Monday, October 11, 2021

စင်္ကာပူ၏ ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ


စင်္ကာပူနိုင်ငံက သူ့နိုင်ငံအပေါ် ပြည်ပက ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ရေး အတွက် ဥပဒေတစ်ရပ်ကို အောက်တိုဘာလ ၄ရက်နေ့က လွှတ်တော်မှာမဲခွဲပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အခြေအတင် ငြင်းခုံဆွေးနွေးခဲ့ကြရပြီး၊ အမတ်၁၀၄ဦး ရှိတဲ့အနက် ထောက်ခံမဲ၇၅၊ကန့်ကွက်မဲ ၁၁နဲ့ ကြားနေမဲ၂မဲနဲ့ မဲခွဲဆုံးဖြတ် ခဲ့ကြတာဖြစ်ပါတယ်။ စင်္ကာပူ အာဏာရပါတီဖြစ်တဲ့ ပီအေပီက ရွေးချယ်ခံ အမတ်နေရာ ၉၃နေရာရှိရာမှာ ၈၅နေရာကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်တော့ပဲဖြစ်ဖြစ် အနိုင်ရဖို့ သေချာနေတာဆိုပေမဲ့ အတိုက်အခံတွေက အပြင်းအထန်ကန့်ကွက်ခဲ့ကြတာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက စင်္ကာပူလို နိုင်ငံခြားတိုင်းပြည်တွေနဲ့ နီးနီးကပ်ကပ်ပေါင်းသင်း ဆက်ဆံပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရပ်တည် လည်ပတ်နေရတဲ့ နိုင်ငံကလေးက ဘျာကြာင့် သူတို့ပြည်တွင်းနိုင်ငံရေးကိုကျတော့ ပြည်ပကနေ ဝင်ရောက် စွက်ဖက်ချယ်လှယ်မှာကို အသည်းအသန်စိုးရိမ် ပူပန်ပြီးတော့ ဒီဥပဒေမျိုးကို အပူတပြင်း ပြဋ္ဌာန်းခဲ့ရတာလည်း ဆိုတာပါပဲ။ 

ဒီအချက်ကို မစဉ်းစားခင် အခုပြဋ္ဌာန်းလိုက်တဲ့ FICA လို့ခေါ်တဲ့ Foreign Interference Countermeasures Act အကြောင်း အကြမ်းဖျင်းသိသင့်တယ်ထင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပက အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်း တွေကနေ မိမိပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်တာတွေကို ကာကွယ်တားဆီးဖို့ပါပဲ။ 

ဒီလိုဝင်ရောက်စွက်ဖက်ရာမှာ ကျင့်သုံးနိုင်တဲ့နည်းလမ်းနှစ်မျိုးကို မူတည်ပြီး အရေးယူ ဆောင်ရွက်မယ့် တန်ပြန်နည်းလမ်းတွေကို ဒီဥပဒေမှာ ဖော်ထုတ်ထားတာဖြစ်ပါတယ်။ သူတို့အမြင်အရ၊ ပြင်ပကနေ ဝင်ရောက်စွက်ဖက်လာနိုင်တဲ့ အဓိက နည်းလမ်းနှစ်မျိုးကတော့ သတင်းအချက်အလက်နည်းပညာလမ်းကြောင်းဖြစ်တဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးစနစ် ကနေ မီဒီယာစစ်ဆင်မှု ပြုလုပ်ပြီးတော့ ဝင်ရောက်လွှမ်းမိုးစွက်ဖက်ခြင်းနဲ့ လူပုဂ္ဂိုလ်ကတစ်ဆင့် နိုင်ငံရေးအရ အရေးပါသူတွေကို နောက်ကနေချုပ်ကိုင်ပြီး ဝင်ရောက်စွက်ဖက်ခြယ်လှယ် တာမျိုးဖြစ်ပါတယ်။ 

