ဒီခေါင်းစဥ်လေးပေးတာက အကြောင်းရင်းရှိလို့ပေါ့။ ပြောမှာက ဦးသန့် အကြောင်း။
ဦးသန့်ဆိုရင် အရမ်းတော်တဲ့ပုဂ္ဂိုလ်ကြီး ကမ္ဘာက အလေးအမြတ်ထားရတဲ့ပုဂ္ဂိုလ်ကြီး
လို့ သိရတယ်။ ဦးသန့်ဟာ စာရေးဆရာ ဆိုတာကို သိကြသူ ပြောကြသူ နည်းတယ်။
ဦးသန့်မှာ အရည်အချင်းကောင်းတွေ အများကြီး ရှိခဲ့တယ်။ အောင်လည်းအောင်မြင်ခဲ့တယ်။
ထူးချွန်တယ်။ နှလုံးရည်ကောင်းတယ်ဆိုတာကိုလည်း လုပ်ရပ်တွေက သက်သေပြတယ်။
လေးစားလောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ အသိအမှတ်ပြုရတာပဲ။ ဒါပေမယ့် ကျွန်တော့် ပုဂ္ဂလိက
အမြင်အရ သူ့ကို လေးစားမှု အပြည့် ပေးလို့မရဘူး ဖြစ်နေတယ်။
အဲ ကောင်းတာတွေတော့ ပြောပြီးပြီ ဆိုတော့ မကောင်းတာလည်း ပြောရမှာပေါ့။
မကောင်းတာ ဆိုတာက အပြစ်ဆိုလိုတာ မဟုတ်ဘူး။ သူ့အကြောင်းနဲ့ သူရှိမှာပေါ့လေ။
လူတိုင်းကတော့ အလုံးစုံပြည့်စုံမှု ဘယ်ရှိနိုင်မလဲ။ ဘယ်လုပ်နိုင်မလဲ။ ဒါကို လက်ခံရတာပေါ့။
အဲဒါက သူ့အကြောင်းလေ့လာမိဖူးသလောက်မှာ ငယ်ဘဝ ကျောင်းသားဘဝ အမျိုးသားကျောင်းအုပ်ဘဝ ဒါတွေက ဘာမှ ပြောစရာ မရှိဘူး။ သူလိုငါလို သက်သက်ပဲ။ သူ့အသက်
၂၂ ကျော်တဲ့အထိ သူက သာမန်အနေအထားမှာပဲ ရှိနေတယ်။ သာမာန်ဆိုတာ နိုင်ငံရေး ဘာရေး
တွေမှာ ဘာမှမဘာ စိတ်လည်း မဝင်စားသေးတဲ့ ကာလ။ သူလိုငါလို နေနေတာပဲ ရှိပါတယ်။
တက္ကသိုလ် ပြီးဆုံးတဲ့အခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ပြန်လာခဲ့တယ်။ အသက် ၂၅ နှစ်တွင် အဲဒီကျောင်းမှာ ကျောင်းအုပ် ဖြစ်လာခဲ့တယ်။ ပညာအုပ်ဖြစ်တဲ့ နောင်တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမယ် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် သီလဝ ဟူသော ကလောင်အမည်ဖြင့် အချို့မဂ္ဂဇင်းနှင့် သတင်းစာအတွက် ဆောင်းပါး အပတ်စဉ်ရေးခဲ့တယ်။ စာအုပ်အချို့ကိုလည်း ဘာသာပြန်ခဲ့သည်။
လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန်သို့ ခေါ်ယူပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးတယ်။ နောက်နှစ်များမှာ ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်
ပေး ခံရပြန်တယ်။ တာဝန်ပေးတာ ဦးနုဖြစ်နေလို့ သူတာဝန်ယူနေရတာ။ သူလုပ်ချင်တာ မဟုတ်ဘူး။ သူကိုယ်တိုင်လည်း ထုတ်ပြောတာပဲ။ မလုပ်ချင်ဘဲ လုပ်ခဲ့တယ်ဆိုပေမယ့် သူ့အလုပ်ကိုတော့ တာဝန်ကျေခဲ့တယ်။
ဦးသန့်သည် ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိန့်ခွန်းများ ရေးသားပေးခြင်း၊ နိုင်ငံခြား ခရီးစဉ်များ စီစဉ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု ကို မွေးဖွားပေးခဲ့သော ပထမအကြိမ် အာရှ - အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့တယ်။ မြို့မကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့တယ်။
နောင်မှာ သူနာပြုဆရာမတွေ တပြည်လုံးခန့်ထားမယ့်ကိစ္စ၊ ဆဋ္ဌမသင်္ဂါယနာကိစ္စ တွေနဲ့ ပက်သက်ပြီး ဦးသန့် နဲ့ ဦးနုတို့ မသင့်မမြတ်ဖြစ်တယ်။ ၁၉၅၇ ခုနှစ်တွင် ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ စေလွတ်ခဲ့တယ်။ ဦးသန့်ဟာ ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အဖြစ်သာမက အယ်လ်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့တယ်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရက ဦးသန့်ကို ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်းအရ မဟာသရေစည်သူဘွဲ့နှင့် ဗိုလ်ရာထူး ပေးအပ်ခဲ့တယ်။
