“ ကိုယ့်ဆရာ.... ခုံနံပါတ်က ဘယ်လောက် လဲ”
“ နှစ် ပါ”
“ ဒါဆို ရှေ့ဘက်မှာ၊ ဟို ဘုန်းဘုန်းကြီးရဲ့ ဘေးနားက ခုံပဲ”
ကားစပယ်ယာလေး ညွှန်ပြသည့် ထိုင်ခုံရှိရာသို့ လှမ်းကြည့်လိုက်သည့်အခါ ဆရာတော်ကြီးတစ်ပါး သီတင်းသုံးနေသည်ကို တွေ့လိုက်ရလေ၏။ သက်တော် ဝါတော်ရ ဆရာတော်ကြီးတစ်ပါးနှင့် တစ်လမ်းလုံး နီးနီးကပ်ကပ် ထိုင်လိုက်ရမည် ဖြစ်သောကြောင့် အနေများ ကျုံ့လေမလားဟု စိတ်ထဲ တွေးမိလိုက်သေးသည်။
သို့ရာတွင် ဘာသာ သာသနာနှင့် အနေစိမ်းသူ မဟုတ်သဖြင့် မနှစ်လိုသည့် သဘောတော့ မရှိချေ။
“ ဆရာတော် ဘုရား၊ တပည့်တော်ရဲ့ ခုံနံပါတ်က ဒီနေရာမှာမို့ ထိုင်ခွင့်ပြုပါ ဘုရား”
ဆရာတော်ကြီးက ကျွန်တော့်ကို တစ်ချက်မျှလှည့်ကြည့်ပြီး ညင်သာစွာ ခေါင်းညိမ့်ပြတော်မူ၏။
ထို့နောက် မျက်လွှာပြန်ချ၏။ ကမ္မဋ္ဌာန်းတရား နှလုံးသွင်းနေပုံ ရသည်။ ကျွန်တော်လည်း ထိုင်ခုံပေါ်တွင်နေခရီးဆောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ သို့သော် ရာယူပြီးစာဖတ်ရန်အတွက် လုံလောက်သည့် အာရုံစူးစိုက်မှုကို စုစည်းယူ၍ မရနိုင်ဘဲ ရှိလေသည်။ ဆရာတော်ကြီး၏ နေရာတွင် အခြား ခရီးသည်တစ်ဦးသာ ဖြစ်ပါမူ အလာပ သလာပစကား တစ်ခွန်းတစ်လေတော့ စ ပြောမိမည်မှာ သေချာလေ၏။ ယခုအခါမျက်စိကို ဟိုဝေ့သည်ဝေ့ လုပ်ရင်းဖြင့်ပင် စိတ်ဆောက်တည်ရာ မရခြင်းကို ကုစားရလေသည်။
“ မောင်ရင် .....၊ မင်း အဆင်ပြေသလို သက်သောင့် သက်သာဖြစ်အောင် နေနော်၊ ကြားလား.....။
ငါ့ဘေးနားမှာမို့ အနေခက်နေမှာ စိုးလို့”
“ မှန်ပါ့ဘုရား။ ရပါတယ်”
ဆရာတော်ကြီးက ကျွန်တော့်ကို စကားလှည့်ပြောတော်မူလေ၏။ ထိုအခါတွင်မှ ဆရာတော်ကြီး၏
ဥပဓိရုပ်ကို အသေအချာ သတိထားကြည့်မိလိုက်သည်။ သက်တော် (၆၀)ကျော်ခန့် ရှိပြီး ဖြူဖြူထွားထွား ခန့်ခန့်
ငြားငြားကြီး ဖြစ်လေ၏။ စကားပြောလိုက်သည့် အသံတော်ကလည်း အလွန်တရာ ကြည်လင်လေးနက် အောင်
မြင်သဖြင့် အထူးတလည် ကြည်ညိုဖွယ် ဖြစ်လေသည်။ ကျွန်တော်လည်း ဆရာတော်ကြီး မျက်လွှာပြန်ချမသွား
ခင် အခွင့်ကောင်းယူ၍ သိလိုသည်များကို မေးလျှောက်ရန် စကား စလိုက်လေ၏။
“ ဆရာတော်က ရန်ကုန်အထိ ကြွမှာလား ဘုရား”
“ အေး ဟုတ်တယ်ကွ၊ မသေခင် ရွှေတိဂုံဘုရားကြီး သွား ဖူး ချင်လို့”
“ အော် တင်ပါ့....တင်ပါ....။ အရင်က မရောက်ဖူးသေးဘူးလား ဘုရား”
“ ဘယ် ရောက်ဖူး မှာလဲ ကွ။ တောမှာ မွေး၊ တောမှာကြီးပြီး၊ တောမြို့လေးမှာပဲ စာသင်၊ တော
ဘုန်းကြီးပဲ လုပ်နေရတာ၊ ခုမှပဲ ရန်ကုန်ကို သွားဖြစ်တော့ တယ်”
“ အော်....မှန်ပါ..... ဟိုရောက်ရင် တည်းစရာ ခိုစရာအတွက် ဒကာ ဒကာမအိမ်တို့၊ အသိအကျွမ်း
ဘုန်းကြီးကျောင်းတို့ ဘာတို့တော့ ရှိတယ် မဟုတ်လား ဘုရား”
“ ဒါတွေကတော့ မလိုအပ်ပါဘူး ကွာ။ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာပဲ ၀င်တည်းရမှာပေါ့။ တစ်ရက်
နှစ်ရက်လောက် နေမှာပဲ”
ဆရာတော်ကြီးသည် ကျွန်တော်က စကားရှည်နေသဖြင့် အချိန်အတော် ပေးလိုက်ရလေ၏။ ထို့ကြောင့် အလိုက်တသိဖြင့် ပြန်လည်နှုတ်ဆိတ်နေလိုက်မိသည်။ ဆရာတော်ကြီးကို ကြည့်ရသည်မှာ ဖေါ်ဖေါ်
