လွန်ခဲ့တဲ့ ၃၃နှစ် ရှစ်လေးလုံးနေ့ကို ဒီနေ့ပြန်သတိရပါတယ်။ဆန်နီပစ်ကပ်ပေါ်မှာ မိသားစုနဲ့ သူငယ်ချင်းများကိုတင်ပြီး ကျိုက္ခမီလူထုနှင့်အတူ ကျိုက္ခမီမြို့ထဲ လှည်လည်ခဲ့ကြပါတယ်။အဲဒီနောက် သံဖြူဇရပ်မြို့ကို ချီတက်ခဲ့ကြပါတယ်။ကျိုက္ခမီကို ညနေ၆နာရီလောက်မှ ပြန်ရောက်ကြပါတယ်။
ည၈နာရီလောက်မှာ မြို့လယ်က သပိတ်ကို ရောက်သွားတော့ သပိတ်ထဲမှာ ပါတီကောင်စီလူကြီးများကို တွေ့လိုက်ရပါတယ်။ဒီနေ့တစ်နေ့လုံး ပါတီကောင်စီအလိုမရှိလို့ ကြွေးကြော်ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားသောအားဖြင့် ပါတီကောင်စီများ သပိတ်မှာ မပါဝင်သင့်သေးပါ။သပိတ်ပြီးတော့မှ ကိုယ်ကြိုက်တဲ့လမ်းကို လိုက်ကြပါလို့ ကျွန်တော် အေးအေးဆေးဆေးပဲပြောလိုက်ပါတယ်။
ဒီလိုပြောရကောင်းလားဆိုပြီး ကျွန်တော့်ကို တုတ်များဓားများဖြင့် ခြိမ်းခြောက်ပြီး သပိတ်ကနေ မောင်းထုတ်ခဲ့ကြပါတယ်။ဒီမိုကရေစီနည်းလမ်းကျစွာ ကိုယ့်သဘောထားကို ငြိမ်းချမ်းစွာတင်ပြခဲ့တဲ့ ကျွန်တော့်ကို တုတ်ဓားပြပြီး မောင်းထုတ်ခဲ့ကြတဲ့သူများဟာ သပိတ်ပြီးတဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မြို့နယ်လူကြီးများဖြစ်လာကြပါတယ်။
ဒီအဖြစ်အပျက်ကို အခြေခံပြီး ၁၀-၁-၂၀၀၇နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့မှာ ဖော်ပြပါရှိခဲ့တဲ့ ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ ဆောင်းပါးမှာ ထစ်ကနဲဆို တုတ်ဆွဲဓားဆွဲ အကြမ်းဖက်စိတ်ဓာတ်ရှိသူများပါဝင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အာဏာရသွားရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တုတ်ဆွဲဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းသိပြည်သိ သတိပေးရေးသားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်ဗိုလ်ချုပ်နဲ့မတူခဲ့ပါဘူး၊ဗိုလ်ချုပ်ဟာ ပြည်သူတွေရဲ့ အားနည်းချက်တွေကို အမြဲတမ်းထောက်ပြပြောဆိုခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေရဲ့ အားနည်းချက်တွေကို ပြောဆိုဆုံးမမှုမလုပ်ခဲ့ပါဘူး။
ဒါကြောင့်ခုခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သေနတ်ဆွဲ ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်နေတာ တိုင်းပြည်အတွက် မကောင်းပါ။
ငါးမင်းဆွေ
၈-၈-၂၀၂၁