Thursday, August 19, 2021

နေမင်းရောင်၊ လေးမာရ်အောင်စစ်ဆင်ရေးနှင့် တွတ်ပီ { ၁၉၇၈/၇၉ } အပိုင်း(၁)


တွတ်ပီ(တပ်သားဝင်းကို)(မဲလတိုက်ပွဲသူရဲကောင်းမှတ်တမ်းဝင် ဗိုလ်ကြီးဝင်းကို-ငြိမ်း) ၏ တတိယအကြိမ်နှင့်စတုတ္ထအကြိမ်ဝင်ရောက်ခဲ့ရသော စစ်ဆင်ရေးများဖြစ်သည့် နေမင်းရောင်စစ်ဆင်ရေး(ကရင်ပြည်နယ်)နှင့် လေးမာရ်အောင်စစ်ဆင်ရေး(ရှမ်းပြည်နယ်)တို့တွင် (၁၉၇၈) မှ (၁၉၇၉) ခုနှစ်အတွင်း ပါဝင်လှုပ်ရှားတိုက်ပွဲဝင်ခဲ့ပုံများကို စစ်ဆင်ရေးနှစ်ခုပေါင်းစပ်ကာ ပြန်လည်တင်ပြထားပါသည်။

Albumဖြစ်သည်နှင့်အညီ Postတွင် တစ်ကြိမ် Updateလုပ်တိုင်း တစ်ပိုင်းထပ်မံတိုးလာမည်ဖြစ်၍ Albumကို ရှယ်ထားခြင်းဖြင့် တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်ဖတ်ရှုနိုင်မည်ဖြစ်ပါကြောင်း။

ပြန်လည်တင်ပြခွင့်ပြုသော မူရင်းပိုင်ရှင် ဗကဝင်းကို(ငြိမ်း) ( ယုံလေး ) အား အထူးကျေးဇူးတင်ရှိပါသည်။

#NayMinMaung

နေမင်းရောင်၊ လေးမာရ်အောင်စစ်ဆင်ရေးနှင့် တွတ်ပီ { ၁၉၇၈/၇၉ }

                          အပိုင်း(၁) 

            ဒီနေ့တော့ ရာသီဥတုလေးကလည်း မပူမအေးဆိုတော့စစ်ဆင်ရေးအတွေ့အကြုံလေး အစပျိုးလိုက်ပါဦးမယ်ဗျာ၊

            အရင်ပြီးခဲ့တဲ့ အပတ်က  ထောဂေါစခန်းသိမ်းစစ်ဆင်ရေးကို ရေးသားတင်ပြခဲ့ပါတယ်၊ ၁၉၇၈ အောက်တိုဘာ ၂၄ ရက်နေ့မှာ တပ်ရင်းဌာနချုပ်ကို ပြန်လည်ရောက်ရှိကြောင်းဖော်ပြပြီးနိဂုံးချုပ်ခဲ့တာမို့ အခုလည်း အဲဒီအချိန်  ကနေ ပြန်စလိုက်ကြတာပေါ့၊

            တကယ်တော့ ထောဂေါစစ်ဆင်ရေးက ရန်သူနှင့်ထိတွေ့တိုက်ပွဲက နည်းနည်း၊ ရာသီဥတုနဲ့ ပင်ပန်းဆင်းရဲငတ်ပြတ်မှုဒဏ်တွေက များများလို့ သုံးသပ်လို့ရပါတယ်၊ စစ်ဆင်ရေးကြီးတစ်ခုလုံး { ၃၉ }ရက် ကြာခဲ့ပြီး တိုက်ပွဲကျနဲ့ မိုင်းထိကျဆုံး { ၇ }ယောက်လောက်ပဲရှိခဲ့ပြီး၊ ဗကပ { ၁၀၁ } အထူးတပ်ဖွဲ့သိမ်းပိုက်ခြေကုတ်ယူထားခဲ့တဲ့ စတီးကြော၊ ထောဂေါစခန်းများကို အောင်မြင်စွာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်လို့ရခဲ့တာကတော့ ကြီးမားတဲ့အောင်မြင်မှုကြီးတစ်ခုလို့ ပြောနိုင်ခဲ့ပါတယ်၊

