Thursday, August 19, 2021

(3) နေမင်းရောင်၊ လေးမာရ်အောင်စစ်ဆင်ရေးနှင့် တွတ်ပီ { ၁၉၇၈/၇၉ } အပိုင်း(၃)


            မိုးနိုင်းရွာမှာ အိမ်ခြေအထိုက်အလျောက်များပြားသလို အားလုံးလိုလိုမှာ ဗမာစကားတတ်ကျွမ်းကြသဖြင့်ပျော်စရာကောင်းလှပါသည်၊ တွတ်ပီတို့ စစ်ကြောင်းကို မိုးနိုင်းမှာပင် ဆက်လက်အခြေပြုထားစေသဖြင့် ရွာသူရွာသားများနှင့် ပိုမိုရင်းနှီးလာကာ တွတ်ပီတို့တပ်အပေါ်လည်း ပိုမိုသံယောဇဉ်ခင်တွယ်လာကြပါသည် ၊

            မိုးစပါး ကောက်သစ်များပေါ်စပြုချိန်မို့ သူတို့နှင့်အတူ ကောက်လှိုင်းများဝိုင်းကူစည်းပေးခြင်း၊ သယ်ဆောင်ချွေလှေ့ပေးခြင်း၊ စပါးများ ကျီအတွင်းသယ်ယူသိုလှောင်ပေးခြင်းတို့လိုလုပ်ငန်းများကို မိမိတို့တည်းခိုနေထ်ိုင်သည့်အိမ်အလိုက် တွတ်ပီတို့ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးခဲ့ကြသဖြင့် သူတို့ကလည်းကျေးဇူးတင်မဆုံးကြပါ၊ တွတ်ပီတို့ စစ်သည်များစားနိုင်ရန် ရှိသည့်ဟင်းလျှာများချက်ပြုတ်ပေး၍ ပြန်လည်တုန့်ပြန်ကြပါသည်၊ 

            တွတ်ပီတို့ ရှေ့တန်းစစ်ဆင်ရေးထွက်တိုင်း မပျက်မကွက်ဆောင်ရွက်လေ့ရှိသည့်အကျင့်ကောင်းတစ်ခုမှာ ရွာတွင်စခန်းချညအိပ်ရပါက ထိုရွာရှိဘုန်းကြီးကျောင်းနှင့် မိမိတို့ တည်းခိုနေထိုင်ရာအိမ်ရှိ သက်ကြီးရွယ်အိုများကို နံနက်လဘက်ရည်တိုက်ခြင်း၊ ချက်ပြုတ်ထားသည့်အထဲမှ အနည်းဆုံး ကုလားပဲဟင်းတစ်ခွက်လောက်တော့ စားဦးစားဖျားပေးပို့ခြင်းတို့ဖြစ်ပါသည်၊ ကုသိုလ်လည်းရသလို ရွာလူထုအပေါ်လည်းစည်းရုံးရေးရစေပါသည်၊  

            အချို့ရွာများမှာဝေးလံခေါင်သီလှပြီး စစ်ကြောင်းများဖြတ်သန်းသွားလာရုံသာ ရှိတတ်ကြ၍ စစ်သားကို မြင်ဖူးသည်ဆိုရုံသာရှိကြသဖြင့် အလွန်ကြောက်ရွံ့တတ်ကြပါသည်၊ ထိုကဲ့သို့သောရွာမျိုးမှာ ညအိပ်စခန်းချခွင့်ကြုံလာပါက တွတ်ပီတို့တတွေ၏ လှိုက်လှဲသောစေတနာနှင့်အပြုအမူများကြောင့် အံ့အားသင့်သွားကြကာ ခင်မင်မှုများလည်းတိုးပွားလာခဲ့ကြပါသည်၊

