Monday, August 2, 2021

သေသူကို သရဏဂုံတင်လို့ ရနိုင်သလား..?


မရပါဘူး...သေသူကို သရဏဂုံတင်လို့ 
ဘာမှ အကျိုးမရှိတော့ပါဘူး...

ဒါဆိုရင် ဘာလို့ သုဿာန်တွေမှာ သရဏဂုံတင်ကြတာလဲ..?

သုဿာန်တွေမှာ သရဏဂုံတင်ကြတာဟာ
သေသူအတွက် မဟုတ်ပါဘူး
ကျန်ရစ်သူ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေဟာ
သေသွားသူအတွက် ဝမ်းနည်း ပူဆွေ ဗျာပါဒတွေဖြစ်ကြတော့
သရဏဂုံပန်းဟာ ညိုးနွမ်းနေကြတယ်
ဒါကို ပြန်ပြီး လန်းဆန်းစေဖို့အတွက်
နောက်တစ်ချက်က 
ဆွေမျိုးတစ်ဦးဦး ပျက်စီးဆုံးရှုံးသွားလို့ ဆင်းရဲ ဒုက္ခကြီးစွာ
ခံစားနေရတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ ဆွေမျိုးတွေကို 
ဒုက္ခနည်းပါးစေဖို့ သောကနည်းပါးစေဖို့အတွက်
ဘုရားကို သတိရကြပါ တရားကို သတိရကြပါ
သံဃာကို သတိရၾကပါလို့ 
ကျန်ရစ်သူများ သောကနည်းပါးစေဖို့ 
လျော့ပါးစေဖို့ သတိပေးတဲ့သဘောနဲ့
သရဏဂုံတင်တာပါပဲ....သရဏဂုံ တည်ရခြင်းရဲ့ 
အကျိုးတရားဟာလည်း
အလွန်များပါတယ် သာဓကတွေ အများကြီးပါ
သေသူ အလောင်းကောင်ကြီးကတော့ 
သရဏဂုံ တင်လို့လည်း မရပါဘူး
သူလည်း ဘာမှ မသိတော့ဘူး
ပြိတ္တာအဖြစ်နဲ့ အနီးအပါး ကျင်လည်နေရင်တော့
သုဿာန်မှာ သရဏဂုံတင်ပြီး
အမျှဝေတာကို သာဓုခေါ်ပြီး သုဂတိကို ရောက်နိုင်ပါတယ်
နောက်ပြီးတော့ သုဿာန်မှာ
မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေလည်း
ကုသိုလ်၏ အဖိုးဘာဂကို သာဓုခေါ်ဆိုနိုင်ကာ
ကောင်းရာဘုံဘဝကို သူတို့လည်း ရောက်သွားစေနိုင်တာမို့
သုဿာန်မှာ သရဏဂုံတင်ကြတာဟာ
ကောင်းသော ဓလေ့ ကောင်းသော အလုပ်တစ်ခုဖြစ်တယ်..

သရဏဂုံတင်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့
သေသူထက် ကျန်ရစ်သူတွေ သောကနည်းပါးစေဖို့နဲ့
သေသူအကြောင်းပြုပြီး သရဏဂုံ ကုသိုလ်
သီလကုသိုလ် ဒါနစသောကုသိုလ်တွေကို ရရှိစေချင်လို့
ဖြစ်ပါတယ်.....သရဏဂုံတင်ခြင်းဟာ
အကျိုးမဲ့တာမဟုတ်ပါဘူး အကျိုးရှိသော အလုပ်ပါ...

ဒါဆိုရင် တစ်ချို့နေရာတွေမှာ
မိသားစုလည်းမပါ လူတွေလည်းမပါပဲ
အလောင်းကောင်းကြီးနဲ့ ဘုန်းကြီးတစ်ပါးတည်း
အလောင်းကြီးကို ရှေ့ကချပြီး သရဏဂုံတင်နေကြတာ
အဓိပ္ပါယ်ရှိပါသလား...?