            အဲဒီထောဂေါက ပြန်ပြီးနားတဲ့ကာလမှာတော့ တပ်ရင်းတစ်ရင်းလုံး ဆေးစစ်ရ၊ အင်အားဖြည့် ရိက္ခာကျွေးမွေးရ၊ ပြန်လည် လေ့ကျင့်ရနဲ့ အချိန်က ခဏလေးကုန်သွားသလိုပဲ မြန်ဆန်လှပါတယ်၊ ငှက်ဖျားနဲ့ အာဟာရပြတ်ရောဂါတွေကြောင့် နန်းတွင်းက  မဆရ { ၁၃၁ }နဲ့ မေမြို့စစ်ဆေးရုံမှာ လူ { ၂၀၀ }ကျော်လောက် ဆေးရုံတက်ရောက်ကုသခဲ့ရတာတော့ စံချိန်တင်..လို့ ဆိုရအောင်များပြားခဲ့ပေမယ့် အဖိတ်အစင်တော့ မရှိခဲ့ပါဘူး..

            တွတ်ပီတို့ ပြန်နားပြီးတစ်လပြည့်ခါနီးမှာ နောက်ထပ်စစ်ဆင်ရေးတစ်ခုဝင်ရောက်နိုင်ရေး  အသင့်ပြင်ဆင်ထားဖို့ ဝမ်နိမ် အော်ဒါ ထပ်ရောက်လာပြန်ပါရော၊ ဒီတစ်ခါဝင်ရမယ့် ဂွင်ကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့အရှေ့ခြမ်း စစ်ဆင်ရေးဂွင်ပါတဲ့ဗျာ၊  

            တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ဆိုသလိုပါပဲ၊ ဂွင်အမျိုးမျိုး၊ ရန်သူအမျိုးမျိုးနဲ့ စစ်ဆင်ရေးတစ်ခုနဲ့တစ်ခုက လုံးဝမထပ်စေရအောင်ဆင်နွှဲခဲ့ရပါတယ်၊ တွတ်ပီ ပထမဆုံးစစ်ဆင်ရေးက ရဲမင်းအောင်စစ်ဆင်ရေး၊ ဦးတည်ရန်သူ  ဗကပ ၊ နယ်မြေတွေက ကွမ်းလုံ, တန့်ယန်း, မူဆယ်, နမ့်ခမ်း, ဟိုပန်ဂွင်တွေ၊ ဒုတိယကျ " ဇွဲရဲမာန် " ဆိုတဲ့စစ်ဆင်ရေးနဲ့ KIA က ခွဲထွက်ခဲ့တဲ့ ဗကပ ဇခုန်တိင်ယိန်းရဲ့ စစ်ဒေသ { ၁၀၁ } ချေမှုန်းရေး ထောဂေါစခန်းသိမ်းတိုက်ပွဲ၊ နယ်မြေက ကချင်ပြည်နယ် ချီဖွေ, လောခေါင်ဒေသ၊ ဟော..အခုတစ်ခေါက်စစ်ဆင်ရေးကျတော့ ကရင်ပြည်နယ်ဆိုတော့ အစိုးရစရိတ်နဲ့ နယ်စုံ ဟန်းနီးမွန်းထွက်ရတယ် ပြောရင်ရမလားပဲ၊

            နောက်တန်းမှာ နားနေတုန်း ရွာက ငယ်ဖော် မသေးမျှင်ကို သတိရနေမိပေမယ့် သံယောဇဉ် အမျှင်တန်းလည်း ချစ်ခန်းသည်မှာရပ်နေရတာမို့ စာလည်းမရေးဖြစ်၊ ပြန်လည်းမဆက်သွယ်ဖြစ်ပါဗျာ၊ အချစ်ရေးထက် စစ်ရေး ခက်တဲ့ဘဝတွေမို့ ကံတရားတွေပါလာရင် ဆုံဆည်းရမှာပေါ့လေ💭 ဆိုတဲ့အတွေးနဲ့ ကိုယ်သာချစ်စိတ်  တိတ်တိတ်ရယ် ဖြေ..ပေါ့၊ သူလည်း ကျောင်းပညာအရေး စိတ်မထင့်ပဲ ကြိုးစားနိုင်အောင်  ပိုနေမြဲ ကျားနေမြဲက ပိုကောင်းပါတယ်လေ..💭ဆိုတဲ့ အသိစိတ်နဲ့  ပြန်ဆက်သွယ်ဖို့ မကြိုးစားခဲ့တော့ပါဘူး😔၊  

