Thursday, August 19, 2021

(2) နေမင်းရောင်၊ လေးမာရ်အောင်စစ်ဆင်ရေးနှင့် တွတ်ပီ { ၁၉၇၈/၇၉ } အပိုင်း(၂)


            ထိုကရင်ရွာလေးမှာ တွတ်ပီတို့တစ်ရင်းလုံးနောက်တစ်နေ့အထိဆက်လက်အခြေပြုညအိပ်ရပ်နားခဲ့ရပါသည်၊ နယ်ခံတပ်ဖြစ်သော ခလရ { ၂၈ }မှ တွတ်ပီတို့တပ်အတွက် လိုအပ်သောစစ်ဆင်ရေးဝန်ထမ်းများ အပြည့်အစုံမရရှိသေးသဖြင့် စောင့်ဆိုင်းနေရခြင်းဖြစ်ပါသည်၊ ထိုစဉ်ကာလက တပ်ရင်းတစ်ရင်း စစ်ဆင်ရေးထွက်ပါက စစ်ဆင်ရေးအထမ်းသမား { ပေါ်တာ }(၁၅၀) ခန့်လိုအပ်ပြီး တပ်ရင်းများ၏ စစ်ထွက်အင်အားမှာလည်း { ၅၀၀ } ကျော်ပါရှိရပါသည်...  

            နောက်တစ်နေ့ညနေပိုင်းတွင် နယ်မြေခံတပ်မှလိုအပ်သောစစ်ဆင်ရေးဝန်ထမ်းများ လာရောက်လွှဲပြောင်းပေးအပ်ခဲ့သဖြင့် တွတ်ပီတို့လည်း ဆက်လက်ချီတက်ဖို့ အသင့်ပြင်ဆင်စောင့်ဆိုင်းနေကြရပါပြီ...

            ဤနေရာ၌ ထိုကာလက ရှေ့တန်းစစ်ဆင်ရေးနယ်မြေများတွင် စစ်ဆင်ရေးအထမ်းသမား { ပေါ်တာ } စုဆောင်းရပုံကို ဗဟုသုတဖြစ်စေခြင်းငှာ ရေးသားဖော်ပြလိုပါသေးသည်၊ နယ်မြေတစ်ခုသို့ စစ်ဆင်ရေးဝင်ရောက်ရန်ရှိပါက ထိုနယ်မြေရှိနယ်မြေခံတပ်များသို့ တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် လိုအပ်သောအထမ်းသမားများ ကြိုတင်စုဆောင်းထားရန် တစ်ပတ် { ၇ ရက်ခန့် } ကြိုတင်၍ အမိန့်ထုတ်ပြန်စုဆောင်းစေပါသည်..

            နယ်မြေခံတပ်များကလည်း မိမိနယ်မြေရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ၊ အိမ်ထောင်စုအလိုက် ထပ်မံခွဲတမ်းချကာ လာရောက်အပ်နှံစေခြင်းဖြစ်ပါသည်၊ ရပ်ကွက်နှင့် ကျေးရွာ လူဦးရေ၊ အိမ်ထောင်စု အနည်းအများအလိုက် လူဦးရေသတ်မှတ် ခွဲတမ်းချသည့်စနစ်ဖြစ်ပါသည်၊ ဒေသခံ  ပါတီ,ကောင်စီများ၏ကြီးကြပ်မှုဖြင့် သတ်မှတ်ခွဲတမ်းပြည့်မီစွာ စုဆောင်းပေးကြရပါသည်...

            ကျေးရွာနေ ပြည်သူအများစုမှာ မိမိခွဲတမ်းအလှည့်ကျပါက ကိုယ်တိုင်လိုက်ပါလေ့ရှိကြပြီး၊ အချို့ငွေကြေးတတ်နိုင်သူများက အငှားထည့်လေ့ရှိကြပါသည်၊ မြို့ပေါ်နေအများစုမှာမူ ကိုယ်တိုင်လိုက်ပါမှုနည်းပါးပြီး အငှားခေါ်ယူထည့်သည်က များပါသည်...