            တွတ်ပီ စစ်သက်တလျှောက် ကောင်းသောထိုအမူအကျင့်ကို ရောက်ရာအရပ်ဒေသတိုင်း မပျက်မကွက်လိုက်နာကျင့်သုံးခဲ့ပါသည်၊ ထိုကြောင့် ကျေးရွာလူထုများ၏သံယောဇဉ်ကို ရရှိကာ မိမိကိုအန္တရာယ်ဖြစ်စေမည့်သတင်းများ သူတို့သိရှိရပါက လျှို့ဝှက်  သတင်းပေးခြင်းအားဖြင့် ကူညီမှုများကိုလည်း အကြိမ်ကြိမ်ရရှိခဲ့ပါသည်၊  အချို့အမြင်မရှင်းသူများက စစ်သားများရှေ့တန်းထွက်လျှင် လူကြမ်း လူဆိုးကြီးများပမာ တွေ့ရာမြင်ရာကြမ်းတမ်းစွာဆက်ဆံ၊ မည်းမည်းမြင်ရာ ပစ်၊ အနိုင်ထက် ကျင့်ကြံပြုမူနေကြသည်ဟု အထင်ရောက်နေကြပါသည်၊ ထိုအမြင်များမှားယွင်းပြီးမိမိတို့အပေါ်အန္တရာယ်မပြုသော ပြည်သူလူထုအပေါ်တွင် ချစ်ကြည်ရင်းနှီးစွာဖြင့် ရေလ်ို လလို ကျင့်သုံးတတ်ကြောင်း အများသိစေလိုပါသည်၊ မေတ္တာကိုမရရှိပဲ မည်သည့်လုပ်ငန်းလုပ်လုပ် ရေရှည်အောင်မြင်မှုကိုမရရှိနိုင်ပါ၊ မ, တစ်ထောင်သားများဖြင့် ဖွဲ့စည်းထား၍ လူအမျိုးမျိုး စိတ်အထွေထွေရှိကြသဖြင့် အချို့စစ်သည်များ  စည်းကမ်းမဖောက်ဟု လို့တော့ မပြောလိုပါ၊ ညအိပ် တည်းခိုသည့်အိမ်မှ ဟင်းသီးဟင်းရွက်များ ပိုင်ရှင်ထံခွင့်မတောင်းပဲ ခူးယူချက်ပြုတ်စားသောက်ခြင်း၊ ကျသင့်သည့် အခကြေးငွေမပေးချေပဲ အိမ်မွေးတိရစ္ဆာန်များ ခိုးဝှက်ယူဆောင်ခြင်းစသည့် ပြသနာတို့ မကြာခဏ ဖြစ်ပွားတတ်ပါသည်၊ တွတ်ပီ စစ်သက်တလျှောက် ထိုအပြုအမူများကို တပ်မတော်ရှိမည်သည့် အကြီးအကဲကမျှ လက်မခံပဲ လိုအပ်သလို ဆုံးမအရေးယူအပြစ်ပေးခြင်းများ ပြုလုပ်ကြပါသည်၊ 

            "စစ်မြေပြင်တွင် ရန်သူအပေါ် နေလို မီးလို ကျင့်၍၊ ပြည်သူလူထုအပေါ် ရေလို လလို ကျင့်ပါ" ဟူ၍ စစ်သည်တော်ကျင့်ဝတ်တွင် လိုက်နာကျင့်သုံးစေရန်ပြဋ္ဌာန်းထားသည့်အတိုင်း တပ်မတော်သားများ လုပ်ဆောင်ကြရပါသည်၊ အချို့အမြင်မကြည်သူများက စစ်ဆင်ရေးထွက်ကြသောတပ်များသည် နယ်မြေလူထုအပေါ် အနိုင်ကျင့်နှိပ်စက်၊ လုယူ ခိုးဝှက်နေသူများဟု အထင်အမြင်လွဲမှားယူဆနေကြသဖြင့်  အခွင့်သင့်တုန်းရေးသားဖော်ပြရခြင်းပါ၊ တချိန်က ဗကပ ပီကင်း  အသံလွှင့်ဌာနက အော်နေသလို " ခြေသလုံးပလွေရိုးနဲ့  ရွာရိုးတလျှောက် ကြက်ခိုးစားနေတဲ့ နေဝင်း,စန်းယု စစ်သူခိုးများ" ဆိုသည်မှာ ဝါဒဖြန့် အပုပ်ချခြင်းမျိုးသာဖြစ်ပြီး လက်တွေ့တွင် တပ်မတော်သားတိုင်းသည် ပြည်သူ့အကျိုးသာ အမြဲဦးစားပေးဆောင်ရွက်ခဲ့ကြကြောင်း သိစေချင်လှပါသည်၊

