ဒီနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်လို့ WHO က အသိအမှတ် မပြုဘူး၊ အခုပျံ့နှံ့နေနေတဲ့ ကိုဗစ်မျိုးစိတ်သစ်တွေကို မကာကွယ်နိုင်ဘူးလို့ fb ပေါ်မှာ မြင်သိနေရလို့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီး website အမျိုးမျိုးပေါ်က ရေးသားထားချက်တွေမှ ကောက်ယူကာ ဖော်ပြပေးလိုက်ပါတယ်။
ဒီကာကွယ်ဆေးကို WHO က ယခုနှစ် မေလအတွင်းက သုံးစွဲဖို့ ခွင့်ပြုထားပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၈၀ ကျော်မှာ အသုံးပြုနေကြပါတယ်။ကိုဗစ် အစီအစဉ်နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ဖြန့်ဝေပေးသွားမယ်လို့လည်း သိရပါတယ်။
Sinopharm ရဲ့ကိုဗစ်ရောဂါ အပေါ်ကာကွယ်နိုင်စွမ်းက ၂ ကြိမ်ထိုးပြီးရင် ၇၈.၁ % ရှိပါတယ်။ ပြင်းထန်ရောဂါ ဖြစ်နိုင်ခြေကိုတော့ ၉၀% ထိလျော့ချနိုင်ပါတယ်။ Pfizer နဲ့ modenaက ရောဂါကိုကာကွယ်နိုင်စွမ်း ၉၀% ကျော်ရှိပြီး Covishield က ၂ ကြိမ်ထိုးပြီးရင် ကာကွယ်နိုင်စွမ်း ၈၂.၄% ရှိပါတယ်။
Sinopharmရဲ့Delta မျိုးစိတ်ပေါ် ကာကွယ်နိုင်စွမ်းက တစ်ခြား ကာကွယ်ဆေးတွေထက် ထိရောက်မှု နည်းပါးတယ်ဆိုပေမဲ့ အထိုက်အလျောက်တော့ ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒီကာကွယ်ဆေးထိုးထားသူတွေက ဆေးမထိုးထားသူတွေထက် ပြင်းထန်တဲ့ ဝေဒနာ ခံစားရနိုင်ခြေ နည်းပါး ပါတယ်။ ကိုဗစ်ရဲ့ ပြင်းထန်တဲ့ ဝေဒနာကို ခံစားရသူတိုင်း ကာကွယ်ဆေး မထိုးထားကြသူတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ Delta မျိုးစိတ်ကို ပထမဆုံးကူးစက်ခံရတဲ့ တောင်ပိုင်းဂွမ်ထောင်းပြည်နယ်က တွေ့ရှိချက်အရ သိရပါတယ်။ ဒီကာကွယ်ဆေးက Delta မျိုးစိတ်ကြောင့် ရောဂါလက္ခဏာပြတာနဲ့ ရောဂါ ပြင်းထန်မှုကိုတော့ လျော့ချနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
Covishield ကာကွယ်ဆေးကို နှစ်ကြိမ်ရရှိ ထားသူတွေက Delta မျိုးစိတ်အတွက်ထိရောက်မှု ၆၀% နဲ့ Alphaမျိုးစိတ် အတွက် ထိရောက်မှု ၆၆% ရှိပါတယ်။ Pfizer ကတော့ နှစ်ကြိမ်ထိုးပြီးရင် Delta ကို ကာကွယ်နိုင်စွမ်း ၈၈ % ရှိပါတယ်။
ကာကွယ်ဆေး နှစ်ကြိမ်ရရှိ ထားသူတွေမှာ ကိုဗစ်ကူးစက်ခံရ နိုင်သေးပါတယ်။ ကာကွယ်ဆေးအမျိုးအစား အားလုံးက ၁၀၀% ထိရောက်မှု မပေးနိုင်တာရယ်၊ မျိုးစိတ် အသစ်တွေ ထပ်ပြောင်းနေကြတာရယ်ကြောင့်ပါ။ ရောဂါကို ကာကွယ်နိုင်စွမ်း ရဖို့က လည်းဆေးထိုးပြီး ရက်သတ္တပတ်အနည်းငယ်လောက်စောင့်ရပါတယ်။ တစ်ချို့တွေက ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးပြီးပြီးချင်းမှာ ရောဂါ ကူးစက်ခံရတာကြောင့်ပါ။
ကာကွယ်ဆေး ထိုးထားသူတွေက မထိုးထားသူတွေထက်တော့ ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပြီး မိမိမှတစ်ဆင့် တစ်ခြားသူတွေကို ရောဂါ ပျံ့နှံ့နှုန်း လျော့ချ နိုင်ပါတယ်။
UAE နဲ့ Bahrain နိုင်ငံတွေမှာတော့ Sinopharm ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူတွေကို ၆ လ အကြာမှာ Pfizer ကို တစ်ကြိမ်ထပ်ထိုးဖို့ အကြံပေးထားပါတယ်။
အခုလက်ရှိမှာ ရနေတဲ့ ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားပြီး အခွင့်အရေး ရရင် နောက်ခြောက်လအကြာမှာ မိမိထိုးထားတာနဲ့ အမျိုးအစား မတူတဲ့ ကာကွယ်ဆေးနောက် တစ်မျိုးကို တစ်ကြိမ် ထပ်ထိုးနိုင်ရင် တော့ အကောင်းဆုံးပါ။
လောလောဆယ်မှာတော့ လက်ရှိ ထိုးပေးနေတဲ့ ကာကွယ်ဆေးကို အခွင့်အရေးရတာနဲ့ ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Something is better than nothing မဟုတ်ပါလား။
အားလုံး ကိုဗစ်အန္တရာယ်မှ လွတ်မြောက် နိုင်ကြပါစေ။
မေတ္တာဖြင့်
#ဒေါက်တာခင်မိုးမိုး