            အထမ်းသမားတာဝန်ကျကာလကို အများအားဖြင့် ရက် { ၃၀ } ဖြင့်သတ်မှတ်ထားပြီး ထိုကာလအတွက် လူစားငှားရမ်းခမှာ { ၁၀၀၀ိ }ခန့် ကျသင့်ပါသည်၊ တွတ်ပီတို့ ရဲဘော်လစာ တစ်လ  { ၁၁၅ိ }သာ ရရှိနေသည့်အချိန် မလိုက်နိုင်သူများ လူစားထိုးငှားရမ်းခမှာ ဈေးကြီးသည်ဟု ဆိုနိုင်သော်လည်း၊ ပင်ပန်းဆင်းရဲလှသည့်အပြင် အသက်အန္တရာယ်လည်းများလှသဖြင့် လူငှားရဖို့အရေးကလည်း မလွယ်ကူလှပါ...

            အကယ်၍ အစားထိုးငှားရမ်းလိုက်ပါလာသောအထမ်းသမားသည် သူ့တာဝန်ကျကာလ တစ်လပြည့်သော်လည်း သူ့အစား အခြားသူအစားထိုးလဲလှယ်နိုင်ခြင်းမရှိပါက စစ်ကြောင်းနှင့်ပင် လိုက်ပါတာဝန်ထမ်းဆောင်ကြရပြီး ထိုတပ် စစ်ဆင်ရေးတာဝန်ပြီးဆုံး၍ဖြစ်စေ၊ အခြားနယ်မြေသို့ ပြောင်းရွှေ့ရသည့်အခါဖြစ်စေ၊ ထိုသူ တာဝန်ထမ်းဆောင်ခဲ့သော နေ့ ရက် ကာလအတိအကျကို စစ်ကြောင်းမှ ထောက်ခံချက်စာရေးပေး၍ ပြန်လည်စေလွှတ်ပေးရပါသည်၊ သူ့ကိုငှားရမ်းသည့်ကာလမှာ ရက် ၃၀ သာဖြစ်သော်လည်း သူတာဝန်ထမ်းဆောင်ခဲ့သည့်ကာလအလျှောက် ငှားရမ်းသည့် ကျေးရွာ,ရပ်ကွက်များမှ ထိုသူအား နေ့တွက်ကြေးထပ်မံပေးချေနိုင်စေရန်အတွက်ဖြစ်ပါသည်..

            သက်ဆိုင်ရာစစ်ကြောင်းမှ တာဝန်ကျေသဖြင့် ပြန်လည်စေလွှတ်ကြောင်း ထောက်ခံစာမပြနိုင်ပါက ထိုသူသည် ထွက်ပြေးလာသူဟုသတ်မှတ်ကာ နောက်ထပ် ငွေကြေးတစုံတရာထပ်မံရရှိနိုင်တော့မည်မဟုတ်ပါချေ၊ ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်း  ထိုသို့ ပြန်လည်ထွက်ပြေးသူနည်းပါးကာ အများအားဖြင့် တာဝန်ကျေအောင် အထမ်းလိုက်သူများသာ များပါသည်..

            ရှေ့တန်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ပါလျှင် သက်ဆိုင်ရာတပ်များသာမက ဒေသခံပြည်သူများပါ ငွေကုန်ကြေးကျနှင့် အသက်အန္တရာယ်များကြုံတွေ့ကာ ဒုက္ခတွေခံစားကြရကြောင်း မြို့ကြီးပြကြီးနေလူတန်းစားများ၊ ပန်ကာအောက်မှနေ၍  "စစ်ပွဲတွေရပ် " ဟု အော်နေကြသူများသိစေရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်၊ စစ်ပွဲတွေကို တကယ်ရပ်တန့်စေချင်သူများထဲမှာ နိုင်ငံတော်အတွက် အသက်ပေးကာ သားတကွဲ မယားတကွဲ စစ်ဆင်ရေးဆောင်ရွက်နေကြရသော တပ်မတော်သားများနှင့် ဒုက္ခမျိုးစုံတွေ့ကြုံ ခံစားနေကြရသော နယ်ခံလူထုများ ထိပ်ဆုံးကပါ ဟု အသ်ိပေးပြောကြားလိုပါသည်...

