နယက အစိုးရကာလကတည်းက နယ်စပ်ကုန်သွယ်ရေးငွေပေးချေမှုစနစ်များကို
ကျပ်-ယွမ်၊ကျပ်-ဘတ်၊ကျပ်-ရူပီး စသည်တို့ဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့်ညှိနှိုင်း
ဆောင်ရွက်ထားခဲ့သော်လည်း၊ဘဏ်အချင်းချင်းဆက်သွယ်မှုသာမက
ကုန်သည်ချင်း အရောင်းအဝယ်ပြုရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှု
ငွေပေးချေစနစ်(International Trade Payment System)ကဲ့သို့
ဖြစ်လာရန် လိုအပ်ချက်များရှိနေခဲ့ပါတယ်။
၂၀၀၇ ခုနှစ်ခန့်က တာချီလိတ်သို့ ရောက်ခဲ့စဥ် ကုန်သည်များက
ကျပ်နှင့်ဘတ် အသုံးပြုရောင်းဝယ်ရာတွင် အခက်အခဲရှိကြောင်း ပြောပြပါတယ်။
ဘဏ်မန်နေဂျာကြီးကို မေးမြန်းကြည့်ရာ "နိုင်ငံခြားငွေကိုင်ဆောင်သုံးစွဲခွင့်"ကို
ရုံးချုပ်ခွင့်ပြုချက်ရယူရန်အတွက် (၇)ရက်ကြို၍တင်ပြပြီး၊ခွင့်ပြုချက်ရရှိမှသာ
သုံးခွင့်ရှိကြောင်း ရှင်းပြပါတယ်။
ထိုစည်းမျဥ်းအတိုင်းမလိုက်နာဘဲကိုင်ဆောင်သုံးစွဲလျှင်
စည်းမျဥ်းစည်းကမ်းထုတ်တဲ့ဌာန က ထိထိရောက်ရောက် အရေးယူရဲ့လား၊
တာချီလိတ် တစ်မြို့လုံးမှာ ရှမ်းခေါက်ဆွဲစားတာ၊ပစ္စည်းဝယ်တာကအစ
ထိုင်းဘတ်ငွေတွေနဲ့ ရောင်းဝယ်သုံးစွဲနေတာတွေ များလာတဲ့အပေါ်
ဘဏ်က ဘာလုပ်ဖို့အစီအစဥ်ရှိသလဲ ဟု စာရေးသူက ဘဏ်မန်နေဂျာကြီးကို
မေးမြန်းသောအခါ မဖြေနိုင်တော့တာတွေ့ခဲ့ရဖူးပါတယ်။
ဘဏ်ရုံးလုပ်ငန်းစနစ်များဟာ တစ်နိုင်ငံလုံးအတွက် "ဇလုပ်တိုက်အမိန့်ညွှန်ကြား
ချက်ကြားတွင် အထက်မူဝါဒဖြင့်(ကျပ်-ဘတ်)သုံးခွင့်ကို တာချီလိတ်
နယ်စပ်ကုန်သွယ်ရေးကိစ္စကို(ချွင်းချက်အဖြစ်)ခွင့်မပြုတဲ့ကိစ္စမျိုးအပါအဝင်
ပင်လယ်ပြင်မှာ ကျောက်ဆူးချအိပ်ငိုက်နေသော ဘဏ်အဖွဲ့အစည်း
မဖြစ်သင့်တာတွေ့ရဖူးပါတယ်။
ထိုကာလများက ကုန်သည်များက ငွေ ၂ရင်း၊၃ ရင်း သုံးခဲ့ကြရသည့်ကိစ္စ၌
နှစ်ဘက်ဘဏ်များတွင်လုပ်ကိုင်ရခက်ခဲကြံ့ကြာခြင်းနဲ့
ကုန်သည်များကိုယ်တိုင်က hard currency ကို နယ်စပ်/ပင်လယ်ရေကြောင်း
တို့၌ အဆင်ပြေသလိုလှည့်သုံးရန်ရည်ရွယ်ချက်ရှိနေကြသောကြောင့်ဖြစ်
ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရကာလတွင် မိမိတို့နိုင်ငံအတွင်း ဘဏ်ကိုယ်စားလှယ်ရုံး
ဖွင့်လှစ်ခွင့်ပေးရေးစဥ်းစားခဲ့ကြရာတွင် criteria ထဲ၌
အဓိကကုန်သွယ်ဖက်နိုင်ငံ များ၏ငွေကြေးများနှင့် ဘဏ်ချင်းချိတ်ဆက်၍
ကုန်သွယ်ရင်းနှီးမြှုပ်နှံရောင်းဝယ်မှု လွယ်ကူချောမွေ့စေရန်နဲ့
ငွေကြေး(currency)တစ်မျိုးတည်းအပေါ်မှီခိုအားထားနေရခြင်းကို
လျှော့ချသွားနိုင်ရန် ပါဝင်ခဲ့ပါတယ်။
ယခု ဒေါ်လာငွေစျေး မတည်မငြိမ်ဖြစ်လာသောကာလ၌
ဒေါ်လာ ကို " ကျောက်ဆူးငွေကြေး(anchor currency)"အဖြစ် ဆုပ်ကိုင်လျက်
ကျောက်ချအိပ်ငိုက် မနေသင့်တော့တဲ့အချိန် ဖြစ်လာပါပြီ။
ကုန်သွယ်မှု နှင့် ရင်းနှီမြှုပ်နှံမှုနယ်ပယ် တို့ အနက်
အဓိကကုန်သွယ်ဖက်နိုင်ငံ များ၏ငွေကြေးများကို မိမိတို့၏စျေးဝယ်ရာ၌
သုံးမည့်"ငွေကြေးမျိုးစုံထည့်ထာသည့်ခြင်းတောင်း(Currency Basket)"နဲ့
စျေးဝယ်ထွက်မှသာ အသက်ရှူချောင်လာမှာပါ။
ငွေကြေးတစ်ခုတည်းကိုသုံးခြင်းထက်ငွေကြေးမျိုးစုံကို ခြင်းတောင်းထဲ
ထည့်သုံးခြင်းက ယခုကဲ့သို့ နိုင်ငံခြားငွေလဲနှုန်းမတည်ငြိမ်မှုမျိုးတွင်
အတက်အကျကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။
ကုန်သွယ်၊ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအနေနဲ့လည်း
ကျောက်ဆူးငွေကြေး(anchor currency)ဝယ်မရတဲ့အခက်အခဲ၊အတုအပ အန္တရာယ်များကိုရှောင်ရှားဖို့ အခွင့်အလမ်းရစေနိုင်ပါတယ်။
ကြားသိနေရသောသတင်းများအရ ကုန်သွယ်ဘက်နိုင်ငံအချို့က
မြန်မာနိုင်ငံက ချိတ်ဆက်ကမ်းလှမ်းလာပါက ၄င်းတို့အနေဖြင့်
ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေတယ်လို့ဆိုပါတယ်။
မိမိတို့ဘက်က ကျောက်ဆူးချအိပ်ငိုက်မနေရန်နဲ့ ညှိနှိုင်းစတင်သည်နှင့်
ရှေးကကဲ့သို့ ကုန်သည်လုပ်ငန်းရှင်များ အောက်ခြေတွင် အခက်အခဲ
မဖြစ်စေရန် စေတနာရှေ့ထား၊ကြိုးစားအားထုတ်ခြင်းဖြင့်
ငွေကြေးဝန်ဆောင်မှုဝန်းကျင် ပြန်လည်တိုးတက်ကောင်းမွန်လာမှာဖြစ်တယ်လို့
ရှုမြင်မိပါတယ်။
(၄ -၁၀ -၂၀၂၁ )
Credit: Thuta Naing