            တွတ်ပီတို့စစ်ကြောင်းကြီး မိုးနိုင်းမှာ တစ်ပတ်ခန့်အခြေပြုခဲ့ကြပါသည်၊ စစ်ကြောင်းရုံးနှင့်  { ၂ } ခွဲ ဆိုတော့ အင်အားကလည်း { ၁၆၀ } ကျော်၊ လိုအပ်သည့်  အကူလက်နက်ကြီးများကလည်း  အပြည့်အစုံမို့ထင့်၊ ရန်သူကေအင်န်ယူများ လာရောက်သွေးတိုးမစမ်းရဲကြပါ၊ ထိုစဉ်က တပ်မ တပ်များ ကရင်ပြည်နယ်အရောက်နည်းသဖြင့် သူ့အလိုလိုရှိန်နေပြီး ရှောင်နေကြခြင်းလည်း ဖြစ်နိုင်ပါသည်၊ တွတ်ပီတို့တတွေလည်း အနီးဝန်းကျင်နေရာများသို့ တိုက်ကင်း, ထောက်ကင်းများထွက်ကာ လှုပ်ရှားစ်ိုးမိုးထားကြသော်လည်း  ရန်သူနှင့် ထိတွေ့မှုတော့ မဖြစ်ခဲ့ကြပါချေ ၊

             သို့နှင့် မိုးနိုင်းတွင် အချိန်တစ်ပတ်ခန့်ကြာပြီးနောက် ညတစ်ညတွင်  တပ်စိတ်မှူးမှ " မနက်  ၅နာရီထိုးမှာခရီးထွက်စရာရှိသည်၊ လိုအပ်သည်များ သိုသိုသိပ်သိပ် ပြင်ဆင်ထားရန်" ဟူ၍ ကြိုတင်ပြောကြားထားခဲ့ပါသည်၊  မိမိတပ်နှင့် ချစ်ခင်ရင်းနှီးနေသော  ရွာသားများဖြစ်နေကြသော်လည်း ခရီးထွက်မည့်သတင်းကား ကြိုတင်ပေါက်ကြား၍ မဖြစ်နိုင်၊ ရန်သူတို့သည်လည်း ထိုရွာများတွင်  အမာခံသတင်းပေးများမြုပ်နှံကာ  မိမိတပ်လှုပ်ရှားမှုများကို မပြတ်စောင့်ကြည့်နေတတ်ကြသည်လေ၊ စစ်ပွဲအောင်နိုင်ရေးတွင် သတင်းလက်ဦးမှုမှာ လွန်စွာအရေးပါလှသည်မဟုတ်ပါလား၊  

            ဒါတောင် မနက်အိပ်ယာထ ခရီးထွက်ဖို့ပြင်ကြတော့  တွတ်ပီတို့ တည်းခိုရာအိမ်မှ "အမိုး"က နိုးနေပြီး တွတ်ပီကိုအနားကပ်၍ တိုးတိုးမှာရှာပါသည်၊ ဒေါနတောင်ခြေဘက်သွားမည်ဆိုလျှင် ပထမဆုံးတွေ့သော  ရေချောင်းအဖြတ် ဂရုပြုပါရန်နှင့် လမ်းတစ်ဝက်ရှိ ကျောက်တောင်အတက်နေရာတွင်လည်း ကေအင်န်ယူတို့ အကောက်စခန်းရှိပြီး  ၊ အစိုးရစစ်ကြောင်းများကို ဖြတ်တိုက်လေ့ရှိသဖြင့် မပေါ့မဆချီတက်ပါရန် စိုးရိမ်တကြီးသတိပေးရှာပါသည်၊ တွတ်ပီလည်း အမိုးကို ကျေးဇူးတင်ပါကြောင်းနှင့်  ဂရုစိုက်ပါမည့်အကြောင်းပြောကြားကာအပြန်တွင်လည်း အမိုးတို့ကို ဝင်နှုတ်ဆက်ပါမည်ဟု ကတိပေးကာ စတင်ချီတက်ရပါတော့သည်၊