ဒါကတော့ အဓိပ္ပါယ်မရှိပါဘူး
ဘုန်းကြီး တိုင်ပေးတဲ့ သရဏဂုံကို
အလောင်းကောင်းကြီးက လိုက်ဆိုနိုင်တာလည်း
မဟုတ်ဘူး...ဒါပေမယ့် အဲ့လို လုပ်နေကြတာကတော့
မြင်ရတာ တော်တော် ရယ်စရာပါ
အမှန်ဆိုရင် ဘုန်းကြီးက ဘုရားရှိခိုး ပရိတ်ပဋ္ဌာန်းရွတ်ပြီး
ကုသိုလ်ကို အမျှပေးတာကမှ သေသူဟာ
အနီးအနားမှာ သာဓုခေါ်ဆိုနိုင်တဲ့ ပြိတ္တာ အမျိုးအစား
ဖြစ်နေရင် သာဓုခေါ်ပြီး သုဂတိဘုံရောက်နိုင်ပါဦးမယ်
အဲဒါမျိုး မဟုတ်ပဲ သရဏဂုံသွားတင်နေရင်တော့
အဓိပ္ပါယ်မရှိပါဘူး...တော်ကြာ အလောင်းကြီးထလာပီး
သရဏဂုံကို လိုက်ဆိုနေရင် အခက်ပါပဲ..😇😇😇

ဒါနဲ့ ပတ်သတ်လို့ ကိုယ်တွေ့တစ်ခုကြုံဖူးပါတယ်
၂၀၀၅ ခုနှစ်က အဲဒီတုန်းက ဦးဇင်းတုန်းက
ဦးဇင်းဟာ ကိုယ်ရင်ဘဝပဲရှိပါသေးတယ်
ဧရာဝတီ ဖျာပုံမြို့နယ်က ကရင်ရွာလေးတစ်ရွာကို
(အိမ်ခြေကတော့ ၆၀ လောက်ရှိပါတယ်) 
မိုးရာသီအစလောက်မှာ အလည်ရောက်သွားတယ်
ဦးဇင်းရောက်သွားချိန်က ကျောင်းက ဘုန်းကြီးက
ရန်ကုန်ကို ဘုရားဖူးကြွသွားတယ်
ဦးဇင်းရောက်လို့ ၂ ရက်ပဲကြာတယ်
အသက် ၇၀ ဝန်းကျင် ဒကာကြီးတစ်ယောက် ဆုံးသွားတယ်
ဒါနဲ့ ကျောင်းကိုလာပီး သုဿာန်ကို သရဏဂုံတင်ပေးဖို့
လာလျှောက်တော့ ဦးဇင်းလည်း ဘုမသိ ဘမသိလိုက်သွားတယ်
သုဿာန်ရောက်တော့ မိသားစုအပါအဝင် လူဦးရေ
၂၀ လောက်ရှိမယ်....ထုံးစံအတိုင်းပေါ့
ဆရာကန်တော့ သီလပေး သရဏဂုံတင်
အမျှဝေ ရေစက်ချပေါ့ အားလုံးက အဆင်ပြေပါတယ်
အဆင်မပြေတာ တစ်ခုကတော့
ဦးဇင်းရောက်တာနဲ့ ဦးဇင်းရှေ့က ခေါင်းကြီးကိုဖွင့်
လူကြီးတစ်ယောက်က အလောင်းပါးစပ်ကိုဖွင့်ပြီး
ပုဝါစတစ်ခုကို ထိုးထည့် ကျန်တဲ့ တစ်စကိုကျတော့
ဦးဇင်းကို ကိုင်ခိုင်းပြီး သီလပေး သရဏဂုံတင်
အမျှဝေရတယ်.. ဘာလို့လဲမေးကြည့်တော့
ဘုန်းကြီးသရဏဂုံတင်ပေးတာကို
လူသေအလောင်းက တိုက်ရိုက်လိုက်ဆိုနိုင်အောင်..တဲ့
အဝေးကကြည့်လိုက်ရင်တော့
ဘုန်းကြီးနှင့် အလောင်းကောင် ပုဝါတစ်ကမ်း
လက်တစ်ကမ်းနဲ့ မြိုင်စခန်း အငြိမ်းကနေရသလိုပါပဲ
တော်တော်လည်း ရယ်စရာကောင်းပါတယ်...