ရွေရွေ ရှိသော်လည်း သမာဓိကိုတော့ အပျက်ခံဟန်မရှိ။ ကျွန်တော် စကားပြတ်သွားသည်နှစ်တစ်ပြိုင်နက် မျက်လွှာကို ပြန်ချသွားလေ၏။ ဆရာတော်ကြီးနှင့် စကားပြောပြီးနောက် ထူးခြားသည်မှာ ကျွန်တော့်စိတ်ထဲတွင် ဆရာတော်ကြီးကို တစ်ခုခု ကပ်လှူချင်သည့် သဒ္ဓါတရား တဖွားဖွား ဖြစ်ပေါ်လာခြင်းဖြစ်၏။ ကားပေါ်တွင် ဖြစ်သော
ကြောင့် ကပ်လှူစရာလည်း မရှိချေ။ သို့ဖြစ်၍ ထမင်းစားနားသည့်အခါကျမှ ဆွမ်းကပ်ဖြစ်အောင် ကပ်လိုက်တော့မည်ဟုဟု စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။အဝေးပြေး မှန်လုံကားကြီးသည် ကျွန်တော်တို့ ခရီးသည်များကို တင်ဆောင်၍ တရိပ်ရိပ် ပြေးလွှားနေ
လေ၏။ ကျွန်တော့် စိတ်သည်လည်း ကားနှင့်အပြိုင် ကမ္ဘာပတ်နေလေသည်။ ဆရာတော်ကြီးမှာမူ ထုံစံအတိုင်း မျက်လွှာချ၍ ကမ္မဋ္ဌာန်းတရား ရှုမှတ်ပွားများတော်မူနေလေ၏။ နာရီလက်တံသည်လည်း သူ့အလုပ် သူ လုပ်နေပေလိမ့်မည်။
“ ကဲ ခရီးသည်များ အားလုံး ဒီနေရာမှာ ကားကို နာရီ၀က်လောက် နားပါ့မယ်။ ကျန်းမာရေးကိစ္စတို့ နေ့
လည်စာကိစ္စတို့အတွက် အောက်ကို ဆင်းပေးကြပါခင်ဗျား”
ကားစပယ်ယာလေး၏ အော်သံကို ကြားသောအခါ ဆရာတော်ကြီးက ကျွန်တော့်ကို စကားစ ပြောတော်မူလေ၏။
“ မောင်ရင်လေး ဘယ်နှစ်နာရီ ရှိပြီလဲ ကွယ့်”
“ ဆယ့်တစ်နာရီ ခွဲပါဘုရား။ ဆရာတော် ဆွမ်းချိန်မှီပါတယ်။ ကြွပါဘုရာ့၊ ကြွပါ”
ဆရာတော်ကြီးသည် ကားပေါ်မှဆင်း၍ ဆိုင်ထဲသို့ ကြွတော်မူလေ၏။
“ ဆရာတော် ကိုယ်လက် သန့်စင်ရေး လုပ်ဦးမလား ဘုရား။ ဒီဘက်ကနေ ကြွလို့ ရပါတယ်”
ကျွန်တော်သည် ဆရာတော်ကြီးအတွက် ဆွမ်းတစ်ပွဲ မှားပြီး ကပ်ခဲ့လိုက်၏။ ထို့နောက် ရေကန်ဘက်သို့
သွား၏။ ခြေလက်ဆေး၏။ မျက်နှာသစ်၏။ ဆံပင်ကို သ၏။ မှန်ကြည့်၏။ ကျွန်တော့် ကိစ္စပြီး၍ ထမင်းဆိုင်ထဲသို့ ပြန်
၀င်လာသောအခါ ဆရာတော်ကြီး၏ ဆွမ်းဝိုင်းရှိရာသို့ ရှေးဦးစွာ ဦးတည်လိုက်၏။ လိုအပ်ချက် တစ်စုံတစ်ရာ ရှိမရှိ
မေးလျှောက်ရန် ဖြစ်ပါ၏။ သို့သော် ကျွန်တော် နောက်ကျသွားလေသည်။ ဆရာတော်ကြီး၏ ဆွမ်းဝိုင်း ဘေးတွင် သူ
ဋ္ဌေးလက္ခဏာရှိသော ပုဂ္ဂိုလ်များ ဝိုင်းဝိုင်းလည်နေသည်ကို တွေ့ရလေ၏။ တစ်ချို့က ယပ်ခပ်ပေးနေလေ၏။ အချို့က
နီးစပ်ရာ သစ်သီးဆိုင်များမှ သင့်တော်မည့် အသီးများကို မှာယူ၍ အချိုပွဲအတွက် ပြင်ဆင်ပေးနေလေ၏။ ထမင်းဆိုင်
အတွင်း၌ ဆွမ်းကပ်နေသည်နှင့် မတူဘဲ အခမ်းအနားတစ်ခုခုအတွက် အိမ်သို့ပင့်၍ ဆွမ်းကပ်နေသည်နှင့်ပင်တူနေ
တော့သည်။ ဆွမ်းဖိုး ကျသင့်ငွေကို ရှင်းပေးရန်မျှသာ တတ်နိုင်သည့် ကျွန်တော့်အတွက် ကြား၀င်ဖို့ရာ နေရာလပ်
မကျန်တော့ ချေ။ ထို့ကြောင့် မိမိဘာသာ ထမင်းတစ်ပွဲမှာယူစားသောက်၍ ကားထွက်ချိန်ကို စောင့်နေလိုက်ရလေ
တော့၏။
နာရီ၀က်ခန့် ရှိသောအခါ ခရီးသည်များအားလုံး ကားပေါ်သို့ပြန်တက်၍ နေရာယူကြလေသည်။ ကား
ဒရိုင်ဘာသည် ကားစထွက်ရန် ဟန်ပြင်လေ၏။ ကားစပယ်ယာလေးက ခရီးသည်များစုံ မစုံ လိုက်လံ စစ်ဆေးနေ
လေ၏။
“ တပည့်တော်က ဆရာတော့်ကို နေ့ဆွမ်းကပ်မလို့ ဆုံးဖြတ်ထားတာဘုရာ့၊ ဆရာတော့်ရဲ့ ဒကာ ဒကာ
မတွေ ဝိုင်းနေကြာတာနဲ့ မကပ်လိုက်ရတော့ဘူး”
“ ဟုတ်သလား ကွ”
“ ဟုတ်တယ်ဘုရား။ ဒါနဲ့ စောစောက ဆရာတော့် ဒကာတွေက ဘယ်ကို သွားကြတာလဲ ဘုရာ့”
“ မသိဘူးလေ ကွာ။ ငါလည်း မမေးလိုက်မိပါဘူး။ သူတို့လည်း လမ်းကြုံတုန်း ကုသိုလ်လုပ်ကြတာနေမှာ
ပါ။ ငါနဲ့လည်း သိတာ မဟုတ်တော့ ....”