            ရွာပြင်လျှိုအတွင်းမှာလိုင်းနပ်(Line Up)ထိုးကြတော့ တွတ်ပီလည်း အမိုးထံမှရရှိထားသည့်သတင်းကို ဆရာလျှံဖုန်းအား ဆက်လက်သတင်းပို့လိုက်ပါသည်၊ ဆရာက တပ်စုမှူး,တပ်ခွဲမှူးများထံ လိုအပ်သလိုဆက်လက်  သတင်းပို့ပေလိမ့်မည်၊ တွတ်ပီ  သတင်းပို့အပြီးမှာ ဆရာက တွတ်ပီကို လှမ်းနောက်လိုက်ပါသေးသည်၊" အမိုးက မင်းကို တအားသံယောဇဉ်ကြီးတာ..တွတ်ပီ၊ သူ့  သမီးနဲ့တောင် သဘောတူနေတာ ထင်တယ်.."တဲ့၊ "သူ့သမီးက  ငယ်ပါသေးတယ်ဆရာရယ်.." ဟု  တွတ်ပီလည်း ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်ရပါသည်၊ တကယ်လည်း အမိုးသမီးမှာ ငယ်ပါသေးသည်၊ အလွန်ဆုံးရှိလှ { ၁၄ / ၅ }   နှစ်သာရှိသေးသော်လည်း လှသွေးကြွစ၊ ပုရစ်ဖူးအရွယ်လေးမို့  နုနုထွတ်ထွတ် မျှစ်စို့ပေါက်ကလေးကို တွတ်ပီလည်းတခါတခါ ခိုးခိုး ကြည့်ဖူးခဲ့သည်ကိုတော့ မညာတမ်း ဝန်ခံရပါလိမ့်မည်၊ စစ်သားလည်း အသည်းနဲ့ပါနော်၊

            ထိုနေ့ကလည်း တွတ်ပီတို့တပ်စု ရှေ့ပြေးပွိုင့်မကျခဲ့ပါ၊ ရှေ့မှာ တပ်စု { ၁ }စု တင်ကာ ချီတက်ခဲ့ကြသော်လည်းနာမည်ကျော်ဒေါနတောင်တန်းဆီသို့ ဦးတည်နေသည်မို့ မပေါ့မဆကျီးကန်းတောင်းမှောက် ဘေးဘယ်ညာသို့ကြည့်ရှုကာ လိုက်ပါချီတက်ခဲ့ရပါသည်၊ ရွာမှထွက်ပြီးတစ်နာရီခရီး လောက်ရောက်တော့ခေတ္တရပ်နားရပါသည်၊ ဆရာလျှံဖုန်းက " မင်းပြောတဲ့ချောင်းစပ်နားရောက်တော့မယ်၊ ရှေ့ ပွိုင့်ကအဖွဲ့တွေ ဖြန့်တက်နေပြီ၊ နောက်က လက်နက်ကြီးတွေလည်း ထောက်ထားတယ်" ဟု လှမ်းပြောပါသည်၊ ကိုယ့်ဘက်က ရန်သူ့အလေ့အထ ကြိုတင်သိထားမှတော့ အလစ်အငိုက်မခံရရေးလုပ်ဆောင်ရတော့မှာပေါ့၊ စစ်တိုက်တယ်ဆိုတာ ညံ့သူ ခံစတမ်းလေ  ။

။။။။။။။။။။။။။။။။။။။။။။။။။။

            တောင်ခြေ ချောင်းအစပ်အရောက်မှာ ရှေ့ပြေးတပ်စုက တစ်စုလုံးရင်ဘောင်တန်းဖြန့်ကာ ဖြတ်ကူးဖို့ပြင်နေခိုက် တွတ်ပီတို့  ခွဲရုံး{ ၂ } စုက သည်ဘက်ကမ်းမှာအသင့်နေရာယူ၍ တပ်ခွဲအကူပစ်လက်နက်များဖြစ်သော ၇. ၆၂  မမ စက်လတ်(MG 42) နှင့် 3.5 ဒုံးပစ်လောင်ချာတို့ကို အသင့်ချိန်ရွယ်ထားသလို၊ နောက်မှ တပ်ရင်းအကူပစ်လက်နက်ကြီးများလည်းဆင်ထားပြီး စစ်နည်းဗျူဟာမြောက် ချီတက်လှုပ်ရှားခဲ့ကြပါသည် ၊

            ချောင်းတစ်ဘက်ကမ်း မြောက်ဘက်တွင် သစ်ပင်ထူထပ်စွာပေါက်ရောက်လျှက်ရှိသော ကုန်းကမူတစ်ခုရှိပြီး၊ ထိုတောင်ကုန်း၏ အရှေ့ဘက်တွင်လည်း အတန်ငယ်မြင့်သည့်တောင်ကြောတစ်ခုက စိုးမိုးထားသဖြင့် ခြုံခိုတိုက်ခိုက်ရန်နေရာကောင်းတစ်ခုဖြစ်နေပါသည်၊ ပွိုင့်တပ်စု ချောင်းဖြတ်ပြီးသစ်တောအုပ်တောင်ကုန်းပေါ် နေရာယူပြီးချိန်တွင်  တွတ်ပီတို့တပ်စုလည်း ချောင်းကို အပြေးတက်ဖြတ်ကူးပြီး ပွိုင့်တပ်စုနှင့် လိုက်ပါပူးပေါင်းခဲ့ကြပါသည်  ၊ 