            လိုအပ်သည့်အထမ်းသမားပြည့်စုံစွာရရှိပြီးနောက် တွတ်ပီတို့စစ်ကြောင်းကြီး ရည်မှန်းချက် နယ်မြေအသီးသီးသို့ ဦးတည်ချီတက်ခဲ့ကြရပါသည်၊ တွတ်ပီပါဝင်သောတပ်ခွဲမှာ စစ်ကြောင်း(၂)တွင်ပါဝင်ပြီး၊ တပ်ခွဲမှူးမှာ ယခင်အပါတ်စစ်ဆင်ရေးများက အတူလက်တွဲခဲ့သော ဗိုလ်ကြီးစိုးမြင့် ပင်ဖြစ်ပါသည်၊ တွတ်ပီမှာ ပထမလက်တွဲခဲ့သော တပ်စိတ်မှူး ဆရာလျှံဖုန်းလက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရသဖြင့်  ဝမ်းမြောက်ဘွယ်ဖြစ်ပါသည်...

            ထိုနေ့က တွတ်ပီတို့တတွေ ခြေလျင်ခရီးစတင်ချီတက်ခဲ့ကြရာ လှိုင်းဘွဲ့မြို့၏ အရှေ့ယွန်းယွန်းရှိ ပိုင်ကျုံရွာသို့ ညနေပ်ိုင်းတွင် ရောက်ရှိအခြေပြုနိုင်ခဲ့ကြပါသည်၊ ပိုင်ကျုံတွင် နယ်မြေခံတပ်ဖြစ်သော ခလရ { ၂၈ }မှ အရာရှိဦးစီး ခွဲရုံး { ၂ }စု စခန်းထိုင်ထားပြီး ၊ ထိုစခန်းကို လွန်ခဲ့သည့်နှစ်က ကေအင်န်ယူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှာ ရန်သူ့လက်ကျဆုံးခြင်းမရှိခဲ့သော်လည်း စခန်းခြံစည်းရိုးများ မီးလောင်ခံရကာ ရွာသားအများစုမှာလည်း  မနေရဲတော့ပဲ မြို့ပေါ်သို့ပြောင်းရွှေ့သွားကြသဖြင့် ရွာမှာ အိမ်ခြေအနည်းငယ်သာကျန်ရှိတော့ကာ ခြောက်ကပ်ကပ်နှင့်ကျန်ရစ်ခဲ့ပါသည်၊ ပိုင်ကျုံ မှအစပြု၍ ရန်သူများလှုပ်ရှားရာ အညိုရောင်နယ်မြေအတွင်းရောက်ရှိလာပြီဖြစ်သဖြင့် တွတ်ပီတို့လည်းမပေါ့ မဆ  သတိ ဝိရိယဖြင့်ပေါ့..

            ထိုစဉ်က ကေအင်န်ယူတို့၏အခြေအနေမှာ များစွာအင်အားကြီးထွားလာခြင်းမရှိသေးပဲ နယ်စပ်ဒေသများတွင် အခြေခံစခန်းများ အခိုင်အမာဆောက်လုပ်ထားပြီး ယိုးဒယားမှ မှောင်ခိုပစ္စည်းများသယ်ဆောင်ရောင်းဝယ်ဖောက်ကားခြင်း၊ ဝင်,ထွက်ပေါက်များတွင် အကောက်ဂ်ိတ်များဖွင့်လှစ်ကာ ဝင်ငွေရှာဖွေခြင်း၊ မိမိတို့နိုင်ငံမှ သစ်၊ ကျွဲနွား၊သယံဇာတတို့ကို တဘက်နိုင်ငံသို့ခိုးထုတ်ကာ ရောင်းထုတ်စီးပွားရှာခြင်းနှင့် နယ်မြေလူထုထံမှဆက်ကြေးကောက်ပြီး ရပ်တည်နေသည့် အနေအထားဖြစ်ပါသည်၊

            ကေအင်န်ယူတွင် စောဘိုမြက ဦးစီးချုပ်အဖြစ်တာဝန်ယူဆောင်ရွက်နေပြီး မိမိတို့စစ်ဆင်ရေးဂွင်အတွင်းတွင် ကျော်တုတု၊ ဂျော်နီတို့ဦးဆောင်သောစစ်ကြောင်းများ ရံဖန်ရံခါ ဝင်ရောက်လှုပ်ရှားလေ့ရှိကြောင်း ချပြသတင်းများအရ သိရှိရပါသည်၊ ဂျော်နီတို့ဦးဆောင်သောစစ်ကြောင်းများတွင် အင်အား {၂၀၀}ကျော်ပါဝင်လေ့ရှိပြီး မိမိတပ်စခန်းငယ်များ၊ ရဲစခန်းများနှင့် ပြည်သူ့စစ်စခန်းများကို အပိုင်တိုက်ကွက်ဖော်လေ့ရှိတတ်ကြောင်း၊ တပ်မတော်မှတပ်ခွဲအဆင့်နှင့် အထက်စစ်ကြောင်းများကို အပိုင်တိုက်ခိုက်သည်မှလွဲ၍ ကြိုတင်သတင်းရယူ ရှောင်ပုန်းလေ့ရှိပြီး၊ ကြီးမားပြင်းထန်သောတိုက်စစ်ဆင်မှုမျိုးကြုံတွေ့ရလေ့မရှိသောအချိန်ကာလဖြစ်ပါသည်...