အီလက်ထရွန်းနစ်ဆက်သွယ်ရေးဆိုရာမှာ လူမှုမီဒီယာတွေ၊ SMS သတင်းစာတိုပေးပို့မှုတွေ၊ မီဒီယာမျိုးစုံသုံး သတင်းပေးပို့မှု MMS (Multimedia Message Service) တွေ၊ အင်တာနက် အသုံးပြုဆက်သွယ်ရှာဖွေမှု စနစ်တွေ စသည်ဖြင့် အားလုံးပါဝင်ပါတယ်။ အများနားလည်အောင် လွယ်လွယ်ပြောရရင် ဖုန်းပွတ်ပြီးလိုင်းသုံးတာမှန်သမျှ ပါတယ်လို့ ပြောလို့ရပါတယိ။ 

နိုင်ငံရေးအရ အရေးပါတဲ့သူတွေဆိုတာကတော့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ ၊နိုင်ငံရေးပါတီတွေ၊ အမတ်လောင်းတွေ၊ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ စသည်ဖြင့် နိုင်ငံရေးနဲ့ပတ်သက်သူ အားလုံးလိုလိုပါဝင်ပါတယ်။ ဒီလူတွေကို proxy ဩဇာခံကိုယ်ပွား အဖြစ်မွေးမြူပြီး နောက်ကနေ ကြိုးကိုင်ခြယ်လှယ်ခြင်းမပြုနိုင်အောင် ကာကွယ်တားဆီးဖို့ပဲ ဖြစ်ပါတယ်။အဓိကကတော့ ရွေးကောက်ပွဲရံပုံငွေ ထောက်ပံ့တဲ့ကိစ္စကို ကိုင်တွယ်ဖို့ပါ။ ဒါ့အပြင် ဂုဏ်ထူးဆောင်နိုင်ငံသားအဆင့် ပေးအပ်ခြင်း၊အခြားကိစ္စတွေမှာ အခွင့်ထူးတွေ ခံစားခွင့်တွေ ပေးအပ်ခြင်း စတာတွေလည်းပါဝင်ပါတယ်။ 

ပြစ်ဒဏ်တွေကတော့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးအတွက်ဆိုရင် ထောင်ဒဏ်၁၄နှစ်အထိ ချနိုင်ပြီး အင်တာနက်၊လူမှုမီဒီယာ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့လည်း ပါပါတယ်။ နိုင်ငံရေးအရထင်ရှားအရေးပါသူတွေကို ထောက်ပံ့တဲ့ကိစ္စမှာတော့ ငွေသိမ်း၊ဒဏ်ရိုက်၊ ထောင်ဒဏ်၁၂လလောက်အထိပဲ ပါတာတွေ့ပါတယ်။ 

ပြစ်ဒဏ် အနေအထားအရ ကြည့်ရင်တော့ စင်္ကာပူနိုင်ငံအနေနဲ့ မီဒီယာ စစ်ဆင်မှုလက်နက်ကို အများကြီးပိုပြီး အလေးထားပုံရကြောင်း သုံးသပ်ရပါတယ်။ဒါကလည်း သဘာဝကျပါတယ်။ ငွေနဲ့ပေါက်ရင် အလွန်ဆုံး အမတ်လက်တစ်ဆုပ်စာလောက်ပဲမွေးနိုင်မှာဖြစ်ပေမဲ့၊ လူထုကို သဘောထားပြောင်းသွားအောင် မီဒီယာကလုပ်လိုက်ရင် အနှစ်နှစ်အလလ ထူထောင်ထားခဲ့ရတဲ့ ပီအေပီ ပါတီ တစ်ခုလုံး ဒုက္ခရောက်သွားနိုင်တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ စင်္ကာပူက ဘာလို့ ဒီလောက်ဆတ်ဆတ်ထိမခံပူပန်နေရတာလဲဆိုတာ ကတော့ လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေ ကြောင့်နဲ့ စင်္ကာပူမှာလည်း အတိတ်က ဖြစ်ရပ်လေးတွေရှိခဲ့တာကြောင့် လို့ ယူဆရပါတယ်။ 

