Monday, August 9, 2021

“အသားလိုမကျင့်နဲ့ ဆားလိုကျင့်” ~


ဒီနေ့ ခေတ်ကတော့ဗျာ ၊ဓလေ့တွေ ရောကုန်ပြီ
အင်တာနက် ခေတ် ဆိုတာကိုးဗျ။

ကမ္ဘာ ကြီးကလည်း ရွာ ဖြစ်သွားပြီတဲ့ ကမ္ဘာရွာဆိုတာကိုး၊ကမ္ဘာရွာကြီးထဲ အရှေ့ အနောက် ဓလေ့တွေ ရောကုန်ပြီ။

ဟိုက ထိုင်ရာမထ လွှတ်လိုက်တဲ့ ဓလေ့ ဆန်းတွေက တန်းခနဲ ရောက်လာတာ။

ဒီလို ခေတ်ကြီးထဲမှာ တို့လူ ဖြစ်ရမှာ ငယ်သူတွေ သတိထားရတော့မယ်၊ ဓလေ့ချင်း လူမျိုးချင်း 
အရောခံရတော့မယ်နော်။

သတိကြီးကြီး ထားပြီး နေကြရတော့မယ်။

တို့ ရဟန်းဖြစ်စက ရွှေဘို ဝေဠုဝန်ကျောင်းမှာ နေခဲ့တာကိုး၊အဲဒီမှာ လှူဒါန်းကြတဲ့ ဆွမ်းဟင်းတွေကို ဟင်းလေးအိုးကြီး ဆိုပြီး ဟင်းပေါင်း လုပ်လိုက်ပါရောဗျ။ 

ကြက် ဝက် ငါး သရက်ချဉ် စသည် ဖြင့် အကုန်ရောထား ပေါင်းထားလိုက်တာ ကြက် ကလည်း ကြက်အရသာ မထွက်တော့ဘူး။

ဝက်လည်း ဒီလိုဘဲ ငါးလည်း အတူတူဘဲ ဘူးသီး ဖရုံသီးတွေလည်း မထူးတော့ဘူး၊ဟင်းလေးအိုးကြီးထဲမှာ ကိုယ်ပိုင်အရသာ သီးခြား အရသာရယ်လို့ 
ရှာမတွေ့တော့ဘူး၊ အားလုံး ရောကုန်ပြီ။

ဒီဟင်းလေးအိုးကြီးထဲမှာ ကြက်လည်း ကြက်အရသာပျက် မကောင်းတော့ဘူး။

ဝက်လည်း ဝက်အရသာပျက် မကောင်းတော့ဘူး။

အဲဒီတော့ ဟင်းလေးအိုးကြီးထဲက အသားမဖြစ်ကြစေနဲ့၊ဖြစ်ချင်းဖြစ်ရင် ဆားပဲ ဖြစ်ကြပါစေ။

ကြက် ဝက် ဆိုတဲ့ အသားတွေ အရသာပျက်ပေမယ့် ဆားကတော့ အရသာ မပျက်ဘူး၊ဆားက သူ့သတ္တိ ကို မစွန့်ဘူး။

ကြက် ဝက် ငါး ဗူး ဖရုံ သခွားတွေ ပေါင်းလိုက် ရောလိုက်တာနဲ့ အရသာပျက်သွားပေမယ့် ဆားကတော့ ငန် တဲ့ အရသာ မပျက်ဘူးနော်။

အဲဒီတော့ ဒီနေ့ ကမ္ဘာရွာကြီး ဆိုပြီး ဓလေ့ပေါင်းစုံ 
ရောမွှေ ခံနေရချိန်မှာ ကိုယ့်လူမျိုးရဲ့ ဓလေ့ ကိုယ့်လူမျိုးရဲ့ ဘာသာ၊ သာသနာ၊ဓလေ့၊ ထုံးတမ်း စဉ်လာ ကောင်းတွေကို မစွန့်ကြပါနဲ့။

အသားလို မကျင့်နဲ့-ဆားလို ကျင့်ရမည့် အချိန် ပါ။
ကိုယ့်လူမျိုးရဲ့ သတ္တိ ကို မစွန့်ပါနဲ့။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏
တရားကုသိုလ်မျှဝေပူဇော်ပါသည်#
Thinn