          ချောင်းရေမှာ ပေါင်လယ်လောက်သာနက်သဖြင့် အခက်အခဲမရှိ ဖြတ်ကျော်နိုင်ခဲ့ပြီး  ရန်သူပစ်ခတ်မှုနှင့်တော့ကြုံတွေ့ရခြင်းမရှိသေးပါ၊ သစ်တောအုပ်တောင်ကုန်းပေါ်တွင်တော့  မကြာသေးမီကာလကမှ တူးထားဟန်တူသောပစ်ကျင်းများတွေ့ရှိရသဖြင့် ဆရာလျှံဖုန်းက အသေးစိတ်သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် " ဒီကောင်တွေ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျင်းတူးပြီး ညအိပ်စောင့်နေခဲ့ကြတာ ၊ စစ်ကြောင်းက သူတို့ဘက်ရောက်မလာတော့ စောင့်တိုက်မယ့်အစီအစဉ်ဖျက်ပြီး လစ်သွားကြတာဖြစ်မယ် " ဟု သူ၏ထင်မြင်ယူဆချက်ကိုပြောပါသည်၊

            တွတ်ပီတို့စစ်ကြောင်း မိုးနိုင်းတွင် တစ်ပတ်ခန့်အနားယူ  အခြေပြုနေစဉ် ရန်သူငပွေးတို့က   သူတို့ဘက် ချီတက်လာမည်ထင်ပြီး ပစ်ကျင်းတူး,အပိုင်စောင့်ခဲ့သော်လည်း ထိတွေ့တိုက်ပွဲမဖြစ်လိုက်ရတော့ပါ။ ပွဲကြီးပွဲကောင်းတစ်ပွဲတော့ လွတ်သွားပြန်ပြီပေါ့၊ ထိုနေရာတဝိုက်တောင်ကုန်းများအား အသေးစိတ်ရှင်းလင်းပြီးသောအခါ လွန်ခဲ့သည့် ၅ ရက်ခန့်က ရန်သူအင်အား { ၂၀၀ } ခန့်နေရာယူစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း တွေ့ရှိခန့်မှန်းရပြီး၊ မြေအနေအထားအရ သူတို့စောင့်နေစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါက တွတ်ပီတို့ ထိခိုက်ကျဆုံးမှုများပြားနိုင်ကြောင်း သုံးသပ်ရရှိခဲ့ပါသည်၊ ရန်သူသည် အကြောင်းတစ်ခုခုကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခြင်းမပြုတော့ပဲပြန်လည်ထွက်ခွာသွားဟန်တူပါသည်၊ ထိုနေရာတဝိုက် အသေးစိတ်ရှင်းလင်းပြီး ချောင်းကိုအမှီပြု၍ဖောက်လုပ်ထားသော လူသွားလမ်းအတိုင်း စနစ်တကျရှင်းလင်းချီတက်ခဲ့ကြရပါတော့သည်၊ 

            အချိန်ကာလကြာမြင့်ပြီဖြစ်၍ ထိုချောင်းနာမည်ကို စဉ်းစားမရတော့သော်လည်း တောင်ပေါ်  မရောက်မချင်း { ၅ }နာရီခန့်ကြာအောင် ထိုချောင်းထဲဆင်းလိုက် ၊ ပြန်တက်လိုက်၊ ချောင်းထဲပဲပြန်ရောက်လိုက်နှင့် ကျောက်ဖျာ ကျောက်တုံးများကို ဖြတ်ကျော်ရင်း  ထိုချောင်းကိုလည်း အကြိမ်များစွာ ဖြတ်သန်းချီတက်ခဲ့ရသည်ကိုတော့ ပြန်လည်သတိရနေပါသည်၊ 