“ ဟင် သူတို့က ဆရာတော့်ရဲ့ အသိ ဒကာဒကာမတွေ မဟုတ်ကြဘူးလား ဘုရား”
“ မသိပါဘူး”
“ သြော်..... တပည့်တော်က ဆရာတော်နဲ့ အရင်ကတည်းက သိထားကြတဲ့ သူတွေမှတ်လို့ ဘုရား”
ဤသို့ဖြင့် ကားပေါ်တွင် ဆရာတော်ကြီးနှင့် ကျွန်တော် တော်တော်ကြာကြာ စကားပြောဖြစ်လေသည်။
ဆရာတော်ကြီးက ကျွန်တော့် ရန်ကုန်ခရီးစဉ်အကြောင်းကို မေး၏။ ကျွန်တော်က စာရေးခြင်းကို ဝါသနာထုံသဖြင့်
စိတ်ကူးပေါ်ရာ စာတိုပေစများ ရေးပြီး ရန်ကုန်ရှိ သင့်တော်ရာ မဂ္ဂဇင်းတိုက်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်
ပေးပို့မည်ဖြစ်ကြောင်း လျှောက်ထား၏။ ဆရာတော်ကြီးက ကျွန်တော့်ကို ဒီလိုသာ ဆက်ကြိုးစားသွားရင် အောင်မြင်
မှာပါဟု အားပေးစကားပြော၏။ ကျွန်တော်ကလည်း ဆရာတော်ကြီး မိန့်ကြားသည့်အတိုင်း ပြည့်ပါရစေ ဟု ဆုတောင်း
စကား ဆို၏။ ထို့နောက် ကျွန်တော်က ဆရာတော်ကြီး ကြွမည့် ခရီးစဉ်နှင့် ကျွန်တော်သွားရမည့် ခရီးစဉ်မှာ အတူတူပဲ
ဖြစ်ကြောင်း၊ ခရီးဆုံးသည်အထိ တက္ကစီငှားပြီး အတူတူသွားလျှင် ပို၍ အဆင်ပြေမည် ထင်ကြောင်း၊ တက္ကစီ ငှားခကို
လည်း လှူဒါန်းလိုပါကြောင်း လျှောက်ထား၏။ ဆရာတော်ကြီးက သဘောတူ ခွင့်ပြု၏။ ထို့ပြင် အခြားအခက်အခဲမရှိလျှင်
ကျွန်တော့်ကို သူ့ကပ္ပိယ အဖြစ် လိုက်ပါနိုင်ကြောင်း ပါ ဖိတ်ခေါ်၏။ ကျွန်တော်က အခက်အခဲ မရှိကြောင်း၊ ဆရာတော်ကြီး
အတွက် လိုအပ်ပါက လိုက်မည်ဖြစ်ကြောင်း လျှောက်ထား၏။ ထိုအချိန်တွင် ကျွန်တော်တို့ စီးလာသည့်ကားမှာ ရန်ကုန်အ
ဝေးပြေးကားကြီးကွင်းအတွင်းသို့ ချဉ်းနင်း၀င်ရောက်လေတော့၏။
ကားဂိတ်သို့ ရောက်သောအခါ ကျွန်တော်က ဆရာတော်ကြီး၏ ခရီးဆောင်အိတ်နှင့် ကျွန်တော့် ခရီးဆောင်အိတ်ကို ဆွဲ၍ ဆင်း၏။ ဆရာတော်ကြီးကိုလည်း ပင့်၏။ ထို့နောက် ကားဂိတ်အတွင်း၌ ဆရာတော်ကြီးကို သီတင်းသုံးနားနေရန် လျှောက်ထားကာ အငှားယာဉ် အရှာထွက်၏။ သို့ရာတွင် ကားကွင်းတစ်ကွင်းလုံး နှံ့အောင်ရှာပါသော်လည်း ကျွန်တော်တို့သွားလို့သည့် ဗဟန်းသုံးလမ်းအထိ လိုက်နိုင်မည့်ကား တစ်စီးတစ်လေမျှ ရှာမရဘဲ ရှိလေ၏။ ထို့ကြောင့် နောက်ဆုံးတွင် လက်လျှော့၍ကားဂိတ်သို့ပန်လာရလေ၏။ ကားဂိတ်သို့ရောက်သောအခါ ဆရာတော်ကြီးသည် ဒကာတစ်ယောက်နှင့် စကားက်ဆုံကျနေသည်
ကို တွေ့ရလေ၏။ ကျွန်တော် အနီးနားသို့ရောက်သွားသည့် ရောက်သွားသည့်အချိန်တွင် ဆရာတော်ကြီးက ကျွန်တော့်ကို ညွှန်ပြ
၍ “ ကျုပ်ကပ္ပိယဆိုတာ သူပဲ”ဟု မိန့်လိုက်လေ၏။ ထိုအခါ ဆရာတော်ကြီး၏ ဒကာက ကျွန်တော့်ဘက်သို့ လှည့်ကြည့်၍ “ ညီလေး
ကားသွားငှားတယ်ဆိုတာ အဆင်ပြေခဲ့လား”ဟု မေးလေ၏။ ကျွန်တော်က မပြေကြောင်းရှင်းပြရလေ၏။ ထို့နောက် ဆရာတော်ကြီး၏
ဒါယကာက သူ့ကားပေါ်သို့ ကြွရန် ဆရာတော်ကြီးကို လျှောက်၏။ ကပ္ပိယဖြစ်သူ ကျွန်တော့်ကိုလည်း ခေါ်လေ၏။ ဤသို့ဖြင့် ကျွန်တော်
တို့သည် ရန်ကုန်မြို့မှ လူကုန်ထန်များစီးသော ဇိမ်ခံကားကြီးပေါ်သို့ ရောက်ရလေတော့၏။ ထိုကားကြီးမှာ ကျွန်တော်မြင်ဖူးသမျှသော