ဒါဆိုရင် ကိုဗစ်ကာလမှာ သေသွားသူတွေ
သရဏဂုံတင်ခွင့်မရတော့ ကောင်းရာသုဂတိ
ရောက်နိုင်ပါမလား...?

ဒါကတော့ စောစောက ဖြေပြီးပြီလေ
သရဏဂုံတင်တာဟာ သေသူကို မဟုတ်ပါဘူးလို့
ကောင်းရာသုဂတိ ရောက်နိုင်လား မရောက်နိုင်လားဆိုတော့
သူမသေခင် ကောင်းရာဘုံဘဝ ရောက်စေနိူင်သော
ကောင်းမှု ကုသိုလ်ကံတွေ..သို့မဟုတ် သေခါနီးမှာ
ဖြစ်တဲ့ အာသန္နကံက ကောင်းသောကံ ဖြစ်ခဲ့သလား
မဖြစ်ခဲ့သလားဆိုတာနဲ့ပဲ ဆိုင်ပါတယ်
မသေခင် နေ့စဉ်ပြုလုပ်နေကျ အာစိဏ္ဏကံက
ကောင်းသောကံဖြစ်နေမယ်ဆိုရင် သေခါနီးဖြစ်သော
အာသန္နကံကလည်း ကောင်းတဲ့ကံဖြစ်နေမှာပါ
အာစိဏ္ဏကံက မကောင်းဘူးဆိုရင်တော့
အာသန္နကံကလည်း မကောင်းနိုင်ပါဘူး
ပိန္နဲပင်စိုက်ပြီး သရက်သီးသီးစေချင်လို့ မရသလို
အရက်သောက်လာပြီး ပါးစပ်က 
ပန်းရနံ့လေး ထွက်ပါစေဆိုလို့ မရနိုင်ပါဘူး....

ဖြစ်နိုင်မယ်ဆိုရင် ကျန်ရစ်သူတွေက
ဘုရားကိုဆွမ်းပဲကပ်ကပ် ပန်းပဲလှူလှူ
ပြုပြုသမျှ ကုသိုလ်၏ အဖိုးဘာဂကို
သေသွားသူရဲ့ နာမည် သေသွားတဲ့ နေ့ရက်တွေကို
ပါးစပ်ကနေခေါ်ပြီး...ယနေ့ပြုရ ကုသလ၏
အဖိုးဘာဂကို ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က
ဘဝတစ်ပါးသို့ ပြောင်းသွားသူ..ဦး....မ.....အား
အထူးအားဖြင့် အမျှပေးဝေပါ၏ ထိုမှတစ်ပါး
၃၁ ဘုံ၌ ကျင်လည်နေကြကုန်သော
သတ္တဝါမှန်သမျှ အနန္တတို့အားလည်း အမျှပေးဝေပါ၏ 
သာဓုခေါ်ဆိုနိုင်ကာ
ကောင်းရာဘုံဘဝမှာ စံမြန်းနိုင်ပါစေ..ဆိုပြီး
ပါးစပ်ကအသံထွက် အမျှပေးဝေရင်လည်း
သေသူက အပေါ်က ပြောခဲ့သလို သာဓုခေါ်နိုင်တဲ့
ပြိတ္တာဘုံဘဝ တစ်ခုခုကိုရောက်နေရင်
သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိကို
ရောက်နိုင်ပါတယ်လို့...ဖြေပါရစေ...။

တစ်ခါက မူဆယ် သုဿာန်ရောက်ခဲ့စဉ်ကပုံ
#အရှင်အာလောက
မြောက်ဦး...။
#Credit