            အဲဒီကာလက စစ်သားဘဝတွေဆိုတာကလည်း တစ်နှစ်ပြည့်လို့မှ ခွင့်{၁၀}ရက်လောက်ရဖို့ တကယ်မလွယ်ခဲ့တာပါ။ ခွင့်စည်းမျဉ်းဥပဒေတွေထဲမှာ ဝန်ထမ်းတိုင်း ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း သာမန်ခွင့်ရက်{ ၃၀ }တစ်ကြိမ်နဲ့ ရှောင်တခင်ခွင့်{၁၀}ရက်  နှစ်ကြိမ် ခံစားနိုင်သည်" လို့ပြဋ္ဌာန်းထားပေမယ့် ဘယ်စစ်သားမှ တစ်နှစ်ကိုတစ်ကြိမ်တောင် ခွင့်ခံစားလို့ လွယ်တာမဟုတ်ပါဘူး၊ တာဝန်ကိုငဲ့ကွက်လို့ မဖြစ်မနေအခြေအနေမျိုးမှသာ သာမန်ခွင့်ဆိုတာတောင်းခံခဲ့ရတဲ့ဘဝတွေပါ...

            ကြုံတုန်းပြောရရင် တွတ်ပီစစ်မှုထမ်းသက်နှစ်{ ၃၀ }မှာ သာမန်ခွင့် { ၂ } ကြိမ် {လက်ထပ်ခွင့်ရတုန်းကနဲ့ သားတွေရှင်ပြုတော့ ဒုလ္လဘဝတ်ချင်လို့} နဲ့ ရှောင်တခင်ခွင့် { ၁၀ } ရက် { ၅ } ကြိမ်ပဲ ခံစားဖူးခဲ့ပါတယ်၊ အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်ချင်းစာတတ်အောင်လို့ပါ... 

            ဒီလိုနဲ့ စစ်ဆင်ရေးအတွက်ပြင်ဆင်ပြီး ၁၉၇၈ နိုဝင်ဘာ နောက်ဆုံးပါတ်မှာ တွတ်ပီတို့မျက်ပါးရပ်သားများ ကရင်ပြည်နယ်သို့ဦးတည်ကာ စစ်ဆင်ရေးထွက်ခဲ့ရပါသဗျ...

            ထုံးစံအတိုင်းပေါ့ဗျာ၊ မန္တလေးမြို့ဟောင်းဘူတာကနေ အထူးစစ်ရထားကြီးစီး၊ လမ်းတလျှောက်တွေ့သမျှမီးရထားတိုင်းကို ရပ်ပြီးရှောင်ပေး၊ ရေပေါ ထင်းပေါတဲ့ဘူတာ ထမင်းစား၊ စားချက်လုပ်ကာ မီးရထားကြီး တအိအိနဲ့ခုတ်မောင်းလာလိုက်တာ ပဲခူးဘူတာကိုရောက်တော့ ညကြီးမိုးချုပ်လှပေါ့၊ ပဲခူးမှာ ညပိုင်းရပ်နားပြီး နောက်နေ့မနက်ဆက်ထွက်၊  စစ်တောင်းတံတားကြီးကျော်ဖြတ်၊ ဘီးလင်း,သထုံ , ပေါင်..စတဲ့ မြို့တွေဖြတ်သန်းပြီးသကာလ မုတ္တမဆိုတဲ့ဘူတာရောက်တော့ မီးရထားလမ်းကဆုံးခဲ့ပြီမို့ ရထားပေါ်ကဆင်းဖို့ပြင်ကြရတာပေါ့ ၊

            နောက်တစ်နေ့မနက်ရောက်တော့ တပ်ကအရာရှိများ တဘက်ကမ်းမော်လမြိုင်ကိုကူးပြီး တိုင်းမှူးရဲ့စစ်ဆင်ရေးအမိန့်နာခံဖို့သွားကြလေတော့ တွတ်ပီတို့လည်း အားလပ်ချိန်လေးရကြသဗျ၊ အချိန်လေးရတုန်း တွတ်ပီလည်း မော်လမြိုင်ဇက်ဆိပ်ဆင်းပြီး ဒေသန္တရဗဟုသုတလေးများ စပ်စုဆည်းပူးလိုက်သေးတာပေါ့ဗျာ ၊   