ကားတကာတို့တွင် အကောင်းဆုံးနှင့် အဆင့်မြင့်ဆုံးတည်း။
ကားပေါ်၌ ဆရာတော်ကြီးက ကားရှေ့ခန်းတွင် သီးတင်းသုံးလိုက်ပါရ၏။ ကျွန်တော်က ကားနောက်ခန်းမှဖြစ်၏။ ဆရာတော်
ကြီးက သူ့ထုံးစံအတိုင်း တရားရှုမှတ်၍ လိုက်၏။ ကျွန်တော်က ကျွန်တော့်ထုံးစံအတိုင်း စာအုပ်တစ်အုပ်ကိုကိုင်၍ ဟိုငေးသည်ငေးဖြင့်လိုက်
၏။ စကားမဆိုဖြစ်ကြ။ တစ်ခါတစ်ရံတွင် ဆရာတော်ကြီး၏ ဒါယကာက ရန်ကုန်တွင် ကားရှုပ်ကြောင်း၊ သတိထား၍ မောင်းနိုင်မှ တော်ကာ
ကျကြောင်း ကားမောင်းရင်း ပြောတတ်၏။ ထိုအခါမျိုးတွင် ဆရာတော်ကြီးက ခေါင်းညိမ့်ပြတော်မူသည်ကို တွေ့ရ၏။ ဤသို့ဖြင့် တစ်နာရီခွဲ
ခန့်ကြာသောအခါ ကျွန်တော်တို့ စီးလာသည့် ကားကြီးသည် ခြံ၀န်းကျယ်ကြီးတစ်ခု၏ ရှေ့၌ ရပ်လေ၏။ ကးရပ်ပြီး မရှေးမနှောင်းမှာပင် ထိုခြံကြီး၏ သံဗန်းတံခါးကြီးသည် အလိုအလျောက် ပွင့်သွားလေ၏။ ထိုအချိန်တွင် တိုက်အိမ်ကြီးထဲမှ ကလေးနှစ်ယောက် ပြေးထွက်လာကာ “ ဟေး ဖေ ကြီးပြန်လာပြီ ကွ” ဟု အော်ဟစ်၍ ခုန်ကြပေါက်ကြရင်းဖြင့် ကားနားသို့ ရောက်လာကြလေ၏။ ကလေးနှစ်ယောက်၏ နောက်၌ အမျိုးသမီးကြီးတစ်ယောက်နှင့် အမျိုးသမီးငယ်တစ်ယောက်လည်း ပါလာလေ၏။ အမျိုးသမီးကြီးက အိမ်ရှင်မဖြစ်ဟန်တူ၏။ အမျိုးသမီးငယ်က အိမ်အကူမလေးဖြစ်ဟန်တူ၏။
“သားတို့ သမီးတို့ သိပ်မဆူကြနဲ့၊ ဟိုမှာ ဘုန်းဘုန်းကြီးပါတယ် တွေ့လား။ ရော့ ဒီမှာ မုန့်။ မြင့်ရေ ဘုန်းဘုန်းကြီးကို ကိုယ် ပင့်လာခဲ့တာနားနားနေနေ သီတင်းသုံးဖို့ အပေါ်ထပ်မှာ အိပ်ခန်းတစ်ခန်း အမြန်ပြင်လိုက်ပါကွယ်။ ဘုန်းဘုန်းကြီး ပင်ပန်းရော့မယ်”
ဆရာတော်ကြီး၏ ဒါယကာသည် ကလေးများကို မုန့်ဖြင့် ချော့၍ မဆူကြရန်တားမြစ်၏။ သူ့ဇနီးအား ဆရာတော်ကြီးအတွက် အခန်းပြင်
စေ၏။ “မြင့်”ဟု ဆိုသော အိမ်ရှင်မဖြစ်သူ အမျိုးသမီးကြီးသည် ဆရာတော်ကြီးကို လက်အုပ်ချီ၍ “ဘုန်းဘုန်းကြီး ကြွပါဘုရား”ဟု ရိုရိုသေသေ လျှောက်ထားကာ ဧည့်ခန်းသို့ ပင့်လေ၏။ ဆရာတော်ကြီးက ထိုအမျိုးသမီး ဦးဆောင်ရာသို့ လိုက်၍ ကြွတော်မူလေ၏။ ကျွန်တော်က ခရီးဆောင်အိတ်များကို ဆွဲ၍ ဆရာတော်ကြီး၏ နောက်မှ လိုက်ရလေ၏။ ဧည့်ခန်းသို့ရောက်သောအခါ ဆရာတော်ကြီးကို အအေး ကပ်ကြ၏။ ကျွန်တော့် အတွက်လည်း ပါ၏။
“ မမလေး အပေါ်ထပ်မှာ ဘုန်းဘုန်းကြီးအတွက်ရော ဧည့်သည်အတွက်ပါ အိပ်ခန်းနှစ်ခန်း အဆင်သင့်ဖြစ်ပါပြီရှင့်”
အိမ်အကူမလေးက ကျွန်တော်နှင့် ဆရာတော်ကြီးအတွက် အပေါ်ထပ်တွင် အိပ်ခန်းပြင်ပြီးကြောင်း လာပြော၏။ ထိုအခါ အိမ်ရှင်မက ဆရာ
တော်ကြီးကို လက်အုပ်ချီ၍ ရိုရိုသေသေ လျှောက်တင်လိုက်လေ၏။
“ဘုန်းဘုန်းကြီးဘုရား၊ ဘုန်းဘုန်းကြီးရဲ့ ဒကာက နည်းနည်းကြာဦးမယ်ထင်တယ်။ အိမ်ပေါ်ထပ်ကိုကြွပြီး အေးအေးဆေးဆေး နားပါဦးဘုရား။
အပေါ်ထပ်ကိုကြွပါ”