            တပ်မတော်အနေဖြင့်လည်းအဓိကဦးတည်ရန်သူအဖြစ် ဗကပကိုသာသတ်မှတ်ထားပြီး တိုက်ခိုက်ရေးတပ်မများကို ဗကပတို့ကြီးစိုးရာနယ်မြေဖြစ်သော ရှမ်းပြည်နယ်တောင်, မြောက်တို့တွင်သာ တပ်ဖြန့်လျှက်ရှိနေသဖြင့်  ကရင်ပြည်နယ်အတွင်း ခြေလျင်တပ်မတပ်များ ဝင်ရောက်လှုပ်ရှားလေ့ မရှိကြပါ၊

           ထိုစဉ်က  ကရင်ပြည်နယ်တစ်ခုလုံးအား ရတခ { အရှေ့တောင်တိုင်းစစ်ဌာနချုပ် } လက်အောက်ခံတိုင်းတပ်များဖြင့်သာ အများအားဖြင့်ထိန်းချုပ်ထားပြီး နတခ { အနောက်တောင်တိုင်းစစ်ဌာနချုပ်}လက်အောက်ခံတ်ိုင်းတပ်များလည်း အလှည့်ကျဝင်ရောက်လှုပ်ရှားကြရပါသည်...

            တွတ်ပီတို့ တပ်မ { ၆၆ }မှာ ကကကြည်း {ကာကွယ်ရေး  ဦးစီးချုပ်ရုံး(ကြည်း)}၏ အရန်တပ်မအဖြစ် တာဝန်ထမ်းဆောင်နေကြရသဖြင့် စစ်ဆင်ရေးနယ်မြေစုံရောက်ဖူးစေရန် ကရင်ပြည်နယ်အတွင်း ဝင်ရောက်လှုပ်ရှားစေခဲ့ခြင်းဖြစ်ပါသည်...

              တွတ်ပီတို့ ခလရ { ၇၆ }သည် ပြီးခဲ့သည့် ၁၉၇၇ခုနှစ်ကလည်း ကရင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်စစ်ဆင်ရေးဝင်ရောက်ခဲ့ဖူးပြီး ထိုစဉ်ကဖြစ်ပွားခဲ့သော "ရေတွင်းကုန်း "တိုက်ပွဲတွင် ရန်သူကေအင်န်ယူတို့ကိုအထိနာစေခဲ့ကာ အလောင်း လက်နက်များရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ကြောင်း ကြားသိရပါသည်၊ ယခင်နှစ်က တွတ်ပီ  ထိုတပ်သို့မရောက်သေးသဖြင့် ယခင်လူဟောင်းများပြောပြချက်  အရသိရှိရခြင်းသာ...

            ထိုညက ပိုင်ကျုံရွာမှာ လိုအပ်သော ကင်းတို,ကင်းရှည်တွေထုတ်ကာ စနစ်တကျညအိပ်အခြေပြုခဲ့သော်လည်း မည်သည့်ထူးခြားဖြစ်စဉ်မှဖြစ်ပွားခဲ့ခြင်းမရှိပါ၊ တပ်စိတ်မှူး ပြောပြချက်အရ  နောက်တစ်နေ့တွင် " မိုးနိုင်း "ဘက်သို့ ဆက်လက်ချီတက်ကြရမည်ဖြစ်ကြောင်းသိရှိခဲ့ရပါသည်၊ ဒေါနတောင်ခြေဘက်တိုးကပ်ရင်း ရန်သူနှင့် တဖြည်းဖြည်းတော့နီးကပ်လာပါချေပြီ...။

။။။။။။။။။။။။။။။။။။။။။။။။။။

            ပိုင်ကျုံစခန်းမှသည် မိုးနိုင်းရွာသို့ ချီတက်သည့် လမ်းကြောင်းတလျှောက်မှာ မြေပြန့်လွင်ပြင်များသာ ပေါများလှပြီး တောင်ဆင်း တောင်တက်ခရီး နည်းပါးလှပါသည်... 