ဦးသန့်ဟာ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ စတင်ကာ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုးရဲ့ မကုန်ဆုံးသေးသော သက်တမ်းကို ဖြည့်ဆည်းရန် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံမှ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်။ ထို့နောက် ၁၉၆၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၃ ရက် သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။
သူရဲ့ ထမသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကို ဖြေရှင်းပေးရာတွင် ပါဝင်စေ့စပ်ပေးမှု နှင့် ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးစေခဲ့ခြင်းတို့ကြောင့် အများက အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။
ဦးသန့်သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ထောက်ခံမှုဖြင့် အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ထပ်မံခန့်အပ်ခြင်းခံခဲ့ရပြန်တယ်။
သူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းမှာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ သူအငြိမ်းစားယူမည့် အချိန်အထိ ဖြစ်ပါတယ်။ သူ၏ အတွင်းရေးမှူးချုပ် သက်တမ်းအတွင်းတွင် ကုလသမဂ္ဂသို့ အာရှ နှင့် အာဖရိကမှ ဒါဇင်မျှသော နိုင်ငံတို့ ဝင်ရောက်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ခဲ့ရပြီး သူဟာ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ကို အပြင်းအထန် ဆန့်ကျင်သူဖြစ်သည်။ ထို့အပြင် UNDP, UN University, UNCTAD နှင့် UN Environmental Programme အပါအဝင် ယူအင်န် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော အေဂျင်စီ၊ ရန်ပုံငွေအဖွဲ့နှင့် ပရိုဂရမ် အမြောက်အများကို တည်ထောင်ခဲ့တယ်။
ဦးသန့်ဟာ မြောက်မြားလှသော ကြားဝင်ဖျန်ဖြေမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဥပမာအားဖြင့် ၁၉၆၂တွင် ယီမင်အရေးနှင့် ၁၉၆၈တွင် ဘာရိန်းအရေး စတူတွေပေါ့။
သူ့အရင် အထွေအထွေအတွင်းရေးမှူးချုပ် နှစ်ယောက်နှင့်မတူပဲ သူဟာ သက်တမ်းဆယ်နှစ်ပြည့်မြောက်သည်နှင့် အနားယူခဲ့သည်။
ဒုတိယသက်တမ်းအတွင်း ဦးသန့်ဟာ အာရပ်အစ္စရေးခြောက်ရက်စစ်ပွဲ (၁၉၆၇)၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ သို့ ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း၊ ၁၉၇၁တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေမည့် အိန္ဒိယပါကစ္စတန်စစ်ပွဲ စသည်တို့ကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့တယ်။
အီဂျစ်သမ္မတ နာဆာ၏တောင်းဆိုမှုကြောင့် ၁၉၆၇တွင် ဆိုင်းနိုင်းကျွန်းဆွယ်မှ ကုလငြိမ်းချမ်းရေးတပ်များ ရုပ်သိမ်းပေးရန် သဘောတူညီခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရတယ်။ ဦးသန့်သည် အစ္စရေးနိုင်ငံအား စစ်မတိုက်ရန် နောက်ဆုံးမိနစ်ပိုင်းအချိန်အထိ အီဂျစ်သမ္မတ နာဆာထံ သွားရောက်တွေ့ဆုံခဲ့တယ်။