ဆရာတော်ကြီးသည် တစ်စုံတစ်ရာ မိန့်ကြားခြင်းမပြုဘဲ ခေါင်းညိမ့်တော်မူပြီး အိမ်ရှင်မ ပင့်ဆောင်သည့် အပေါ်ထပ်သို့ ကြွလေ၏။ ကျွန်တော်လည်း အထုပ်များကိုထမ်း၍ လိုက်ရပြန်လေ၏။ အမျိုးသမီးနှစ်ဦးသည် ကျွန်တော်တို့ကို နေရာချထားပေးပြီးနောက် “ ဘုန်းဘုန်းကြီးအေးအေးဆေးဆေး အနားယူပါဘုရား”ဟု လျှောက်ထား၍ အောက်သို့ ပြန်ဆင်းသွားကြလေ၏။ ထိုအခါ ဆရာတော်ကြီးက ကျွန်တော့်ကို “ မောင်ရင်လည်း နားပေဦးတော့ ကွာ”
ဟု မိန့်ကြားကာ ကုတင်ကြီးပေါ်သို့ လှဲချလိုက်လေတော့၏။
ကျွန်တော်သည် ကျွန်တော့်အတွက်ဟု ဆိုသော အခန်းသို့ ၀င်၍ လှည့်ပတ်ကြည့်ရှုငေးမော၏။ မြင်မြင်သမျှသော အရာတို့သည် ခမ်းနား၏။ ထည်ဝါ၏။ ခန့်ငြား၏။ ကြည့်ရင်းကြည့်ရင်းဖြင့် ထို ခမ်းနားမှု၊ ထည်ဝါမှု၊ ခန့်ငြားမှုတို့သည် ကျွန်တော့်စိတ်ကို ကျဉ်းကြပ်စေသလို ခံစားလာရလေ၏။ ကျွန်တော် မပျော်ပိုက်ပေ။ ဆရာတော်ကြီးကို ပေးထားသည့် ကတိကိုလည်း ဖျက်ချင်လာလေ၏။ ကပ္ပိယ မလုပ်ချင်တော့။ ထို့ကြောင့် ဆရာတော်ကြီး၏ အခန်းသို့ ပြန်သွား၍
လျှောက်တင်မိလေ၏။
“ ဆရာတော်ဘုရး...... ကျိန်းနေတာလားဘုရား”
“ မကျိန်းပါဘူးကွ။ ဘာဖြစ်လို့လဲ”
“ တပည့်တော် ဆရာတော့် ကပ္ပိယ မလုပ်ချင်တော့ဘူးဘုရား”
“ ဟေ ဘာဖြစ်လို့လဲ ကွ”
“ တပည့်တော် လမ်းမှာတုန်းက ဆရာတော့်ရဲ့ ကပ္ပ်ိယအဖြစ် လိုက်ပေးပါ့မယ်လို့ လျှောက်တာက ဆရာတော် တစ်ပါးတည်း ရန်ကုန်မှာ
အသိအကျွမ်းမရှိဘဲ အခက်အခဲတွေကြုံနေမှာစိုးလို့ပါ ဘုရား။ အခုတော့ ဆရာတော့် ဒကာရင်းတွေနဲ့လည်း တွေ့ကြပြီဆိုတော့ မလိုအပ်တော့ပါ
ဘူး ဘုရား။ တပည့်တော်ကို သွားခွင့်ပြုပါ”
“ အဲဒါဆိုရင်တော့ နေဦးကွ မောင်ရင်ရ မသွားနဲ့ဦး”
“ ဘာဖြစ်လို့များလဲ ဘုရား”
“ ဒီလူတွေက ငါနဲ့လည်း သိတဲ့ လူတွေ မဟုတ်ဘူး”
“ဘုရား...?”
ကျွန်တော့်နှုတ်မှ ရုတ်တရက် အာမေဍိတ် မေးခွန်းတစ်ခုပင် ထွက်ကျသွားလေ၏။
“ ဒီလူတွေက ဆရာတော့်ရဲ့ အသိ ဒကာ ဒကာမတွေ မဟုတ်ဘူး....။ ဟုတ်လား ဘုရား? ”
“ အေး ဟုတ်တယ် ကွ။ ငါနဲ့ မသိကြဘူး”
“ တပည့်တော် နားတောင်မလည်တော့ဘူး ဘုရား”
“ ငါလည်း အဲဒါပဲ စဉ်းစားနေတာကွ၊ အဲဒါကြောင့် မင်းကို မသွားနဲ့ဦးလို့ တားနေတာ”
ကျွန်တော်နှင့် ဆရာတော်ကြီးတို့ ထိုကဲ့သို့ အချီအချ စကားပြောနေခိုက် အိမ်ရှင်မိသားစုတို့ ရောက်လာကြပြီး ဆရာတော်ကြီးကို ဦးချ
ကန်တော့ ကြလေ၏။ ထို့နောက် ဘယ်နယ်က ကြွခဲ့ပါသလဲ။ သက်တော်ဝါတော် ဘယ်လောက်ရှိပါပြီလဲ စသည်ဖြင့် ပဋိသန္ဓာရ စကားများကို မေးလျှောက်ကြလေ၏။ ဆရာတော်ကြီးက သူ၏ ဇာတိရပ်ရွာအကြောင်း၊ သက်တော်ဝါတော်နှင့် ကျန်းမာရေးအကြောင်းတို့ကို မိန့်ကြားတော်မူလေ၏။ကျွန်တော့် စိတ်ထဲတွင် ဆရာတော်ကြီး၏ ဘုန်းကံကြီးမားပုံကို အံ့သြလာမိပြီး အနီးကပ်လေ့လာချင်သည့်စိတ်များ ဖြစ်ပေါ်လာလေ၏။ ထို့ကြောင့်ဆရာတော်ကြီး ပြန်မကြွမချင်း ကပ္ပိယလုပ်ရန် စိတ်ပိုင်းဖြတ်လိုက်လေတော့၏။
"ဘုန်းဘုန်းကြီးဘုရာ့၊ ရန်ကုန်ကနေပြန်မကြွမချင်း တပည့်တော်တို့အိမ်မှာပဲ ကျောင်းအမှတ်နဲ့ သီတင်းသုံးတော်မူပါဘုရား။ ဘုန်းဘုန်း
ကြီးကြွချင်တဲ့နေရာကို တပည့်တော်ကိုယ်တိုင် လိုက်ပို့ပါရစေ..."