            မုတ္တမဆိပ်ကမ်းမှာ အင်မတန်ပေါတာကတော့ ပုဇွန်ထုပ်ကြီးများပါပဲ၊ လူကြီး လက်တထွာမက ကြီးမားလှတဲ့ ပုဇွန်ထုပ်ကြော်ကြီးများကို လင်ပန်းတွေထဲထည့်ရောင်းနေကြတာနေရာအနှံ့ပါ၊.ဝါဝါ ဝင်းဝင်း ပုဇွန်ထုပ်ကြီးများကို အရင်က လုံးဝမမြင်ဖူးခဲ့တဲ့ အညာသားတွတ်ပီတစ်ယောက် စားချင်စိတ်ပေါ်လာတာနဲ့ စပ်စုကြည့်မိလိုက်တော့ အကြီးဆုံးအကောင်က မြန်မာငွေ{ ၃ }  ကျပ်၊ ကျန်တဲ့အကောင်လတ်တွေက { ၂ } ကျပ်ပါတဲ့၊ အဲဒီအချိန်က တွတ်ပီလစာတစ်လ{၁၁၅ိ/}ပါ၊ ဒါနဲ့ တွတ်ပီလည်းစားဖူးတယ်ရှိအောင် အကြီးဆုံးကောင်ကြီးကို သုံးကျပ်ပေးဝယ်စားလိုက်တာ မနည်းကုန်အောင်စားရသလို ခေါင်းတွေတောင် မူးနောက်လာအောင် အီလှသဗျာ😵

            အမူးအအီလေး ပြေအောင် ကမ်းနားဘက်လေညှင်းခံရင်း လမ်းလျှောက်လာတော့ ပင်လယ်ကွေ့ဒေသမို့ ထင်ပါရဲ့၊ လေတွေက တဟူးဟူး...၊ ကမ်းစပ်မှာ  အသက် ၆၀ကျော် အဖိုး,အဖွား လင်မယားနှစ်ယောက်က တကုပ်ကုပ်နဲ့အလုပ်များနေတာမို့ အနီးကိုသွား စပ်စုမိပြန်တော့ သူတို့က သံတ်ို,သံစရှာနေကြတာတဲ့၊ အဖိုးက ဆေးလိပ်လေးဖွာရင်း  လက်ထဲကိုင်ထားတဲ့ ကြိုးတပ်ထားတဲ့ သံလိုက်တုံးကို ရေထဲအဝေးဆုံးထိရောက်အောင် လှမ်းပစ်၊ အဖွားက သူ့ဆီကကြိုးစလေးလှမ်းယူပြီး တဖြည်းဖြည်းဆွဲယူ၊ အပေါ်ရောက်တော့ သံလိုက်တုံးမှာကပ်ပါလာတဲ့ မူလီခေါင်း၊ သံချောင်း..စတာလေးတွေ ဖြုတ်ယူပြီး အိတ်ကလေးထဲထည့်၊ ပြီးရင် အဖိုးက သံလိုက်တုံးကိုရေထဲပြန်ပစ်ချ..လုပ်နေလိုက်ကြတာ ဟန်ချက်ကို ညီလို့...

             အမှန်တော့ ရေထဲပြုတ်ကျနေတဲ့ လှေ,သင်္ဘောများက သံတိုသံစလေးတွေကိုရှာဖွေပြီး ဝမ်းရေးအတွက်ရပ်တည်နေကြရတဲ့ အဖိုးအဖွားလင်မယားပါ၊ တွတ်ပီစပ်စုကြည့်တော့ နေအတော်မြင့်အောင် အဲဒီလိုရှာဖွေရင် သံတိုသံစ တစ်ပိသာလောက်ရပြီး { ၄ိ } လောက်နဲ့ပြန်သွင်းရတာမို့ ထမင်းစားဖို့တော့ လုံလောက်ပါတယ်..လို့ အဖိုးက ဆိုသဗျ၊ဝမ်းတစ်ထွာအတွက် ပင်ပန်းတကြီးရှာဖွေနေကြရတဲ့ အိုကြီးအိုမ လင်မယားကို တွတ်ပီလည်းတတ်အားသရွေ့ဆေးဖိုးဝါးခ { ၅ိ }ကန်တော့ခဲ့ပြီးသူတို့ပေးတဲ့ သာဓုသံကိုနာခံကာ ဇက်ဆိပ်သို့ဆင်းခဲ့ပါသဗျာ၊