ဦးသန့်ဟာ ဗီယက်နမ်စစ်ပွဲ ကိစ္စတွင် အမေရိကန်ကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့သည့်အတွက် တစ်ချိန်က သူနှင့် အလွန်အင်မတန် ရင်းနှီးခဲ့သော အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းလာခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဗီယက်နမ်တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် သူ၏တိတ်တဆိတ်ကြိုးပမ်းမှုအား သမ္မတ ဂျွန်ဆင် အစိုးရအဖွဲ့ရဲ့ ငြင်းပယ်ခြင်းခံခဲ့ရတယ်။
ဦးသန့်သည် အမျိုးအမည်မသိယာဉ်ပျံများ (UFO) ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစားလေ့လာခဲ့တယ်။ ၁၉၆၇တွင် သူသည် အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာဂျိမ်းစ်အီးမက္ကဒေါ်နယ်အား UFO နှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် စကားပြောနိုင်ရန် စီစဉ်ပေးခဲ့ဖူးတယ်။
၁၉၇၁ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဦးသန့်က သူသည် မည်သည့်အကြောင်းပြချက်နှင့်မျှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောဆိုလိုက်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆက်ခံမည့်သူကို သီတင်းပါတ်ပေါင်းများစွာ အပူတပြင်း ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ကွတ်ဝါးလ်ဟိုင်း ကို ရွေးချယ်ခဲ့ကြသည်။ ဦးသန့်သည် ၎င်း၏သက်တမ်းမကုန်ဆုံးမီ ၁၀ ရက်အလို ကွတ်ဝါးလ်ဟိုင်း၏ ၅၃ နှစ်ပြည့်မွေးနေ့ဖြစ်သော ၁၉၇၁ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် တာဝန်ဝတ္တရားများကို လွှဲပြောင်းပေးခဲ့တယ်။
ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် သူ၏နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းပြောရာ၌ သူသည် သူ၏ဝန်ထုပ်ဝန်ပိုးကြီးအခုမှ ကျသွားကြောင်း၊ အခုမှ စိတ်သက်သာပြီး လွတ်မြောက်မှုကို ခံစားရကြောင်း ပြောကြားခဲ့တယ်။ နယူးယောက်တိုင်းမ်စ် သတင်းစာ၏ ၁၉၇၁ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ အယ်ဒီတာ့အာဘော်တွင် ဦးသန့်လွတ်မြောက်ခြင်း The Liberation of U Thant ဟူသောခေါင်းစီးဖြင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးသန့်ကို အငြိမ်းစားယူပြီးနောက်တွင်လည်း လိုအပ်ဦးမည်ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြု ရေးသားခဲ့တယ်။
အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဦးသန့်သည် Palisade နှင့် Douglas Avenues လမ်းကြား၊ ၂၃၂လမ်းအနီးရှိ ၄.၇၅ ဧကမျှကျယ်သော Riverdale, Bronx ခြံတွင် နေထိုင်ခဲ့သည်။
၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်တယ်။ ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့တယ်။
အဲမှာ ပြဿနာ တက်တော့တယ်။ ပြဿနာက နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့လို့ ဆိုတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။