အိမ်ရှင်ဒါယကာက ဆရာတော်ကြီးကို သူ့အိမ်အပေါ်ထပ်တွင် သီတင်းသုံးရန်လျှောက်လေ၏။ ထိုအခါ ဆရာတော်ကြီးက ကျွန်တော့်
ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ ကျွန်တော့ဆန္ဒကို စုံစမ်းတော်မူခြင်း ဖြစ်ပုံရ၏။ ထို့ကြောင့် ကျွန်တော်က ဆရာတော်ကြီးအနေဖြင့် တစ်ခြားနေရာများသို့ သွားရောက်တည်းခိုလျှင် ဆွမ်းကွမ်း၊ နေရာထိုင်ခင်းစသည် အခက်အခဲရှိမည်ကို စိုး၍ ဤအိမ်မှာပဲ သီတင်းသုံးစေလိုပါ ကြောင်း လျှောက်ထားရလေ၏။ ဆရာတော်ကြီးက သုံးကြိမ်တိုင်တိုင် ခေါင်းညိတ်တော်မူလေ၏။ အိမ်ရှင်မိသားစုလည်း ၀မ်းမြောက်သောအမူ အရာများဖြစ်ကုန်ကြလေ၏။ ထိုအခါမှစ၍ ကျွန်တော်တို့သည် ထိုအိမ်ကြီး၏ အထူးဧည့်သည် အာဂန္တုများဖြစ်သွားကြလေတော့၏။
အိမ်ရှင်မိသားစုသည် ဆရာတော်ကြီးကိုရော ကျွန်တော့်ကိုပါ အထူးဂရုစိုက်ကြလေ၏။ နေ့စဉ်နံနက်တိုင်း ဆရာတော်ကြီးကို အရုဏ်
ဆွမ်းကပ်ပြီး ရန်ကုန်မြို့တွင်းရှိ ဘုရားအစုံသို့ ကားဖြင့်လိုက်ပို့လေ၏။ ဆူးလေ၊ ရွှေတိဂုံ၊ ကမ္ဘာအေး၊ မယ်လမု၊ ဗိုလ်တစ်ထောင်တို့သာမက ရေလယ်ကျောက်တန်း၊ ကျိုက်ခေါက် စသည့် ဘုရားများသို့ပါ ရောက်လေ၏။ ကျွန်တော်သွားလိုသည့် မဂ္ဂဇင်းတိုက်များသို့လည်း သီးခြားလိုက်ပို့ သေး၏။ ထို့ကြောင့် ကျွန်တော်တို့မှာ လိုသည်ထက်ပို၍ပင် အဆင်ပြေနေတော့သည်။
ဆရာတော်ကြီးသည် ညစဉ်ညတိုင်း တရားစကား အနည်းငယ်စီ ဟောကြားချီးမြှင့်လေ၏။ ထိုတရားပွဲသို့ အိမ်ရှင်မိသားစုသာမက
၎င်းတို့၏ အသိမိတ်ဆွေများပါ လာရောက်နာယူကြသဖြင့် စည်စည်ကားကားရှိ၏။ ထိုရက်များအတွင်း ကျွန်တော်သတိပြုမိသော ဆရာတော်ကြီး၏ ထူးခြားချက်မှာ နဝကမ္မဝတ္ထုငွေ ကပ်လှူလာလျှင် လုံးဝလက်မခံဘဲ အပြတ်ငြင်းပယ်ခြင်း ဖြစ်၏။ ဤသို့လျှင် ကျွန်တော်တို့သည် ရန်ကုန်မြို့၌ငါးရက်ခန့်နေ၍ ဘုရားစုံဖူးပြီးနောက် နယ်သို့ပြန်ရန် စီစဉ်ကြလေ၏။ အပြန်ခရီးကို ရထားဖြင့် ပြန်လိုကြောင်း ကျွန်တော်က လျှောက်ထားလေရာဆရာတော်ကြီးက ကျွန်တော့်စိတ်တိုင်းကျ စီစဉ်နိုင်ကြောင်း ခွင့်ပြုသဖြင့် အထက်တန်းတွဲမှ လက်မှတ်နှစ်စောင် ဖြတ်လိုက်လေ၏။ ထိုလက်မှတ်ဖိုးကို အိမ်ရှင်များက လှူဒါန်းကြလေ၏။ ကျွန်တော် ငြင်းချိန်ပင် မရလိုက်ချေ။
ထိုနေ့နံနက်က ရထားတွဲတိုင်းလိုလိုတွင် လူချောင်၏။ ကျွန်တော်တို့ စီးသော အထက်တန်းတွဲဆိုလျှင် တစ်ခုံ တစ်ယောက်ပင် မရှိ။
ထို့ကြောင့် ကျွန်တော်က မျက်နှာချင်းဆိုင်မှ ခုံလွတ်တစ်ခုံတွင် နေရာယူပြီး စာဖတ်ရင်း လိုက်၏။ တစ်ခါတစ်ရံ ရထားပြတင်းပေါက်ဘောင်ပေါ်
မေးတင်၍ ငေးရင်လိုက်၏။ ငိုင်ရင်းလိုက်၏။ ငိုက်ရင်းလိုက်သည့်အခါလည်း ရှိ၏။ တစ်ခါတစ်ရံတွင် ဆရာတော်ကြီးနှင့် စကားစမြည်ပြောရင်း
လိုက်၏။ တစ်နေရာသို့ ရောက်သောအခါ ကျွန်တော့်စိတ်ထဲတွင် မတင်မကျဖြစ်နေ၍ သိချင်နေသည့် အရာတစ်ခုကို ဆရာတော်ကြီးအား လွှတ်ကနဲ မေးလျှောက်လိုက်မိလေတော့၏။
"ဆရာတော်ဘုရား တပည့်တော် သိချင်နေတာလေးတစ်ခု မေးပါရစေဘုရာ့"
"အေး သိချင်တာရှိ မေးပေါ့ကွာ"
"တစ်ခြားတော့မဟုတ်ပါဘူးဘုရား။ ဆရာတော်အခုလို ဘုန်းကံကြီးအောင် လာဘ်လာဘရွှင်အောင် ဘယ်လိုအကျင့်စရဏတွေများ
ကျင့်သုံးသလဲဆိုတာလေး သိချင်တာပပါဘုရား"
"ဟေ......အေး....မင်းပြောမှ ငါလည်း စဉ်းစားဖို့ သတိရသကွ။ ခုတလော ငါ ဘာဖြစ်နေတယ် မသိဘူး။ အဲဒီ လာဒ်လာဘတွေ ဒကာ