            စင်စစ် ထိုလမ်းကြောင်းမှာ ယိုးဒယားနိုင်ငံဘက်မှ မှောင်ခိုပစ္စည်းများကို လူဖြင့်ထမ်းပိုးသယ်ဆောင်၍ တွတ်ပီတို့နိုင်ငံအတွင်း သယ်ဆောင်ရာ  အဓိကလမ်းကြောင်းကြီးတစ်ခုပါပေ၊ ပါရှိလာသော နယ်မြေခံအထမ်းသမားများ၏ပြောပြချက်အရ တဘက်နိုင်ငံ မဲဆောက်မြို့မှ ပစ္စည်းများကို ကော့မူးရာ{ ခေါ် } ဝမ်ခစခန်းအနီးထိ ကားများဖြင့် သယ်ယူရကြောင်း၊ ထိုနောက် သောင်ရင်းမြစ်ကို စက်လှေများဖြင့်ဖြတ်ကူး၍ ကေအင်န်ယူတို့၏ ဝမ်ခအကောက်ဂိတ်သို့ရောက်ရှိပြီး ကျသင့်သည့် လူခွန်၊ ပစ္စည်းခွန်တို့ကိုပေးဆောင်ကာ ဒေါနတောင်ကျော်လမ်းအတိုင်း ခြေလျင်သယ်ဆောင်ရခြင်းဖြစ်ကြောင်း၊ အဓိက ပစ္စည်းသယ်ကိရိယာအဖြစ် ပလိုင်းများဖြင့် ကျား,မ မရွေး ထမ်းပိုးသယ်ယူလေ့ရှိကြောင်း၊ သောင်ရင်းမြစ်ကမ်းစပ်မှ မိုးနိုင်းရွာအထိ လမ်းခရီးအပေါ်မူတည်၍ နှစ်ရက်,သုံးရက်ခန့် ကြာမြင့်လေ့  ရှိကြောင်းသိရှိရပါသည်၊

            သို့မို့ကြောင့်ထင့်၊ လမ်းကြောင်းကြီးမှာ အကွေ့အကောက်များသော်လည်း ထင်ရှားစွာရှိနေပြီး  လမ်းတလျှောက်တွင်လည်း ဈေးရောင်းချရာဆိုင်တန်းလေးများ၊ ညအိပ်ရပ်နားသည့်တဲတန်းများ အစီရရီတွေ့ရှိရပြီး လူတော့ တစ်ဦးတစ်ယောက်မှမြင်တွေ့ရခြင်းမရှိပါ၊ မိမိတို့ တပ်မတော်စစ်ကြောင်းများဝင်ရောက်လှုပ်ရှားနေဆဲမို့ ကိုယ်ရောင် ဖျောက်ကာ တိမ်းရှောင်ရပ်နားနေကြဟန်တူပါသည်၊ 

            ထိုလမ်းကြောင်းတလျှောက် မှောင်ခိုအထမ်းသမားများနှင့်အတူ ရန်သူ့အဖွဲ့ငယ်လေးများဖြင့်လည်း မိမိတို့နယ်မြေအဆုံးထိ လိုက်ပါပို့ဆောင်လေ့ရှိကြကြောင်းကြားသိရပြီး၊ ထိုစဉ်ကာလက   ကေအင်န်ယူတို့၏ အဓိကဝင်ငွေရပေါက်ရလမ်းတစ်ခုလည်းဖြစ်ပါလိမ့်မည်၊ ကေအင်န်ယူတို့သည်  ထိုကာလက အင်အားတောင့်တင်းမှုမရှိသေးသော်လည်း သစ်တောထွက်ပစ္စည်းများနှင့် နယ်စပ်ရှိ သယံဇာတများကို တဘက်နိုင်ငံသို့ရောင်းစားနေကြပြီး စီးပွားရေးဘက် လိုက်နေကြပြီဖြစ်ပါသည်၊ ထိုမှနောက် ၅ နှစ်ခန့်အကြာတွင်တော့ စီးပွားရေးရော၊ လက်နက်ကိုင်အင်အားများပါ အဆမတန်ကြီးထွားလာကာ တပ်ရင်းအဆင့်စစ်ကြောင်းများကိုပါ ရင်ဆိုင် တိုက်ခိုက်လာနိုင်ကြကြောင်းပြန်ပြောင်းတွေ့ရှိရပေသည်၊ နိုင်ငံတကာမှ ခေတ်မီလက်နက်နှင့်အသုံးအဆောင်များကိုဝယ်ယူတပ်ဆင်အသုံးပြလာနိုင်ခဲ့ကြသဖြင့်  တွတ်ပီတို့မြန်မာ့တပ်မတော်ပင်လျှင် သူတို့ကိုလိုက်မမီနိုင်တော့ပါ၊  အစိုးရတပ်က တပ်စုအဆင့်ကို ဆက်သွယ်ရေးစက်အသုံးမပြုနိုင်သေးသည့်ကာလ၌ သူတို့က  တပ်စိတ်အဆင့်ထိပင် ခေတ်မီပေါ့ပါးသော အိုက်ကွန်ဆက်သွယ်ရေးစကားပြောစက်များ ကိုင်တွယ်အသုံးပြု တိုက်ပွဲဝင်နိုင်ခဲ့ကြသဖြင့် စစ်ရေးအခြေအနေမှာလည်း များစွာယှဉ်ပြိုင်နိုင်စွမ်းရှိလာခဲ့ကြပါသည်၊  