              မော်လမြိုင်နဲ့ မုတ္တမကို ကူးနေတဲ့ဇက်ဆိပ်ကတော့ လူစည်ကားလှပါပေရဲ့၊ မော်လမြိုင်ဘက်ကမ်းက ကူးလာတဲ့ ဇက် ဆိုက်လာချိန်နဲ့ကွက်တိမို့ သေချာကြည့်ရှု စပ်စုမိတော့ ဟိုဘက်ကမ်းကလာတဲ့အမျိုးသမီးတော်တော်များများဟာ ဝမ်းဗိုက်တွေက ပူပူ၊ ပေါင်လုံးတွေက ထွားထွားနဲ့မို့ " မော်လမြိုင်သူတွေ ပုံမကျ ပန်းမကျနဲ့ပါလား " လို့ ကဲ့ရဲ့မိမယ်အလုပ် သေချာကြည့်မိတော့မှ အမျိုးသမီးတိုင်းလိုလို အတွင်းထဲမှာ အဝတ်တွေ၊ ပိတ်လိပ်တွေ ခံဝတ်ပြီး သင်္ဘောပေါ်ကနေ မလှုပ်တလှုပ်ဆင်းလာနေကြတာကို မြင်တော့တာကိုးဗျ😳

            မဆလခေတ် တပြည်လုံးစီးပွားရေးလုပ်ငန်းတွေပိတ်ထားချိန်မှာ နိုင်ငံခြားအသုံးအဆောင်ဆိုတာကလည်း ရှာမှ ရှားမို့ ယိုးဒယားထွက်ပစ္စည်းမှန်သမျှ နည်းအမျိုးမျိုးနဲ့ မှောင်ခိုတင်သွင်းနေကြရတဲ့ခေတ်ပေကိုး..၊ သူတို့ကိုကြည့်ရင်း " ခြေတစ်လှမ်း ကုဋေတစ်သန်း" ဆိုတဲ့ စကားတောင် ပြန်သတိရမိလိုက်သေး၊ခါးတဝိုက်နဲ့ ပေါင်နှစ်ဘက်မှာ အထပ်ထပ်ရစ်ပတ်ထားတဲ့ ပိတ်လိပ်တွေကြောင့်ထင်ပါရဲ့၊ မရွေ့နိုင်မလျားနိုင်၊ ကျပ်ထုပ်စည်းထားတဲ့လူရှင်များပမာ...၊

            အဲဒီခေတ်က ဘာလို့များ ကိုယ့်တိုင်းသူပြည်သားတွေ အစား ,အဝတ် , အနေ ကြပ်တည်းအောင် တမင်တကာလုပ်ရက်ခဲ့ကြတာလဲ မသိပါဘူးဗျာ၊ ကိုယ့်တိုင်းပြည်ကမှ လုံလောက်မျှတအောင် မထုတ်လုပ်နိုင်ပါပဲလျှက် ဘာလ်ို့များ လူထုကိုဒုက္ခပင်လယ်ဝေအောင် ထားရက်ခဲ့ကြပါလိမ့်၊  "ဆိုရှယ်လစ်" တဲ့၊ မွဲလိုက်တဲ့  ဘဝတွေများ ကုန်းကောက်စရာမရှိလောက်အောင်ပါပဲ၊ ဆင်းရဲငတ်ပြတ်၊ ပုဆိုးတောင် တစ်ထည်စိုလို့ တစ်ထည်လဲစရာမရှိ..

              ရေးရင်း နိုင်ငံရေးတွေကလည်း ပါလာပြန်ပါပြီဗျာ၊ အမှန်တော့ ဘာမှမစပ်စုပဲ ဘာမှမသိတာ အကောင်းဆုံး၊ သိနေ မြင်နေရင် ပြောချင်လာပြန်ရော၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားက ဟောခဲ့တာဖြစ်မယ်၊ " ဝင်လေ ထွက်လေ တစ်ခုပဲအာရုံထားပြီး ပြင်ပ ပယောဂတွေ မဝင်စေနဲ့" တဲ့  ၊ အကုသိုလ်ကင်းအောင် မနေနိုင်တော့လည်း အခက်သား...

။။။။။။။။။။။။။။။။။။။။။။။။။။။။။

           မုတ္တမဆိပ်ကမ်းမှာ ငေးမောရင်း နောက်တစ်ခုသတိပြုမိသည်က အဖြူနဲ့အပြာရောယှက်နေသော ငှက်စင်ရော်လေးများပါ  ၊ သင်္ဘောသွားရာလမ်းတလျှောက် လိုက်ပါပျံသန်းရင်း ခရီးသည်များလှမ်းပစ်ပေးသော အစားအစာလေးတွေကို မလွတ်တမ်းဖမ်းယူစားသောက်ပျော်ပါးနေကြသော စင်ရော်လေးတွေကိုငေးကြည့်မိတော့ ဘယ်ဆီ ဘယ်ဝယ် တမ်းတကာ လွမ်းရမည်မှန်းမသိသော တွတ်ပီဘဝရယ်ပါ😔 

            ထိုကာလဆီက အလွန်ပင်ခေတ်စားလှသော အလွမ်းတေးသမားလေး တေးသံရှင် မင်းအောင် ရဲ့ " စင်ရော်လေးတွေ ကြင် ဖော်  ကြင်ဖော် စုံညီ.." ဆိုသောတေးသီချင်းလေး နားမှာပြန်ကြားမိတော့ ရွာကငယ်ချစ်ဦး မသေးမျှင်ကို လွမ်းမိသလိုလို..  

