ညတိုက်ပွဲဆိုသည် နေဝင်ပြီး မှောင်စပျိုးချိန်ကနေစလို့ နောက်တစ်နေ့ မနက်နေထွက်ခါစ အရုဏ်တက်ချိန် အတောအတွင်း ဖြစ်ပွားသောတိုက်ပွဲများအားလုံးကို ဆိုလိုခြင်းဖြစ်သည်။
ညတိုက်ပွဲကိုဆင်နွှဲရခြင်းနှင့်ပတ်သတ်၍ ယေဘူယျအားဖြင့် အဓိကရည်ရွယ်ချက်များ ရှိကြသည်။ထိုအဓိကရည်ရွယ်ချက်များက
-အမှောင်ထုကို အကာအကွယ်ယူပြီး ရန်သူအား အလစ်အငိုက်ရယူကာ လက်စတုန်းချေမှုန်း/တိုက်ခိုက်သိမ်းပိုက်ရန်
-ရန်သူတပ်များ ကောင်းစွာမနေနိုင်ဘဲ အနေအစားပျက်စေရန်
(နပိုလီယန်၏တပ်များကို ရုရှားကော့ဆက်လူမျိုး မြင်းစီးတပ်ဖွဲ့များက ဆောင်းရာသီရဲ့ ရှည်လျားတဲ့ ညအချိန်ကာလတွေမှာ အနေအစားပျက်အောက် အမြဲလိုလို အမျိုးမျိုး နှောင့်ယှက်တိုက်ခိုက်ဖျက်စီးပစ်နိုင်ခဲ့ကြသည်မှာ သာဓကပင်ဖြစ်သည်)
-အမှောင်ထုကြောင့် မိမိတပ်၏ လူထိခိုက်အကျအဆုံးများ နည်းနိုင်သမျှလျော့နည်းသက်သာနိုင်စေရန်
စသည်တို့ ဖြစ်ကြလေသည်။
ညတိုက်ပွဲများ ဆင်နွှဲခြင်းက မိမိဘက်က စစ်နည်းဗျူဟာသာရင်သာသလို ပထဝီမြေပြင်
အနေအထားနဲ့ရာသီဥတုအခြေအနေတို့ကို အကဲခတ်သုံးသပ်ကြည့်ပြီး အလိုက်သင့် စစ်ကစားကာ နေ့ဘက်တိုက်ပွဲများဆင်နွှဲခြင်းထက် အကျိုးကျေးဇူးပိုများသလို အခွင့်အလမ်းများလည်းပိုရရှိတတ်ကြလေသည်။ထိုသို့ ညဘက်တွင်တိုက်ပွဲများဆင်နွှဲခြင်းဖြင့် ရရှိနိုင်မယ့်
အကျိုးကျေးဇူးများကတော့
(၁)မိမိတပ်များ အမှောင်ထုကို အကာအကွယ်ပြု
ကာ မိမိဘက်က ရန်သူကို ကောင်းစွာမြင်နိုင်ပြီး ရန်သူဘက်က မိမိအား ကောင်းစွာမမြင်နိုင်သည့်အပြင် ရန်သူ့ဘက်မှ မိမိအား ထိရောက်သည့် တန်ပြန်ပစ်ခတ်တိုက်ခိုက်မှုများလည်း ကောင်းကောင်းပြန်မလုပ်ဆောင်နိုင်တော့မည့် အခွင့်အလမ်းများပိုရနိုင်ခြင်း
(၂)ရန်သူတပ်များအား မိမိဘက်မှ ညအချိန်အမှောင်အတွင်း အင်အားအနည်းငယ်နှင့် တုန်လှုပ်သွားအောင်ခြိမ်းခြောက်နိုင်ရုံသာမက ရန်သူရဲ့တိုက်ခိုက်ချင်စိတ်အဟုန် Momentum ကျဆင်းသွားသည်အထိပြုလုပ်နိုင်ခြင်း
(၃)ရန်သူကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားနိုင်ခြင်း
(ငရမန်ကန်းက ပြည်တော်သာကျွန်းရှိ ရွှံ့ညွန်တောထဲမှာ နှီးနဲ့ပြုလုပ်ထားတဲ့ ဆင်ရုပ်၊မြင်းရုပ်နဲ့လူအရုပ်များကိုချထားကာ ညအချိန်ရောက်လာတဲ့ စောလူးမင်းရဲ့တပ်များကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားသွား
နိုင်ခဲ့သည့် သာဓကများရှိသည်)