ဒကာမတွေနဲ့ ရှုပ်ယှက်ခတ်ပြီး အနေရ အထိုင်ရကြပ်လိုက်တာ။ .....။ လွတ်လွတ်လပ်လပ်ကို မရှိဘူး။ အကြောင်းရင်း တစ်ခုတော့ ရှိရလိမ့်မယ်ကွ။ ဘာပါလိမ့်.....။"
ဆရာတော်ကြီး မိန့်ကြားလိုက်သော စကားမှာ ကျွန်တော်လိုချင်သော အဖြေမဟုတ်သော်လည်း စိတ်ဝင်စားဖွယ်ဖြစ်၏။ ထို့နောက်
ဆရာတော်ကြီးသည် ရထားပြတင်းပေါက်မှတစ်ဆင့် အဝေးရှိ လယ်ကွင်းပြင်ကြီးကို ကြည့်ရင်း တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားနေဟန်ရှိ၏။ စကားမဆက်တော့။ ဆရာတော်ကြီး ကမ္မဋ္ဌာန်းအာရုံကို လွှတ်၍ စိတ်လွတ်လက်လွတ် စဉ်းစားခန်းဝင်ခြင်းကို ကျွန်တော် ယခုတစ်ခါ သာ ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ်၏။ တစ်ခါမှ ထိုသို့ မမြင်မိပေ။
ရထားကြီးသည် ဂျုံးဂျုံးဂျက်ဂျက်မြည်သံပေးရင်း လယ်ကွင်းပြင်များကို ဖြတ်သန်းနေရာမှ မြစ်ကူးတံတားကြီးပေါ်သို့ ရောက်သွား
လေ၏။ ထိုအခါရထား၏ အသံသည် တစ်မျိုးပြောင်းသွားကြောင်းကျွန်တော်သတ်ိပြုမိ၏။ ကျွန်တော်သည် ဆရာတော်ကြီးကို အနှောက်အယှက်မပေးလိုသဖြင့် မြစ်ပြင်ကျယ်ကြီးကို အဓိပ္ပါယ်မဲ့ ငေးမောနေမိလေ၏။ မြစ်ပြင်ကျယ်ကြီးထဲ၌ တရွေ့ရွေ့မောင်းနှင်နေကြသော သင်္ဘောကြီးများကို အထက်စီးမှ လှမ်းမြင်ရ၏။ လှေငယ်လေးများကိုလည်း မှုန်မှုန်ပြပြ မြင်တွေ့ရ၏။ ဟိုဟိုသည်သည် လူးလာခေါက်တုန့်
ကြသည့် စင်ယော်ငှက်ကလေးများလည်း ရှိ၏။ ထိုအရာများအားလုံးသပျံသန်းပြေးလွှားနေည် ဝါကျင့်ကျင့် မြစ်ပြင်ကျယ်ကြီးကို နောက်ခံထား၍ တည်ရှိနေခြင်းဖြစ်ရာ ကျွန်တော့်စိတ်ထဲတွင် လွန်စွာလက်ရာမြောက်သည့် ပန်းချီကားကြီးတစ်ချပ်ကို ကြည့်ရှုနေရဘိသကဲ့သို့ ဆွတ်ပျံ့ကြည်နူးလာသလိုလို လွမ်းမောလာသလိုလို ခံစားရလေ၏။ အရှိန်အဟုန်ဖြင့် မောင်းနှင့်နေသော ရထားကြီး ဤနေရာ ဤမြင်ကွင်းလေးမှ လွန်မြောက်သွားမည်ကိုပင် နှမြော တ.သ ဖြစ်မိလေ၏။
"သြော်....လက်စသတ်တော့ သင်းးးလက်ချက်ကိုးးးးး။ သင်းးးကြောင့် ဖြစ်ရတာနေမယ်။ ကဲ.....ဒီလောက်တောင် ဒုက္ခပေးတဲ့ကောင်
သွားစမ်းကွာ.....။"
ကျွန်တော်အတွေးလွန် အငေးလွန်နေရာမှ အသံကြောင့် ရုတ်တရက် လန့်ဖျတ်သွားမိပြီး ရှေ့တွင်သီတင်းသုံးနေသည့် ဆရာတော်
ကြီးကို ကြည့်မိလိုက်လေ၏။ ဆရာတော်ကြီးသည် ခါးပမ်းကြားတွင်လိပ်ထားသော အရာဝတ္ထုလေးတစ်ခုကို ဆတ်ကနဲ ထုတ်ယူလိုက်ပြီး လက်ညှိုးနှင့်လက်မကြားတွင်ညှပ်၍ တစ်ခဏမျှစိုက်ကြည့်ကာ အထက်ပါအတိုင်းပြောရင်း ရထားပြတင်းပေါက်အပြင်ဘက်သို့ ပစ်ချလိုက်ခြင်းဖြစ်လေ၏။ ထိုအရာဝတ္ထုလေးသည် မြစ်ကူးတံတား သံဘောင်ကို ထောက်မှန်၍ ကျွန်တော့် မျက်စိရှေ့၌ပင် မြစ်ပြင်ကျယ်ကြီးထဲသို့ လွင့်စင် ပျောက်ကွယ်သွားလေ၏။ အဖြစ်အပျက်များက မြန်ဆန်လွန်းသောကြောင့် ဘာဖြစ်သွားသည်မှန်းကို ကျွန်တော်မသိလိုက်။ ထို့ကြောင့် ဆရာတော်ကြီးကိုမေးလျှောက်ရလေ၏။
"ဆရာတော် အဲဒါ ဘာလေးလဲ ဘုရား။ ဘာဖြစ်တာလဲ"
ဒီလိုပါကွာ..။ တလောလေးက အဂ္ဂိယတ်လိုင်းက ဒကာတစ်ယောက် ငါ့ဆီကို ရောက်လာပြီး သူ့ရဲ့ဓာတ်လုံးလေးကို လှူသွားတယ်။
