Thursday, August 19, 2021

ပွဲလန့်တုန်းဖျာဝင်ခင်းပြီး ဘိုင်ဒင်ကို နုတ်ထွက်ခိုင်းကာ သူ့ကိုသတိရနေကြပြီမို့လားလို့ ပြောလိုက်တဲ့ ထရမ့်


အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန်ကနေ ရုတ်သိမ်းပြီးနောက် တာလီဘန်တို့က အာဖဂန်ကိုသိမ်းပိုက်တာနဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်ကို ရာထူးကနုတ်ထွက်ဖို့အတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့ပရိသတ်၊ နောက်လိုက်တွေအတွက်တော့ ကျေနပ်အားရစရာကောင်းတဲ့ပြောဆိုမှုမျိုးဖြစ်ပြီး အရှက်တကွဲအကျိုးနည်းဖြစ်ရပ်ကြောင့် နုတ်ထွက်သင့်တာလို့လည်း သူက ဆိုပါတယ်။ 

"အာဖဂန်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့် အခုချိန်က ဘိုင်ဒင်အနေနဲ့  အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါရဲ့ အရှိန်အဟုတ်ကြီးမားနေမှု၊ နယ်စပ်ကပ်ဘေး၊ စွမ်းအင်လွတ်လပ်မှုပျက်စီးခြင်းနဲ့ ချိနဲ့လာတဲ့စီးပွားရေးတွေနဲ့အတူသူ့ရာထူးကနုတ်ထွက်ဖို့ အချိန်တန်နေပြီဖြစ်ပါတယ်" လို့ ထရမ့်ကပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာလည်း မသမာမှုတွေနဲ့ အနိုင်ရရှိခဲ့တယ်ဆိုတဲ့ သူ့ရဲ့ပြောဆိုနေမှုတွေကိုလည်း ထပ်မံပြီးပြောဆိုခဲ့ပါတယ်။ 

"တကယ်ဆိုရင် ဒါက ကိစ္စကြီးကြီးမားမားတွေမဖြစ်သင့်ပါဘူး၊ ဘာလို့လဲဆိုရင် သူက ပထမနေရာကို တရားဝင်ရွေးကောက်တင်မြှောက်ခံခဲ့ရတာမဟုတ်လို့ပါ" လို့ ထရမ့်က ပြင်းပြင်းထန်ထန်ထိုးနှက်ပြောဆိုခဲ့ပါတယ်။ တာလီဘန်တွေက အာဖဂန်ရဲ့အရေးပါတဲ့ မြို့တွေကို ဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ကဘူးလ်မြို့တော်အထိ ရောက်ရှိကာ နိုင်ငံကို အလုံးစုံထိန်းချုပ်ဖို့အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ 

ထရမ့်က အာဖဂန်အရေးအမှာ ဘိုုင်ဒင်ရဲ့ ကိုင်တွယ်ပုံတွေအပေါ် ပြစ်တင်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့အစောပိုင်းမှာလည်း အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုတ်သိမ်းခဲ့တာကိုလည်း ရှုတ်ချတဲ့ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါသေးတယ်။ "ဝမ်းနည်းကြေကွဲဖွယ်ရာရှုပ်ထွေးမှုတွေ အာဖဂန်မှာဖြစ်ပွားနေသလို နယ်စပ်မှာလည်း လုံးလုံးကြီးပွင့်ထွက်နေပါတယ်၊ ရာဇဝတ်မှုတွေကလည်း စံချိန်တင်မြင့်တက်နေပြီး စက်သုံးဆီစျေးက ခေါင်ခိုက်နေပါပြီ၊ ငွေကြေးဖောင်းပွနေသလို တကမ္ဘာလုံးကလည်း အခွင့်ကောင်းယူနေကြပါတယ်၊ ငါ့ကို သတိရနေကြတယ်မဟုတ်လား" လို့ အဆိုပါထုတ်ပြန်ချက်
မှာ ပါဝင်ခဲ့ပါတယ်။ 

ထရမ့်အစိုးရလက်ထက်မှာလည်း အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုတ်သိမ်းဖို့အတွက် တာလီဘန်တို့နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဘိုင်ဒင်လက်ထက်မှာတော့ ရုတ်သိမ်းဖို့အတွက် ဆုံးဖြတ်ခဲ့ကာ ဒီအတွက်နောင်တမရဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။ ဘိုင်ဒင်အနေနဲ့ နိုင်ငံတွင်းမှာ ကိုဗစ်ကူးစက်မှုပြသနာကိုလည်း ဖြေရှင်းနေရပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေအရေးကိုလည်း ကိုင်တွယ်နေရကာ အာဖဂန်ကနေ ကန်သံရုံးဝန်ထမ်းနဲ့ အရပ်ဖက်ဝန်ထမ်းတွေကို ကယ်ထုတ်ဖို့လည်း လုံးပမ်းနေရတာဖြစ်ပါတယ်။

TheRiverNews