            ထိုစဉ်က တွတ်ပီစဉ်းစားမရခဲ့သည်မှာ မှောင်ခိုကိစ္စပင်ဖြစ်ပါသည်၊ ရန်ကုန် မြို့က မင်္ဂလာဈေးလို၊ ဗိုလ်ချုပ်ဈေးလိုနေရာမျိုးမှာပင် တောင်ပုံရာပုံ လိုသလောက်ဝယ်လို့ရနေသည့် ယိုးဒယားဖြစ်ပစ္စည်းများကို အဘယ်ကြောင့် တရားဝင်မသတ်မှတ်ပဲ မှောင်ခိုအဖြစ်သတ်မှတ်ကာ ဖမ်းဆီးနေရပါသနည်း၊ တကယ်တမ်းဆိုလျှင်  ထိုပစ္စည်းများ၏ ဝင်,ထွက်ပေါက်များကို အာဏာပ်ိုင်များ သိပြီးဖြစ်ပါသည်၊ တကယ်အသုံးမပြုစေလိုလျှင် ထိုအပေါက်များအား ထိထိရောက်ရောက် ဟန့်တားပိတ်ဆို့၍မရနိုင်ပါပြီလော၊ သို့တည်းမဟုတ် ထိုပစ္စည်းများသည် မရှိမဖြစ်၊ မသုံးမဖြစ် အရေးပါနေပါကလည်း အဘယ်ကြောင့်တရားဝင်မတင်သွင်းပဲ တာဝန်ရှိသူအဆင့်ဆင့် ဖြတ်စားရိုက်စားလုပ်နေကြသည်ကို မသိကျိုးကျွန် လုပ်ခွင့်ပြုထားကြပါသလဲ..💭 ၊  တွတ်ပီတော့ ဉာဏ်မမီတော့ပါ၊ တကယ်ဆို  သောင်းကျန်းသူတို့၏ရေသောက်မြစ်ဖြစ်သော ထိုမှောင်ခို လုပ်ငန်းကြီးကို ထိရောက်စွာဟန့်တားဖို့ မခက်ခဲလှပါ၊ သယ်ဆောင်ရာလမ်းတလျှောက် ပြတ်သားစွာပိတ်ဆို့လိုက်ပါက မည်သို့မျှ မဝင်ရောက်နိုင်ပါ၊ ယခုတော့ သိသိချည်းနှင့် ရန်သူ့အင်အားကြီးထွားစေအောင်ခွင့်ပြုခဲ့ခြင်းမှာ  မဆလခေတ်က တာဝန်ရှိသူများ ခေါင်း မသုံးတတ်ကြခြင်းကြောင့့်သာဖြစ်ကြောင်း သိသာပေါ်လွင်လှပါသည်၊ ယောက်ဖကို ကြက်ဥ  တိုက်ရုံသာမက အော်ရာမင်း-ဂျီ ပါတိုက်သည်ထက် ဆိုးနေရော့ထင်၊

            နံနက်စာထမင်းစားအပြီး ဆက်လက်ချီတက်ကြတော့ အမိုးပြောလိုက်သည့် ကျောက်တောင်ကိုလည်း အမှတ်ထင်ထင်တွေ့ရှိရှင်းလင်းခဲ့ရပါသေးသည်၊ ရန်သူမှ ကျင်းတူးနေရာယူထားခဲ့သည့်ခြေရာလက်ရာမတွေ့ရှိရသော်လည်း တက်လာသည့်စစ်ကြောင်းကို အပေါ်စီးမှအပိုင်စောင့်ကြိုတိုက်ခိုက်ရန် သတ်ကွင်းနေရာကောင်းတစ်ခုဖြစ်ပြီး ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့်အမှတ်အသားဖြစ်သော သစ်ပင်ကြီးများထိမှန် ပြတ်ကျနေခြင်း၊ လက်နက်ကြီးထိမှန်ခံရမှုကြောင့် ကျောက်လွှာကျောက်တုံးများ ကွဲအက် ဖွာလန်နေမှုများကိုမြင်တွေ့ရသဖြင့် မေတ္တာဖြင့် သတ်ိပေးခဲ့ရှာသော အမိုးအား ကျေးဇူးတင်မိရပါသည်၊