(၄)ညအချိန်များ၌ အမှောင်ထုကိုအကာအကွယ်ယူထားနိုင်တာကြောင့် နေ့ဘက်အချိန်များထက်စာရင် ရန်သူ့တပ်သားများဆီသို့ အနီးကပ် တိတ်တဆိတ် ချဥ်းကပ်သွားရောက်၍ ချေမှုန်းတိုက်ခိုက်နိုင်သည့် အခွင့်အလမ်းများပိုရရှိနိုင်ခြင်း
(၅)မိမိတပ် ချီတတ်ရာလမ်းကြောင်းတစ်လျောက်မှာရှိတဲ့ အတားအဆီးများကို တိတ်တဆိတ် ဖြတ်ကျော်နိုင်ခြင်းတို့ ဖြစ်ကြလေသည်။
ညအချိန် ညစစ်ဆင်ရေးများဆင်နွှဲရာ၌ အဓိကအားဖြင့် ရန်သူအား အငိုက်ရယူလိုခြင်းဆိုသည့် အခြေခံကျသည့်ရည်ရွယ်ချက်ပါရှိကာ ထိုအခြေခံကျတဲ့ အဓိကရည်ရွယ်ချက်နှင့်ဆက်စပ်၍ ပထဝီမြေပြင်အနေအထားတွေကိုလည်း အကဲခတ်သုံးသပ်ခွဲခြားနိုင်ရမည်ဖြစ်သည်။ဆွန်ဇူးက ပထဝီမြေပြင်အနေအထားနှင့်ပတ်သတ်၍ ထိုသို့မိန့်ဆိုထားခဲ့သည်။
"ပထဝီမြေပြင်အနေအထားကို ခြောက်မျိုး ခွဲခြားထားနိုင်၏။ယင်းတို့မှာ
၁။သွားလာရ လွယ်ကူသော မြေ
၂။ပြန်ဆုတ်ရခက်သော မြေ
၃။အကျိုးမဲ့ မြေ
၄။အကျဥ်းအကျပ် မြေ
၅။အန္တရာယ် မတ်စောက်မြေ
၆။ရန်သူနှင့် အလှမ်းဝေးမြေ
တို့ပင် ဖြစ်ကြလေသည်။"
ဟူ၍ မိန့်ဆိုထားခဲ့သည်။
ညတိုက်ပွဲများဆင်နွှဲခြင်းနဲ့ပတ်သတ်၍ ကမ္ဘာအနှံ့က စစ်ခေါင်းဆောင်များနှင့်စစ်ပညာရှင်များရဲ့ အမျိုးမျိုးအဖုံဖုံ သုံးသပ်မိန့်ဆိုထားသည်များမှာ များစွာရှိသလို သာဓကပြစရာစစ်ပွဲများလည်း များစွာရှိကြလေသည်။သာဓကအချို့အနေနဲ့ပြမယ်ဆို ဒုတိယကမ္ဘာစစ်ကာလက အာဖရိကစစ်မျက်နှာ နှင့် အာရှစစ်မျက်နှာများ၊ကိုရီးယားစစ်ပွဲ၊ဗီယက်နမ်စစ်ပွဲ၊အစ္စရေးလ်-အာရပ် စစ်ပွဲများ၊ရုရှား-ဂျပန်စစ်ပွဲ၊ရုရှား-ဖင်လန်စစ်ပွဲ တို့ဖြစ်ကြလေသည်။ကိုရီးယားစစ်ပွဲနှင့်ဗီယက်နမ်စစ်ပွဲများတွင် ညစစ်ဆင်ရေးများဆင်နွှဲပြီး အောင်မြင်မှုကြီးကြီးမားမားရခဲ့ကြသည့် ညတိုက်ပွဲကြီးများရှိခဲ့ကြသည်။ဒုတိယကမ္ဘာစစ်၊ဗီယက်နမ်စစ်ပွဲ နှင့် ရုရှား-ဂျပန်စစ်ပွဲ များတွင် မီးအလင်းရောင်များအသုံးပြုပြီးတိုက်ခဲ့ကြသည့် ညတိုက်ပွဲမျိုးများလည်း ရှိခဲ့ကြ၏။မီးအလင်းရောင်များအသုံးပြုသည့်ညတိုက်ပွဲဆိုသည်ကား ခံစစ်ဆင်သူရော ထိုးစစ်ဆင်သူဘက်ကပါ နှစ်ဖက်စလုံးက မီးရောင်များ အသုံးပြုကာ တိုက်ခိုက်ကြသည့် ညတိုက်ပွဲများပင်ဖြစ်ကြသည်။ခံစစ်ဆင်သူတွေဘက်က ရန်သူများအား Searchlight များဖြင့် ရှာဖွေပြီး ထိုးစစ်ဆင်သူတွေဘက်ကလည်း မီးကျည်များကို မိမိတိုက်မည့် ရည်မှန်းချက်နေရာများပေါ်သို့ ပစ်တင်ကာ အလင်းရောင်ရစေပြီး တိုက်ခိုက်ကြခြင်းမျိုးဖြစ်ကြလေသည်။