သွပ်နဲ့လုပ်ထားတာဆိုလားကွာ။ ငါတော့ နားမလည်ပါဘူး။ ဒါပေမယ့် ကျောင်းမှာကလည်း ရှေးဆရာတော်ကြီးတွေလက်ထက်က ကျန်ခဲ့တဲ့ ဖိုတို့လုံတို့က အဆင်သင့်ရှိနေတော့ အားတိုင်း သွားသွားစမ်းနေဖြစ်တယ်။ လုပ်တုန်းက ဗဟုသုတ အဖြစ်ပါ။ အခု အဲဒါလေးက ငါ့ကိုလိုက်ပြီး ဒုက္ခပေးနေတယ် မောင်ရင်ရေ။ မင်း မြင်တဲ့အတိုင်းပဲ။ ဒါ့ကြောင့် စောစောစီးစီး ဖြတ်ပစ်လိုက်တာ။ မဟုတ်ရင် ဘယ်သံသရာအထိ ဒုက္ခလိုက်ပေးဦးမယ့်
ဟာလည်း မသိဘူး။
" ဟာ "
ကျွန်တော့်မျက်နှာမှာ လောဘကြောင့် နှမျောတ.သ သည့် အရိပ်အရောင်များ ထင်းကနဲ ပေါ်သွားသည်ထင်၏။ ရုတ်ချည်းမတ်တပ်ထ
ရပ်၍လည်း ဆရာတော်ပစ်ချခဲ့သည့်နေရာကို ပြန်ကြည့်လိုက်မိသည်။ ကျွန်တော့် ဖြစ်ပုံကို မြင်မှ ဆရာတော်ကြီးက -
အေး....မင့် ငါ မေ့သွားတယ်ကွာ
ဟု လေသံအေးအေးဖြင့် တစ်ခွန်းချင်း မိန့်တော်မူလေ၏။ ကျွန်တော့် ရင်ထဲတွင်ကား ရွှေခွက်မရလိုက်သည့် ဒေဝဒတ်လောင်း ရွဲကုန်
သည်နှင့်မခြား ခံစားလိုက်ရလေ၏။ " ဓာတ်လုံး၊ ဓာတ်လုံး ပိယသိဒ္ဓိလိုတရ ဓာတ်လုံး" ဟုပင် အသံတိတ်ရွတ်ဆိုလိုက်မိသေးသည်။ အတော်အတန်ကြာမှ စိတ်ပြန်ငြိမ်လာပြီး စကားဆိုနိုင်တော့၏။
" ဒီလောက်စွမ်းတဲ့ဟာလေးကို ဆရာတော် ဘာလို့ မြစ်ထဲပစ်ချလိုက်ရတာလဲဘုရား"
"သမျောလို့ပေါ့ကွာ.... ငါ့ဘဝကို ငါ နှမျောလို့ပေါ့။ ငါတို့ ဘုန်းကြီးရဟန်း ဆိုတာ ဘာဘ၊ သက္ကာရ၊ သိလောက တွေရဲ့ နောက်ကိုလိုက်
ပြီး သာယာမိရင် ပျက်စီးတော့တာပဲ ကွ။ "ဖွတ်မရ၊ ဓားမဆုံး "ဆိုသလို ဖြစ်တော့တာပဲ။ "
" အဲဒီ လာဘ၊ သက္ကာရ၊ သိလောက ဆိုတာတွေက ဘာတွေကို ပြောတာလဲ ဘုရား။"
" လာဒ်လာဘတွေ မများများအောင်လုပ်တာ၊ အခြွေအရံ ပရိသတ်တွေ မများများအောင် လုပ်တာ၊ နာမည် မကြီးကြီးအောင် လုပ်တာတွေ
ပေါ့ကွာ။ စောစောက ငါပြောတဲ့ ။ "ဖွတ်မရ၊ ဓားမဆုံး" ဆိုတဲ့ မြန်မာစကားပုံက ---
ဖွတ်ကြီးတစ်ကောင်ကို လူတ်တစ်ယောက်က ဓားမနဲ့ ပစ်လိုက်တဲ့အခါ ဖွတ်ကို မထိတော့ မရလိုက်ဘူး။ ပစ်လိုက်တဲ ဓားမလည်း ပြန်ရှာမတွေ့တော့လို့ ဆုံးသွားတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းသလို စာလုံးပေါင်း နောက်တစ်မျိုးနဲ့ ရေးရင် နောက်ထပ် အဓိပ္ပါယ်တစ်မျိုးလည်း ထွက်သေးတယ်ကွ။
"ဘယ်လိုများလဲ ဘုရား"
"မောင်ရင် သိမှာပါကွာ။ မောင်ရင်လည်း စာဖတ်သမားပဲ။ "
"အမိန့်ရှိပါဦးဘုရား"
" ဖောဋ္ဌ် မရ။ ဓမ္မ ဆုံး ''လေကွာ။ တစ်ချို့ဘုန်းကြီးတွေမှာ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံငါးပါးအတွေ့အထိကိုလည်း
သင်္ကန်းကြီး ပတ်ထားတာဆိုတော့ ဟုတ်တိပတ်တိ မရလိုက်။ လာဒ်လာဘတွေ၊ အခြွေအရံ ပရိသတ်တွေ၊ နာမည်ကြော်ကြားမှုတွေနောက်ကို လိုက် နေရပြန်တာဆိုတော့ မြတ်ဗုဒ္ဓရဲ့ ဓမ္မစစ် ဓမ္မမှန်တွေကိုလည်း ဆုံးရှုံး၊ ဒါကို ပြောတာပေါ့ကွာ။ ငါတော့ ဒီအသက် ဒီအရွယ်ကို ရောက်မှ ဘာမဟုတ်တဲ့ လောကကီအစီအရင် ဓာတ်လုံးလေးတစ်ခုကို အကြောင်းပြုပြီး ဓမ္မကို အဆုံးရှုံးတော့ မခံနိုင်ဘူးဟေ့၊ ဒါပဲ။ "
ကျွန်တော်စိတ်ထဲ ကြက်သီးမွေးညှင်းထသွားလောက်အောင်ပင် ဆရာတော်ကြီးကို ကြည်ညိုသွားမိလေတော့သည်။ ထိုသို့ ကြည်ညိုမိသောသဒ္ဓါစိတ်က မဆွက ဖြစ်ပေါ်ခဲ့သည့် လောဘစိတ်ကိုပင် ဖုံးလွှမ်းသွားသည်ထင်၏။ ပိယသိဒ္ဓိလိုတရ ဓာတ်လုံး ဟူသော စကားလုံးအစား ..ဓမ္ဓကို အဆုံးရှုံးမခံလေသူ ဟူ၍ ပြောင်းလဲ ရေရွတ်နေမိလေတော့သည်။
#ပြည့်သခင်
(လပွတ္တာမြို့ ကိုးနဝင်းပရိယတ္တိစာသင်တိုက် ကျောင်းတိုက် ၇၅ နှစ်ပြည့်နှင့် စာသင်တိုက်ဖွင့်လှစ်ခြင်း ၃၂ နှစ်ပြည့် အထိမ်းအမှတ်စာစောင်)