Friday, August 20, 2021

အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရ


နေပြည်တော် ဩဂုတ် ၁၉
နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အကျုံးဝင်သူ များကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုရုံးပိတ်ရက် သတ်မှတ်ကာလ များတွင်လည်း ပန်းခင်းစီမံချက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအဖြစ် ဝန်ကြီး ဌာနမှဆောင်ရွက်ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် မီဒီယာဖြင့် ပြည်သူများသို့ အသိပေး ဆောင်ရွက်ရန်စသည့် အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ 
  
ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထ ရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ရေရှည်တွင် ကျယ်ကျယ်ပြန့်ပြန့်ခိုင်ခိုင်မာမာဖြင့် နိုင်ငံတကာအဆင့်အတန်းမီ အသုံးပြုဆောင်ရွက် နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အနေဖြင့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စနစ် (e-ID Population Registry) ကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ e-ID စနစ်သည် နိုင်ငံတော်မှဆောင် ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားကို e-ID စနစ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် အခြားသောဆက်စပ်ဌာနများ မှ ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်းပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က e-ID Population Registry  လုပ်ငန်းနှင့် ပတ်သက်၍ ယခင်ကဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းဆိုင်ရာ တာဝန်ခံများက e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများအလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များနှင့် လိုအပ်သည်များ မေးမြန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး e-ID စနစ်လုပ်ငန်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံချက်စနစ်တကျရေးဆွဲ ဆောင်ရွက်နိုင် ရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူမှတ်တမ်းတင် ထိန်းသိမ်းခြင်း ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ ဖြစ်စေရေးနှင့် ဆက်စပ်ဌာနများ၊ နည်းပညာ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။

#MyanmarNationalPost
#mnpnews