေလျှံဖြစ်နေသော်လဲ
ဘုရားရှင်အပါဝင် ဘယ်ရဟန်းကမှ
ရေစိုခြင်း မရှိဘူး။
ဝိသာခါတို့ အံ့ဩစိတ်နဲ့
ကြည်ညိုသဒ္ဓါစိတ် ပွားရပြီပေါ့။
ဒါအပြင် ဝိသာခါ ဟာ
ဘုရားရှင်ကို ဆွမ်းကပ်လှူ။
ပြီးတာနဲ့ ဆု (၈)ခုကို တောင်းခံတယ်။
သူ့အတွက်။ ဆွေမျိုးအတွက်။
မဟုတ်ဘူး။ ကြည့်အုံး။
ရဟန်းတွေရေလဲခံ မရှိတဲ့အတွက်
အမြင်ကြောင့် သာသနာကို
အကြည်ညိုပျက် မှာစိုးလို့
(၁)ရဟန်းတွေကို သက်ဆုံးထိ
ဝါဆိုသင်္ကန်း(မိုးရေခံသင်္ကန်း)သုံးစွဲခွင့်။
ခရီးနှောင့်နှေးမှု အခက်ခဲရှိနိုင်တဲ့အတွက်
(၂)ဧည့်သည်ရဟန်းများကို အချိန်မရွေး
ဆွမ်းစားခွင့်။
ဆွမ်းရှာချိန်ကြောင့် ခရီးမတွင်။
ခရီးသွားဖော်ကို ငဲ့၍
(၃)ခရီးသွားရဟန်းများကို အချိန်မရွေး
ဆွမ်းစားခွင့်။
(၄)သူနာရဟန်းများကို အချိန်မရွေး
ဆွမ်းစားခွင့်။
(၅)သူနာရဟန်းများကို အချိန်မရွေး
ဆေးလှူခွင့်။
ဆွမ်းထွက်ရှာရပါက လူနာပြုစုရန်
လစ်ဟင်းမည်စိုး၍
(၆)သူနာပြုစုရဟန်းများကို အချိန်မရွေး
ဆွမ်းစားခွင့်။
ယာဂုအကျိုး(၅)မျိုးသည်
ခန္ဓာအတွက် အသုံးဝင်၍
(၇)ရဟန်းများကို အချိန်မရွေး
ယာဂု သုံးဆောင်မှီဝဲခွင့်။
(၈)ဘိက္ခူနီ အမျိုးသမီး ရဟန်းများကို
သက်ဆုံးထိ ဝါဆိုသင်္ကန်း
(မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။
ဝိသာခါရဲ့ ကျိုးကြောင်းဆီလျော်တဲ့
တောင်းဆုမို့ ဘုရားရှင်ကလဲ
ဒီ ၈ ချက်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။
ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့
အမျိုးသမီးလဲ။
ဒါကို အတွင်းကျကျမသိ။
ကြားဖူးနားဝလဲ မရှိ။
ဘုမသိ ဘမသိ တစ်ချို့လူတွေက
ကဲ့ရဲ့နေကြတယ်ဗျာ။
အင်းပေါ့လေ။
လောကမှာ မရှိတာထက်
မသိတဲ့ လူတွေက အများသား။
ထင်နေ၊ မြင်နေ တာကိုပဲ
အမှန်ထင်သူတွေနဲ့ ကျုပ်။
ဇွတ်အတင်းမငြင်းလို။
အမြင်မတူမှုနဲ့ ရန်သူလဲ မပွားလို။
ကျုပ် အဖို့။
ပြန်ချိန်လဲ ရောက်နေပြီ။
စားပွဲထိုးကို ခေါ်။
ကျသင့်ငွေ ရှင်း။
ဆိုင်က ထွက်လာလိုက်တော့တယ်။
လမ်းရောက် မှ
ကျုပ် ပီတိလေးနဲ့ ပြုံးမိတယ်။
ခုချိန်ဆို ဘုန်းကြီးလဲ
ဆွမ်းစားပြီးလောက်ပြီမို့
ကျသင့်ငွေ ရှင်းသွားတဲ့အလှူရှင်ကို
လိုက်ရှာနေလောက်ပြီ ဆိုတဲ့
အတွေးနဲ့ပေါ့ဗျာ.....
#ဦးရဲ