            သို့ပေမင့် တာဝန်ကို ဦးစားပေးရသော စစ်သားဘဝပေမို့  တာရှည်စွာလွမ်းဆွတ်မနေအား  ၊ ခဏအကြာမှာပင် ဆိပ်ကမ်းသို့  ဆိုက်ကပ်လာသော မြစ်တွင်းသွား { ၂ }ထပ် သင်္ဘောပေါ်သို့  ဘူတာရှိ ပစ္စည်းများကို ထမ်းပိုးသယ်ဆောင်ကြရပါလေ၏၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံမှ စစ်ဆင်ရေးနှုတ်မိန့်သွားရောက်နာခံကြသော တပ်မှအရာရှိများလည်း ပြန်လည်ရောက်ရှိလာပြီမို့၊ နံနက်စာစားပြီးစမှာပင် တွတ်ပီတို့ တပ်ရင်းတစ်ရင်းလုံးလိုက်ပါလာသော နှစ်ထပ်သင်္ဘောသည် သံလွင်မြစ်အတိုင်း တရွေ့ရွေ့ဆန်တက်ထွက်ခွာလာခဲ့ပါတော့သည်၊  

            မုတ္တမမှသည် သံလွင်မြစ်ကြောင်းအတိုင်း သင်္ဘောခရီးစဉ်ဖြင့် ဖားအံသို့ တွတ်ပီတို့တတွေ  ချီတက်ကြရပါတော့မည်၊ ထိုရေကြောင်းခရီးကား မဝေးကွာလှသော်လည်း ပေါ့ဆ၍တော့ မရပါချေ၊ ကေအင်န်ယူ သောင်းကျန်းသူများက မကြာသေးမီကာလကပင် ဖားအံမှလာသော ခရီးသည် တင်နှစ်ထပ်သင်္ဘောကို မြစ်ကမ်းပေါ်မှ နေရာယူပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည်တချို့နှင့် လုံခြုံရေးအစောင့်ရဲဝန်ထမ်းများ ထိခိုက်ဒဏ်ရာရကြသေးသည်မဟုတ်ပါလား...

            သင်္ဘောအစောင့်ရဲဝန်ထမ်းများ၏ ရဲရဲဝံ့ဝံ့ ခုခံမှုကြောင့် သင်္ဘောတစ်စီးလုံး ခုတ်မောင်းလွတ်မြောက်ခဲ့သော်လည်း သေသူသေ၊ မှန်သူမှန်၊ သင်္ဘောဆလင်ခန်းပင် မီးစွဲလောင်သဖြင့် မနည်းငြိမ်းသတ်ခဲ့ကြရကြောင်း သိထားရ၍ တွတ်ပီတို့လည်းမပေါ့ဆရဲပါ၊ အပေါ်ထပ်ရော အောက်ထပ်ပါ စက်လတ်များ၊ လောင်ချာများကို အသင့်ပြင်ဆင်နေရာချထားပြီး ရန်သူတိုက်ခိုက်မှုနှင့်တွေ့ကြုံလာခဲ့ပါက ပြန်လည်တိုက်ခိုက်နိုင်ရေး အသင့်ပြင်ဆင်ချီတက်ခဲ့ရပါသည်...