            အရှေ့မြောက်ဘက်ဆီလောက်တွင် မြောက်မှတောင်သို့သွယ်တန်းနေသော မှိုင်းညို့ညို့တောင်တန်းရှည်ကြီးက်ို လှမ်းမြင်နေရသဖြင့် ဆရာလျှံဖုန်းကိုမေးမြန်းကြည့်ရာ ထိုတောင်တန်းကြီးမှာ ကရင်ပြည်နယ်၏နာမည်ကျော်" ဒေါနတောင်တန်းကြီး" ပင်ဖြစ်ကြောင်း၊ ထိုဒေါနတောင်တန်း၏အရှေ့ဘက်ခြမ်းတွင် မြန်မာ-ယိုးဒယားနယ်နိမ်ိတ်ဖြစ်သော" သောင်ရင်းမြစ်"သည် တောင်မှ မြောက်သို့ စီးဆင်းလျှက်ရှိကြောင်း  ၊ ထိုသောင်ရင်းမြစ်ကိုအမှီပြု၍ ကေအင်န်ယူသောင်းကျန်းသူများက အခိုင်အမာခံစစ်စခန်းများတည်ဆောက်ကာ အတွင်းပိုင်းသို့ ဝင်ရောက်လှုပ်ရှားလျှက်ရှိကြောင်းသိရှိရပါသည်၊ ရှေ့တွင်ဝိုးတဝါး  လှမ်းမြင်နေရသော ဒေါနတောင်တန်းကြီးမှအပ ကရင်ပြည်နယ်သည် အလွန်မြင့်မားသော တောင်စဉ်တောင်တန်းများနည်းပါးကြောင်း တွေ့မြင်မှတ်သားမိရပါသည်..

            တွတ်ပီတို့ ယခင်စစ်ဆင်ရေးဝင်ရောက်ခဲ့ရသော ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တောင်များမှာအလွန်ပင်မြင့်မားကြကာ ရေလည်းအလွန်ရှားသဖြင့် ယခုနယ်မြေကတော့ ရေချောင်းတွေပေါများကာ တောင်တွေလည်း သိပ်မမြင့်သဖြင့် ရေငတ်ခြင်းနှင့် ပင်ပန်းဆင်းရဲခြင်းတို့မှတော့ အတော်ပင်လွတ်ကင်းသက်သာပေမည်ဟု တွက်ဆမိပါသည်...

            မိုးနိုင်းသို့ချီတက်ရာတွင်  တွတ်ပီတို့မှာ ရှေ့ပြေးမဟုတ်သဖြင့် သက်သက်သာသာ ပုံမှန်သာ ချီတက်ခဲ့ရသဖြင့်မပင်ပန်းလှပါ၊ လမ်းတလျှောက် အင်းအိုင်၊ ချောင်းမြောင်းများပေါများကာ လယ်ကွင်းများ၊ လျှို ပြတ်များကိုလည်း မကြာခဏဖြတ်ကျော်ရပါသည်...