            ချီတက်ရာလမ်းတလျှောက် တဲတန်းကလေးတွေ ဈေးဆိုင်ဟောင်းလေးတွေအပြင် မှတ်မှတ်ရရ သတိထားမိသည်က ကျောက်ခဲပုံကလေးများပါပေ၊ ထိုလမ်းခရီးအသုံးပြုသူအပေါင်းတို့သည်  ချောင်းစပ်အကူးနေရာများရှိ ကျောက်တုံးလေးများကိုကောက်ယူကာ လမ်းတလျှောက် တောင်ပေါ်အတက် ထိပ်ဆုံးနေရာများအရောက်တွင် စုပုံ၍  ကျောက်ပုံ  စေတီလေးများသဖွယ်တည်ထားကြသည်ကို တောင်ထိပ်နေရာတိုင်းတွင် တွေ့မြင်ရနိုင်ပါသည်၊ ပါလာသော စစ်ဆင်ရေးဝန်ထမ်းများကို စပ်စုကြည့်ရာ အန္တရာယ်ကင်းဝေးစေရန်အယူအဆဖြင့်ကျောက်ပုံစေတီသဖွယ် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်းပြန်လည်ဖြေကြားကြသော်လည်း အဓိပ္ပာယ်တော့ တွတ်ပီ ရေရေရာရာမသိခဲ့ရပါ၊ ရှမ်းပြည်က ရှမ်းလူမျိုးများ ညောင်ပင်တွေ့လျှင် ကိုင်းထောက်သလိုအပြုအမူမျိုးပင်ဖြစ်မည်ထင်ပါသည်၊ 

              ထိုနေ့က ကုလားမတောင် ခေါ် နော်တရာတောင်ထိပ်ရောက်တော့ မိုးစုံးစုံးချုပ်လုပြီ၊ တစ်နေကုန် တောင်အတက်,အဆင်း ခရီးကြမ်းခဲ့သဖြင့် တွတ်ပီတို့လည်း မောဟိုက်ပင်ပန်းလှပြီ ၊ တောင်ပေါ်ရောက် တောစီးဘိနပ်တွေချွတ်ကြတော့မှ ခြေဖဝါးတွေက အလွန်ပင်နာကျင်ကာ ဖူးဖူးယောင် နီရဲလျှက်ရှိကြလေပြီ၊ စင်စစ်သော်ကား ချောင်းကိုအမှီပြု ဖောက်လုပ်ထားသောလမ်းဖြစ်သဖြင့် ရေထဲဆင်းလိုက် ပြန်တက်လိုက်၊ နောက်ထပ်ပြန်ဆင်းလိုက်နှင့် အဖန်ဖန်များလာသော အခါ ခြေထောက်များ သဲဝဲစားခံ ရခြင်းပါတည်း၊ အချို့စစ်သည်များမှာ ဆိုးဝါးစွာဖူးယောင်လာကာ ပြည်များပင်တည်လာပြီး လမ်းမလျှောက်နိုင်တော့ပါချေပြီ၊ ကရင်ပြည်နယ်သည် ရေပေါများသဖြင့် ရေငတ်ခြင်းဒဏ်မှကင်းဝေးခဲ့သော်လည်း သဲဝဲစားခြင်းဒဏ်တော့ စစ်သည်တိုင်းမလွဲမသွေခံခဲ့ကြရပါသည်၊ သဘာဝဘေးမို့  ပြေးမလွတ်ပါတကား...။

             ယခုတင်ပြနေသော နေမင်းရောင်စစ်ဆင်ရေးတွင် တွတ်ပီတို့စစ်ကြောင်းကို ရန်သူကေအင်န်ယူများလှည့်ပတ် ရှောင်တိမ်းနေသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ပါသည်၊ { ရှမ်းပြည် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ လက်စွမ်းပြခဲ့သော တွတ်ပီတို့တပ်သတင်းကို ကြားသိထားပြီး အထင်ကြီးကြောက်လန့်နေသလား မပြောတတ်ပါချေ }။

ချစ် ကြည် စွာ ဖြင့်  

( ယုံ လေး )

#NayMinMaung

ယခင်အပိုင်းများ
အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=635639006838039&id=579092629159344

http://myochitnoteblog.blogspot.com/2021/08/blog-post_237.html

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=636170390118234&id=579092629159344