ဒါပဲလား။ သေချာရဲ့လား ဘာကြောင့် မမေးတာလဲ။ ဘာကြောင့်မစစ်ဆေးတာလဲ။ ဒီကာလမှာ ဦးနေဝင်း စဥ်းစားတာက ဘယ်လိုလဲ။ လက်ရှိ ကျွန်တော်တို့ သိနေကြတာဟာ တခြမ်းတည်းရဲ့ အမြင်သက်သက်သာ ဖြစ်ပါတယ်။ ဟယ်ရီတန် အရေးအခင်းကစလို့ ဆက်တိုက် ဖြစ်လာနေတဲ့ အရေးအခင်းတွေ ၊ ၇၄ အရေးအခင်းအထိ ထိရောက်လာတော့ ဆက်နေပြီ ။ ဦးနေဝင်း သို့မဟုတ် အစိုးရ ဘက်က လုံခြုံရေးအစီအမံက ဘာတဲ့လဲ။ ဒါကို ထည့်သွင်းညှိနှိုင်းရေးသား ပြောဆိုဖို့လိုပါတယ်။
ဦးသန့်ကို နိုင်ငံတော်ဈာပနနဲ့ ချသင့် မသင့် ဆိုတာက အတော်အငြင်းပွားဖွယ် အချက်ပဲ။ သူက အဲဒီအချိန်မှာ နိုင်ငံတော်နဲ့ ဘာဆိုင်သလဲ။ သူ့ဟာသူ ကုလ အတွင်းရေးမှူးချုပ်မကလို့ စကြဝတေးမင်းပဲ
ဖြစ်ဖြစ် မြန်မာနိုင်ငံသားဆိုတာက လွဲရင် သူက နိုင်ငံတော်မှာ ဘာလဲ။ ဘာမှမဆိုင်တာ။ နိုင်ငံတော် ဈာပနနဲ့ ချဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ နိုင်ငံတော်ဈာပနဆိုတာက ထင်ရှားကျော်ကြားသူတိုင်းကို ချတာမျိုးမှ မဟုတ်ဘဲ။ ဘာကြောင့် ဒါကို အကြောင်းပြပြီး ဆူပူအုံကြွသလဲ။ စဥ်းစားဖို့ပါ။
နောက်တစ်ချက် ဦးသန့်ဟာ တော်တယ်၊ ကမ္ဘာကအသိအမှတ်ပြုရတယ်။ ဟုတ်တယ်။ မြန်မာနိုင်ငံ အတွက် သူဘာလုပ်ခဲ့သလဲ။ ဒါက မရှိသလောက်ပဲ။ ပြစရာ လောက်လောက်လားလား ရှာမရဘူး။
ဒီဟာကိုကြည့်တော့ သူက ဘာမှ မဟုတ်ဘူးဆိုတဲ့ သဘောရောက်နေပြန်တယ်။ သူ့ဟာသူတော်တာ တခြားအတွက်ပဲ အသုံးချနိုင်ပြီး ဒီလောက်ကသောင်းကနင်းဖြစ်နေတဲ့ မြန်မာနိုင်ငံအရေး သူဘာမှ မလုပ်ခဲ့ဘူး။ အဲတော့ တဖက်က ဘယ်လိုစဥ်းစားမလဲ။
ဒီနေရာမှာ စဥ်းစားမိတာက မြန်မာနိုင်ငံသား လူတော်တွေဆိုတာ လူတော်တွေ ဖြစ်လာရင် ထင်ပေါ်လို့ စင်တော်ကကောက်ပြီဆိုရင် အဲဒီလူတွေဟာ မြန်မာနိုင်ငံအတွက် ဘာမှ သုံးစားမရ အကျိုးမပြု တဲ့အပြင် သူတို့ကြောင့် ပြဿနာတက်တာရတာပဲ များတယ်ဆိုတာပဲ။( ဗိုလ်ချုပ်ကို ချွင်းချက်ထား။
ဒါတောင် ဗိုလ်ချုပ်ကြောင့်လည်း ပြဿနာက ရှိခဲ့တာပဲ။ )
နိုင်ငံရေးသမားတွေ စနက် ဘယ်လောက်ပါဝင်နေလဲ။ ခင်ဗျားတို့ကကော ဘယ်လောက်ထိ ရိုးသားခဲ့ပါသလဲ။ ကျောင်းသားတွေကကော အဲဒီစျာပနကိစ္စကြောင့် ထအူတယ်ဆိုတာ သေချာလား။ လူထုက ဘာကြောင့် မစဥ်းစားခဲ့ကြတာလဲ။ ရင်းမြစ်က ဦးနေဝင်းကို မကြိုက်လို့ ဆိုတာအပေါ် တည်နေတယ် မဟုတ်လား။ ဘာမှမဆိုင်တဲ့ အသုဘအလောင်းကောင်ကို အကြောင်းရှာပြီး ဆူပူမှုဖြစ်အောင် မဆလပြုတ်ကြအောင် တိုက်တာပဲ မဟုတ်လား။ ဦးနေဝင်း မကောင်းဘူးဆိုတာ လက်ခံတယ်။ ခင်ဗျားတို့ကော ကောင်းခဲ့တာ သေချာလို့လား။
သမိုင်းမှာ ရိုးသားမှုတွေ ကျပျောက်သွားတာ အများကြီးပဲ။ သူတော်ကောင်းတွေဟာ တစ်ဦးတစ်ဖွဲ့ကို အပြန်အလှန် လက်ညှိုးထိုး အပြစ်ပုံချရင်း မွဲပြာကျသွားတဲ့ နိုင်ငံတော်မှာ လူဖြစ်လာပြီး ခုချိန်မှာ ဒီလိုတွေ ထပြောနေတဲ့ ကျွန်တော်ကသာ လူယုတ်မာပါခင်ဗျ။
တကယ်တော့ ဦးသန့်ဟာ ဇာတိမာန်ခေတ်ရဲ့ ဇာတိမာန်ဂုဏ်မောက်နိုင်ဖို့အတွက် လင်းလက်ပေးခဲ့တဲ့ ငွေကြယ်လေးတစ်ပွင့်သာပါ။ အမြင့်မှာ ကြယ်ကလေးတောက်ပနေတာ လှပါတယ်။ ကိုယ့်အတွက်တော့ အလင်းလည်းမရ သုံးလည်းမရတဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့် ဇာတိမာန်ရဲ့ ငွေကြယ်ပွင့်လို့ နာမည်ပေးလိုက်တာပါ။
ရိုးဂုဏ်ကြီးကြသူအပေါင်း ဆဲလိုက ဆဲလို့ရပါပြီ။
အာကာဖြိုး