            ချီတက်နေစဉ် တပ်စိတ်မှူးဖြစ်သူ ဆရာလျှံဖုန်းက " ဤဒေသတွင် တောင်ကုန်းတောင်တန်းများမမြင့်မားသော်လည်း၊ မြေပြန့်များ၊လျှို မြောင်များနှင့် တောင်ပူစာငယ်များ အလွန်ပေါများလှသဖြင့် ရန်သူမှခြုံခိုတိုက်ခိုက်ရန်နှင့် ချောင်းမြောင်းပစ်ခတ်ရန် လွယ်ကူလှကြောင်း၊ ရှမ်းပြည်နှင့် ကချင်ပြည်နယ်တို့တွင် တောင်ကုန်းမြင့်များကြောင့် ရန်သူ ခြုံခိုတိုက်ခိုက်နိုင်သည့်နေရာမျိုးကို အလွယ်တကူတွက်ဆနိုင်သော်လည်း ယခု ကရင်ပြည်နယ်တွင်မူ ကြိုတင်မှန်းဆမရနိုင်လောက်အောင် မြေမျက်နှာပြင်မျိုးဖြစ်နေ၍ လှုပ်ရှားချီတက်ရာတွင် အထူးဂရုပြုရန်လိုအပ်ကြောင်း၊ လယ်ကွင်းနှင့် မြေပြန့်များကို  တစ်ယောက်တန်းရင်ဘောင်တန်းဖြန့်၍လည်းကောင်း၊ လျှို မြောင် တောင်စွယ်များကို ဘေးနံမှတပ်ထုတ်ရှင်းလင်း၍လည်းကောင်း၊  ဖြတ်သန်းရန်ကွင်းပြန့် အလွန်ကျယ်ပါက နောက်မှပစ်ကူပေးလက်နက်များထောက်၍လည်းကောင်း၊ အဖွဲ့လိုက်နေရာယူဖြတ်သန်းသည့် စစ်နည်းဗျူဟာများကျင့်သုံးနိုင်မှသာ ရန်သူ့ ခြုံခိုတိုက်ခိုက်မှုလျော့နည်းသက်သာနိုင်ပြီး မိမိတို့ အလစ်အငိုက်မခံရမှာဖြစ်ကြောင်း.." တို့ကို တစ်လမ်းလုံး  စိတ်ရှည်လက်ရှည် သင်ကြားပြသလာခဲ့သဖြင့် တွတ်ပီလည်း များစွာဗဟုသုတရရှိခဲ့ပါသည်၊ 

            ဆရာလျှံဖုန်း၏ အကျင့်မှာ အန္တရာယ်ရှိသောနေရာများကို ဖြတ်သန်းချီတက်ရန်အနေအထားကြုံလာပါက တွတ်ပီတို့ကိုခေါ်၍ လက်ညှုိးညွှန်ပြသကာ "  ကဲ..အခု မြေပြင်ကို မင်းသာတပ်စိတ်မှူးဆိုရင် ဘယ်လိုနည်းနဲ့ အထိအခိုက်နည်းအောင်ဖြတ်မလဲ.."ဟု မေးမြန်း၍ တစ်ဦးချင်း  စီမံဆုံးဖြတ်မှုကို တောင်းခံတတ်ခြင်းဖြစ်ပါသည်၊ တွတ်ပီတို့ကလည်း မြေပြင်အနေအထားကိုကြည့်၍ " ရင်ဘောင်တန်း ဖြန့်တက်မည်၊ အဖွဲ့လိုက် ခြေကုတ်ယူပြီးမှ ဘောင်း ဘိုင် ဘောင်း(Bound by bound) ရွေ့လျားချီတက်မည်၊ သို့တည်းမဟုတ် ဘေးဘယ်ညာမှ ကွေ့ဝိုက်ပမ်းတက်မည်.."စသည်ဖြင့် ပြန်လည်ဖြေကြားသည့်အခါ သူက နည်းလမ်းတစ်မျိုးစီ၏ အားသာချက်,အားနည်းချက်များကို ထောက်ပြဆွေးနွေး၍ မည်သည့်နည်းလမ်းသည်  အလစ်အငိုက်ရရှိစေနိုင်ပြီး မည်သည့်နည်းလမ်းသည် ထိခိုက်ဆုံးရှုံးမှုများစေနိုင်ကြောင်း သူ့ အတွေ့အကြုံနှင့်ယှဉ်၍ သုံးသပ်လမ်းညွှန်တတ်ခြင်းကြောင့် တွတ်ပီတို့မှာ စစ်မြေပြင်ပညာရပ်များ တိုးပွားရရှိခဲ့ပါသည်၊ တွတ်ပီကိုအချစ်ဆုံးဖြစ်၍လည်း လမ်းတလျှောက်သွန်သင်ပြသလာကာ၊ မည်သည့်နေရာမှလိုက်ပါရသည်ဖြစ်စေ၊ မပေါ့မဆချီတက်ရန်နှင့် " အခုနေ ရန်သူဘယ်နေရာကအပစ်ခံရရင် ငါဘယ်လိုနေရာယူပြီး၊ ဘယ်နည်းနဲ့ တုန့်ပြန်မလဲ.."ဆိုသည့် သတိတရားထားကာ အမြဲ စစ်ရေးသတိရှိနေစေရေး သွန်သင်ဆုံးမပေးခဲ့ပါသည်...