        သံလွင်ကို ဆန်တက်နေရသည်မို့ထင့်၊ သင်္ဘောသည် ဖြည်းနှေးစွာပင် တရွေ့ရွေ့ခုတ်မောင်းလာခဲ့ရင်း တွတ်ပီတို့လည်း ကမ်းနှစ်ဘက်ဆီကို သတိကြီးစွာထား၍ မျက်ခြည်မပြတ် ကြည့်ရှုလိုက်ပါရင်းပေါ့၊ မြစ်ကမ်းနှစ်ဘက်ရှိ အစီရရီတည်ရှိနေသောရွာကြီးရွာငယ်များကို သစ်ရိပ်ဝါးရိပ်တွေ စိုစိုပြည်ပြည်အကြား လှမ်းမြင်တွေ့နေရသဖြင့် စိုက်ရေးပျိုးရေးကောင်းမွန်သောဒေသများဖြစ်ကြပြီး စီးပွားရေးလည်းချောင်လည်တောင့်တင်းသောနယ်မြေများဖြစ်ကြောင်း သုံးသပ်နိုင်ပါ၏  ၊

        နယ်မြေအေးချမ်းသာယာ၍ သောင်းကျန်းသူများမရှိပဲ လွတ်လပ်စွာလုပ်ကိုင်စားသောက်နေထိုင်ကြရပါက မည်မျှတိုးတက်ဖွံ့ဖြိုးပြီး ပျော်စရာကောင်းသောအရပ်ဒေသများဖြစ်ပါခြိမ့်နည်း၊ ယခုတော့ အစိုးရတပ်များလာလျှင် ပေါ်တာအဖြစ်ချောဆွဲမှာကြောက်ရ၊ သောင်းကျန်းသူကျပြန်တော့ လူသစ်စုခံရမှာစိုး၊ သည်ကြားထဲ ဆက်ကြေးကလည်းမလွတ်ဆိုတော့ ကျွဲနှစ်ကောင်ကြားက မြေစာပင်ဘဝ သူတို့အဖြစ်များကိုတွေးမိရင်း တွတ်ပီမှာ စိတ်မသက်မသာဖြစ်မိပါသေးသည်၊  

            လမ်းခရီးတလျှောက်မှာ မည်သည့်နှောက်ယှက်ပစ်ခတ်ခံရမှုမှမကြုံတွေ့ရပဲ ထိုနေ့က ရည်မှန်းချက်ဖြစ်သော ကရင်ပြည်နယ်မြို့တော် ဖားအံသို့ ညနေစောင်းမှာ တွတ်ပီတို့တပ်ရင်း ချောချောမောမောရောက်ရှိခဲ့ကြပါသည်၊ မြို့လယ်ခေါင်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဖြန့်ခွဲညအိပ်အခြေပြုခဲ့ကြရပြီး စိတ်အေးချမ်းစွာ အနားယူနိုင်ခဲ့ကြပါသည်၊  

         ထိုအချိန်ကာလက ကရင်ပြည်နယ်ရှိ ကေအင်န်ယူသောင်းကျန်းသူတို့မှာ အင်အားကောင်းကောင်းတောင့်တင်းမှုမရှိသေးပဲ တိုက်ပွဲကြီးများလည်း ဖြစ်ပွားမှုနည်းပါးသည့်အချိန်ကာလဖြစ်ပါသည်၊ ဖားအံတွင် ရတခစစ်ဌာနချုပ်မှ အခြေချစစ်ဗျူဟာတစ်ခုသာ ကွပ်ကဲမှုအဖြစ်နေရာချထားပြီး စစ်ဆင်ရေးကို ကွပ်ကဲလို့ရနေသည့်အနေအထားဖြစ်ပါသည်၊ 

           နောက်တစ်နေ့မနက်မှာတော့ ဖားအံရှိ စစ်ဗျူဟာထံ စစ်ဆင်ရေးအမိန့်နာခံပြီး တွတ်ပီတို့တပ်ရင်း ဆက်လက်ချီတက်ရန် အရပ်ဘက်ချောယာဉ်များရောက်ရှိလို့လာခဲ့ပါချေပြီ၊ ရည်မှန်းချက်သည်ကား လှိုင်းဘွဲ့ဆိုသောမြို့ကလေးဆီသို့ပါတည်း၊

        ကားပေါ်မတက်မီ ဖားအံကမ်းနားတဝိုက် လမ်းလျှောက်ကြည့်မိရာ ကရင်လူမျိုးတို့၏ယဉ်ကျေးမှုအမှတ်အသားဖြစ်သော ဖားစည်ကြီးနှင့်တကွ ဖားရုပ်များကိုလည်း ပုံဖော်ထုဆစ်ထားကြောင်း တွေ့မြင်မှတ်သားရပြီး အုန်းသီး,အုန်းပင်များ လွန်စွာပေါများကာ အုန်းထန်းလျက်တွေလည်းရောင်းချနေကြောင်း ပြန်လည်မှတ်မိနေခဲ့ပါသည်၊ ကားများပေါ်သို့ တပ်ခွဲအသီးသီးတက်ရောက်နေရာယူပြီးနောက် တွတ်ပီတို့တစ်ရင်းလုံး မော်တော်ယာဉ်များဖြင့် ဆက်လက်ချီတက်ခဲ့ကြရာ ညနေပိုင်းတွင် ယာဉ်ဆင်းရပ်ဖြစ်သော လှိုင်းဘွဲ့မြို့အနီးရှိ ကော့လှိုင်းရွာသို့ရောက်ရှိကာ ညအိပ်ရပ်နားရင်း နောက်တစ်နေ့ခရီးစဉ်အတွက်အားမွေးကာ ပြင်ဆင်နေခဲ့ကြရပါပြီတည်း....။