ညတိုက်ပွဲဆင်နွှဲရာတွင် အရင်းအနှီးနည်းနည်းနှင့် အမြတ်များများရရှိနိုင်တာကြောင့် စစ်ပညာရှင်အများစုက ညတိုက်ပွဲဆိုသည် သာမန်စစ်နည်းဗျူဟာမျိုးမဟုတ်ဘဲ အထူးစစ်နည်းဗျူဟာဖြစ်တယ်လို့လည်း ဆိုထားကြသည်။သို့သော် စစ်ရေးစစ်ရာဆိုသည်မှာ အမြဲ ပုံမှန်အနေအထားမရှိတာကြောင့် ညဘက်စစ်ဆင်ရေးများဖြင့် အောင်ပန်းကိုဆွတ်ခူးနိုင်စေကာမူ များသောအားဖြင့် ရှူံးနိမ့်ရန်လမ်းက ပိုမိုများပြားနိုင်တယ်လို့လည်း နပိုလီယန်အပါအဝင် အချို့သောစစ်ခေါင်းဆောင်များက ယူဆထားခဲ့ကြသည်။ဆွန်ဇူးကတော့ ဤသို့မိန့်ဆိုထားခဲ့သည်များရှိသည်။
"စစ်ရေးစစ်ရာမှာ အမြဲ ပုံမှန်အနေအထားမရှိ၊ရေသည်လည်း အမြဲတိကျသော အသွင်သဏ္ဍာန်မရှိ မရှိ။ရန်သူ့အခြေအနေ အပြောင်းအလဲအပေါ် မူတည်ပြီး အောင်ပွဲရယူနိုင်သူကား နတ်သို့အလား စစ်ပရိယာယ်ကြွယ်ဝပါပေ့ဟု အံ့ဖွယ်ချီးကျူးဂုဏ်ပြုထိုက်သည်မှာ အမှန်ပင်ဖြစ်၏"ဟူ၍ ဖြစ်သည်။
ညတိုက်ပွဲများတွင် အချိန်အပိုင်းအခြားကိုကြည့်ပြီးခွဲခြားမည်ဆိုပါက ယေဘူယျအားဖြင့် ညတိုက်ပွဲ အမျိုးအစား ၂မျိုးရှိသည်ဟု သတ်မှတ်နိုင်သည်။
(၁)မနက်နေထွက်ခါစအရုဏ်တက်တိုက်ပွဲ။ ။
နေထွက်ခါစအရုဏ်တက်ချိန်(လေး၊ငါးနာရီအချိန်မျိုးများ၌) ရန်သူ့ခံစစ်စည်း၊ရန်သူ့စခန်း စသည့် မိမိ ရည်မှန်းထားတဲ့ရန်သူ့နေရာများကို ညအမှောင်နှင့်အလင်းရောင်မှိုင်ပျပျအောက်တွင် အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ရန်ရည်ရွယ်၍ ဆင်နွှဲကြခြင်းဖြစ်လေသည်။ထိုသို့ Dawn attack ဖြင့် ညတိုက်ပွဲဆင်နွှဲကြသည့် နည်းနာကို ဗီယက်နမ်စစ်ပွဲတွင် မြောက်ဗီယက်နမ်နှင့် ဗီယက်ကောင်းတို့ အများဆုံးအသုံးပြုခဲ့ကြသလို မော်စီတုန်းရဲ့ တရုတ်နီတပ်တို့လည်း အသုံးပြုခဲ့ကြ၏။မြန်မာတွင်လည်း ထိုနည်းနာကို တပ်မတော်စစ်သမိုင်းတစ်လျောက်ကြည့်လျှင် အရှေ့မြောက်စစ်ဒေသ ဗကပ ခေါ် အသူရာတို့ အများဆုံးအသုံးပြုခဲ့ကြသလို နောက်ပိုင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သူပုန်အဖွဲ့များဖြစ်သည့် KIA၊TNLA၊MNDAA နဲ့ AA တို့လို EAOs များလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီဖြစ်သည်။တပ်မတော်ကလည်း ထိုနည်းနာကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့သည့်တိုက်ပွဲပေါင်းမြောက်များစွာရှိပါသည်။၁၉၇၄ ခုနှစ်အတွင်းတွင် တပ်မတော်က ကွန်မန်ဒိုတပ်ဖွဲ့များနှင့် ရန်သူကို အဖက်ဖက်ကနေဝိုင်းပတ်ပိတ်ဆို့ကာ အရုဏ်တက်တိုက်ပွဲ Dawn attack ဆင်နွှဲခြင်းဖြင့် ပဲခူးရိုးမဗကပ ဗဟိုဆေးကျောင်း အလင်းရောင်စခန်းကို အပြီးတိုင်လက်စတုန်းချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည့် သာဓကများရှိသည်။
(၂)နေ့ဘက်အချိန်များတွင်ဖြစ်သောတိုက်ပွဲများရဲ့အချိန်တစ်စိတ်တစ်ပိုင်းပါဝင်သည့် ညတိုက်ပွဲ။ ။နေ့ဘက်အချိန်များတွင်တိုက်ပွဲဖြစ်ကြသည်၊သို့သော်တိုက်ပွဲများမှာမပြီးပြတ်သဖြင့် ညဘက်တွင်ဆက်လက်တိုက်ခိုက်ကြသည့် တိုက်ပွဲများကိုဆိုလိုခြင်းဖြစ်၏။ထိုတိုက်ပွဲမျိုးများက တိုက်ပွဲကြီးများတွင်သာ အများဆုံးတွေ့ရှိရသည်။မြန်မာတွင် ဘုရင်လက်ထက်က တရုတ်-မြန်မာ စစ်ပွဲများ၊လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွေမှာဖြစ်ပွားခဲ့ပြီး လူသိအများဆုံးလည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်အင်းစိန်တိုက်ပွဲ၊မူဂျာဟစ်နှိမ်နှင်းစစ်ဆင်ရေးများ၊တရုတ်ဖြူကူမင်တန်တပ်များနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၊၁၉၆၅ ခုနှစ်နောက်ပိုင်း တပ်မတော်ရဲ့ဖြတ်လေးဖြတ် မဟာဗျူဟာနဲ့အတူ ဆင်နွှဲခဲ့သည့် မြစ်ဝကျွန်းပေါ်နဲ့ပဲခူးရိုးမပေါ်က စစ်ဆင်ရေးများ၊အရှေ့မြောက်စစ်ဒေသ ဗကပ များနှင့် တိုက်ခဲ့ကြတဲ့ သမိုင်းဝင်ကွန်လုံရက်၄၀တိုက်ပွဲ၊ခြူးရွှေပန်ကောက်၊မိုင်းယန်း၊မိုင်းယောင်း စသည့်တိုက်ပွဲကြီးများ၊အရှေ့တောင်တိုင်းနယ်မြေများက ဝမ်ခသစ်တို့လို နာမည်ကျော်စခန်းသိမ်းတိုက်ပွဲများ၊မဲသဝေါတိုက်ပွဲ၊လောက်ကိုင်ဒေသတိုက်ပွဲများအပြင် နောက်အခြားသောတိုက်ပွဲများလည်း များစွာရှိပါသေးသည်။ကွန်လုံရက်၄၀တိုက်ပွဲတွင် PRC.10 စက်ဖြင့် စကားဝှက် "ကောင်းတုံ" ဟုတောင်းခံကာ ညအချိန် ဗကပများ စုဝေးရောက်ရှိနေကြသည့် ဟိုက်ကမ်းပါးကုန်ပေါ်သို့ ဟောင်ဝစ်ဇာအမြောက်များနှင့် လေကွဲကျည်များပစ်ချခြင်းဖြင့် တပ်မတော်ရဲ့ ပစ်ခတ်လိုက်တဲ့ လေကွဲကျည်များကြောင့် ရန်သူဘက်မှလုံးဝအငိုက်မိသွားပြီး အင်အားဆယ်ဆမကသာလွန်သည့်ဗကပများ အတုန်းအရုံးကျသွားခဲ့ကြ၍ ရန်သူဗကပတွေအပေါ် တပ်မတော်က "အငိုက်ဖမ်းခြင်း Element of Surprise"ကို ရယူသွားခဲ့ခြင်းအားဖြင့် တိုက်ပွဲစဥ်ကြီးတစ်ခုလုံးကိုအလှည့်အပြောင်းဖြစ်စေခဲ့သည်မှာ သာဓကပင်ဖြစ်ပါတော့သည်။
#credit