            လက်ဦးဆရာ၏ ပြောပြသွန်သင်မှုများကိုအလေးထားလိုက်နာခဲ့သော တွတ်ပီသည်လည်း ရှေ့တန်းစစ်ဆင်ရေးများတွင် မပြတ်သောသတိတရားထားကာဆောင်ရွက်ခဲ့မှုများကြောင့်တိုက်ပွဲပေါင်းများစွာ တွေ့ကြုံဆင်နွှဲခဲ့ရသော်လည်း အသက်မသေခဲ့ခြင်း ဟု ပြော၍ရပါသည်၊ " ဘာဖြစ်ရင်..ဘယ်လိုလုပ်မည်.."ဟူ၍ အမြဲတွေးတောကြံစည်နေခြင်းအကျင့်ကောင်းကို ဆရာမှ လေ့ကျင့်ပေးထားသဖြင့် အလစ်အငိုက်မခံခဲ့ရဖူးပါချေ၊ လူ လက်နက် အင်အားနှင့် မြေအနေအထားအသာစီးရရှိမှုတို့ကြောင့်သာ ခေတ္တခဏ အရေးမသာရသည်ရှိသော်လည်း အောင်မြင်အောင်ပြန်လည်တုန့်ပြန်တတ်သောအလေ့အထကို ဆရာ့ကျေးဇူးကြောင့် စစ်သက်တလျောက် အကျိုးရှိစွာအသုံးချနိုင်ခဲ့ပါသည်...  

            တွတ်ပီအရာရှိဖြစ်လာသည့်အခါတွင်လည်း တပ်စိတ်မှူး၊ တပ်စုမှူးများကို ဆရာလျှံဖုန်းကဲ့သို့ပင် စစ်မြေပြင်လှုပ်ရှားချီတက်ရင်း လက်တွေ့ပြသ သင်ခန်းစာပေးနိုင်ခဲ့ပါသည်၊ဆရာသင်ကြားပေးသော စစ်နည်းဗျူဟာများနှင့် ကိုယ်တွေ့တိုက်ပွဲများမှ ရရှိလာသောအတွေ့အကြုံများကို ပေါင်းစပ်ကျင့်သုံးခဲ့မှုကြောင့် စစ်ရေးသုံးသပ်မှုများကိုလည်း မှန်ကန်လျှင်မြန်စွာပြုလုပ်လာတတ်ခဲ့ပါသည်...

            တွတ်ပီတပ်ခွဲမှူးဘဝတွင် မည်သည့်ရည်မှန်းချက်တာဝန်ပေးသည်ဖြစ်စေ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများကြောင့် စစ်ဆင်ရေးကာလ {  ၆ }လအတွင်း တပ်ခွဲ  { ၁ မှ ၅ }အထိ တပ်ခွဲပေါင်းစုံတွင်  တပ်ခွဲမှူးအဖြစ် ယုံကြည်စွာတာဝန်ပေးအပ်မှုကိုပင်ခံခဲ့ရပါသည်၊ { ယုံကြည်စိတ်ချလ်ို့ခိုင်းတာပေမယ့် လူကတော့ မချောင်ဘူးပေါ့ဗျာ }၊ ရောက်ရှိရာတပ်ခွဲတ်ိုင်းတွင်လည်း ရှိသည့်အရာရှိ,စစ်သည်များကို တွေ့ကြုံခဲ့သည့်အတွေ့အကြုံများ၊ ဆည်ပူးခဲ့သည့်စစ်ပညာများအပေါ်မူတည်၍  တတ်အားသရွေ့သင်ကြားပြသပေးခဲ့ပါသည်၊ { ယခုဆိုလျှင် တွတ်ပီသင်ပြပေးထားသော တပ်စုမှူး  အချို့ဆိုလျှင် ဗိုလ်ချုပ်အဆင့်တာဝန်ထမ်းဆောင်နေပါပြီ}... 