မနက်ဖန်တော့ ခြေလျင်ခရီးတွေနဲ့ " ကျောပိုးအိတ်ကလေးလွယ်ကာ ချီ " ပေါ့၊ ကရင်ပြည်နယ်စစ်ဆင်ရေးက ကာလသိပ်မကြာရှည်ခဲ့ပေမယ့် တွေ့ခဲ့ ကြုံခဲ့ရတာလေးတွေတော့ မှတ်မိသလောက် ပြန်ရေးပေးမှာပါ၊ ဒေသန္တရ ဗဟုသုတလေးတွေ မျှဝေရင်းပေါ့....

         နောက်နေ့မှ ဆက်တာပေါ့ဗျာ၊ ရေးမိရင်တော့ ရေးလက်စနဲ့ နေ့စဉ်ရေးဖြစ်အောင် ကြိုးစားပေးမှာပါ၊ နေမင်းရောင်စစ်ဆင်ရေးက ကာလသိပ်မကြာလို့၊ ရှမ်းတောင်က လေးမာရ်အောင်နဲ့တွဲပြီး စစ်ဆင်ရေးနှစ်ခု ပေါင်းရေးပေးမှာပါ၊ ကွန်မင့်လေးတွေများများဖတ်ရရင် ရေးအား ပိုရှိတာပေါ့ဗျာ   

ချစ် ကြည် စွာ ဖြင့်

( ယုံ  လေး )

#NayMinMaung

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=636170390118234&id=579092629159344

အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=636711423397464&id=579092629159344

အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=637398343328772&id=579092629159344

အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=637994659935807&id=579092629159344

အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=638463139888959&id=579092629159344

အပိုင်း(၇)
https://m.facebook.com/story.php?story_fbid=639030583165548&id=579092629159344

အပိုင်း(၈)
https://m.facebook.com/story.php?story_fbid=639684429766830&id=579092629159344

အပိုင်း(၉)
https://m.facebook.com/story.php?story_fbid=640168833051723&id=579092629159344

အပိုင်း(၁၀)
https://m.facebook.com/story.php?story_fbid=640729532995653&id=579092629159344

အပိုင်း(၁၁)
https://m.facebook.com/story.php?story_fbid=641202832948323&id=579092629159344

အပိုင်း(၁၂)
https://m.facebook.com/story.php?story_fbid=641750296226910&id=579092629159344

အပိုင်း(၁၃)
https://m.facebook.com/story.php?story_fbid=642349856166954&id=579092629159344

အပိုင်း(၁၄)
https://m.facebook.com/story.php?story_fbid=642911996110740&id=579092629159344

အပိုင်း(၁၅)
https://m.facebook.com/story.php?story_fbid=643503152718291&id=579092629159344

အပိုင်း(၁၆)
https://m.facebook.com/story.php?story_fbid=643998989335374&id=579092629159344

အပိုင်း(၁၇)
https://m.facebook.com/story.php?story_fbid=644562052612401&id=579092629159344

အပိုင်း(၁၈)
https://m.facebook.com/story.php?story_fbid=645069299228343&id=579092629159344

အပိုင်း(၁၉)
https://m.facebook.com/story.php?story_fbid=645682885833651&id=579092629159344

အပိုင်း(၂၀)
https://m.facebook.com/story.php?story_fbid=646267935775146&id=579092629159344

အပိုင်း(၂၁)
https://m.facebook.com/story.php?story_fbid=646788835723056&id=579092629159344

အပိုင်း(၂၂)
https://m.facebook.com/story.php?story_fbid=647345052334101&id=579092629159344

အပိုင်း(၂၃) နိဂုံးပိုင်း
https://m.facebook.com/story.php?story_fbid=647917105610229&id=579092629159344