            ဆရာလျှံဖုန်းက အမြဲသင်ကြားလေ့ရှိသည်မှာ " သူ့နေရာမှာ ငါသာဆိုလျှင် ဘယ်လိုလုပ်မလဲ "ဟူ၍ အမြဲထည့်စဉ်းစားပါ.. ဟူသတတ်၊ ဆိုလိုသည်က နေရာတစ်ခုရောက်သည်နှင့် ငါသာ ရန်သူဆိုလျှင် ဘယ်နေရာမှာ ဘယ်အဖွဲ့တွေ နေရာချထားပြီး သူတို့ကို များများကျဆုံးအောင် ဘယ်လိုနည်းလမ်းသုံးမလဲ.. ဟု တွေးတောသုံးသပ်နေရန်ဖြစ်ပါသည်၊ ထိုသို့သုံးသပ်ပါက ရန်သူသုံးနိုင်သည့်နည်းလမ်းကို ဆင်ခြင်မိကာ မိမိဘက်က တန်ပြန်ရန်  နည်းလမ်းများဖြင့် ကြိုတင်ကာကွယ်နိုင်သည်..ဟူသောသဘောပါ.. ၊ 

            ထိုကဲ့သို့သော ဆရာကောင်း,သမားကောင်းများနှင့် ကြုံတွေ့ခဲ့ရသဖြင့် တွတ်ပီတစ်ယောက် အသက်ရှည်ခဲ့သလို ရည်မှန်းချက်တာဝန်များလည်း ပေါက်မြောက်အောင်မြင်ခဲ့သည်ဟု ပြောလျှင် မှားအံ့မထင်ပါ၊ ထိုသင်ဆရာ,မြင်ဆရာတို့၏ ကျေးဇူးကိုလည်း တွတ်ပီဘယ်သောအခါမှမမေ့ပါ၊ ညစဉ်အိပ်ယာဝင်တိုင်း ရည်မှန်းဦးချလျှက်ရှိစမြဲပါ၊  

            ယခုအခါ အတွေ့အကြုံများပြားသော အရာရှိနှင့် ဆရာကြီးများနည်းပါးနေပြီဖြစ်သော်လည်း ရှိသည့်လူနှင့် ရှိသည့်အတွေ့အကြုံများကို သင်ကြားပြသပေးရန်နောက်မကျသေးပါ၊ တတ်အားသရွေ့ ပြသကြပါရန် ဤစာစုဖြင့် တိုက်တွန်းအပ်ပါသည်...၊  

            သို့နှင့် လမ်းတလျှောက်  လိုအပ်သည့် စစ်နည်းဗျူဟာများ ကျင့်သုံး၍ ချီတက်ခဲ့ကြရာ ညနေပိုင်းတွင် ဒေါနတောင်ခြေအစပ်၌ တည်ထားသော မိုးနိုင်း ဆိုသည့်ရွာလေးဆီသို့ ရောက်ရှိခဲ့ကြပါလေသည်... 

            ထိုစဉ်က မိုးနိုင်းရွာတွင် အစု { ၃ } စု ခွဲကာ နေထိုင်ကြကြောင်း ပြန်လည်မှတ်မိပါသည်၊ ဗမာ မိုးနိုင်း၊ ကုလားမိုးနိုင်းနှင့် ကရင်မိုးနိုင်းဟူ၍အုပ်စုများခွဲကာနေထိုင်လျှက်ရှိကြပြီး အိမ်ခြေမှာ { ၁၀၀}ခန့်ရှိ၍ နေချင်စရာကောင်းသော ရွာကြီးတစ်ရွာဖြစ်ပါသည်၊ ရွာအား လိုအပ်သည့် ရှင်းလင်းမှုများပြုလုပ်ခဲ့သော်လည်း ရန်သူနှင့်ထိတွေ့မှု မဖြစ်ပွားခဲ့ပေ၊ ထိုညက တွတ်ပီတို့စစ်ကြောင်း မိုးနိုင်းမှာပင် ညအိပ်အခြေပြုခဲ့ကြပါလေသည်...။

          မိုးနိုင်းမှာနေခဲ့ကြပုံလေးတွေနဲ့ ဒေါနတောင်တက်ခရီးကြမ်းအကြောင်းတွေတော့ နောက်တစ်နေ့ပေါ့ဗျာ၊ အားပေးကြပါဦးလို့ ဖရင့်များကိုတောင်းဆိုရင်း...

ချစ် ကြည် စွာ ဖြင့်

( ယုံ  လေး )

#NayMinMaung

တင်ခဲ့ပြီးသောအပိုင်း

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=635639006838039&id=579092629159344

http://myochitnoteblog.blogspot.com/2021/08/blog-post_237.html