ကမ္ဘာ့နိုင်ငံရေးအခြေအနေဆိုရာမှာတော့ ပြီးခဲ့တဲ့နှစ်တွေမှာ အပြောများခဲ့တဲ့ Post-truth politics ဆိုတာကို ပြောပြချင်ပါတယ်။ post-truth ဆိုတာကတော့ တိုက်ရိုက် ဘာသာပြန်ရင် "အမှန်တရား အလွန်" လို့ ပြန်ရမယ်ထင်ပါတယ်။ မြန်မာစကားမှာက လွန်တယ်ဆိုတာ အလွန်အကျူးဆိုတာမျိုးလည်း ရှိနေတော့ အမှန်လွန်ဆိုတာက "မှန်လွန်းလို့ မှန်တာထက်ပိုသေး" ဆိုတာမျိုး သဘောပေါက်သွားမှာလည်းစိုးရပါတယ်။ ဒီစကားလုံးရဲ့ ဆိုလိုရင်းကတော့ အမှန်တရားအချက်အလက်ကို မဆိုစလောက်အခြေခံပြီးတော့ ကိုယ်ဖြစ်ချင်၊ယုံကြည်စေချင်တဲ့ အကြောင်းအရာတွေနဲ့ သာသာထိုးထိုးလွန်လွန်ကဲကဲ တန်ဆာဆင် အယုံသွင်းပြီး ပစ်မှတ်လူထုရဲ့ သဘောထားအမြင်တွေကို လိုသလိုထိန်းကျောင်းပုံသွင်းကာ နိုင်ငံရေးရလဒ်ထွက်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူမှုမီဒီယာတွေရဲ့ လူတွေအပေါ် လွှမ်းမိုးမှုကို အသုံးပြုပြီး ကလိန်စေ့ငြမ်းဆင် လုပ်ကြံသတင်းတွေ မှားမှန်ရောထွေးသတင်းတွေနဲ့ အကွက်ဆင်ပုံဖော်သွားတာမျိုးဖြစ်ပါတယ်။ လူတွေက ယုံကြည်လက်ခံသွားပြီဆိုရင် ဘယ်လောက်ပဲ ယုတ္တိမတန်ပေမဲ့ မျက်စေ့မှိတ်ပြီး ယုံနေကြတော့တာပါပဲ။ 

သာဓကအားဖြင့် ဒေါ်နယ်ထရမ့် နိုင်သွားတဲ့ရွေးကောက်ပွဲမှာ Cambridge Analytica ဆိုတဲ့ ဆိုင်ဘာသုတေသနဌာနတစ်ခုကို ငှားရမ်းပြီး လူမှုမီဒီယာတွေမှာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမဝင်ရယူကာ ထရမ့်ကို ထောက်ခံမဲပေးနိုင်ဖွယ်ရှိသူတွေကို ရွေးချယ်ပြီး၊ လူလုပ်အသိဉာဏ်နည်းပညာ AI ကို အသုံးပြုကာ သူတို့ရဲ့ သဘောထားတွေ ခိုင်မာလာအောင် အားဖြည့်ပေးမယ့် အချက်အလက်တွေ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေဆီကို သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေ ရောပြွမ်းပြီး အရောက်ပို့ ကူညီပေးခဲ့တာက ရုရှားတွေဖြစ်တယ်လို့လည်း ပြောကြပါတယ်။ 

တစ်ဘက်မှာလည်း ရုရှားတွေက ထရမ့်ပြိုင်ဘက် ဟီလာရီကလင်တန်ရဲ့ အီးမေးတွေ ကို ဖောက်ဝင်ပြီး ကလင်တန်ဖောင်ဒေးရှင်း အလှူငွေကိစ္စတွေကို ဖော်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိခဲ့ပါတယ်။ ကလင်တန်ဖောင်ဒေးရှင်းက သမ္မတဟောင်းဘီလ်ကလင်တန် နဲ့ ဟီလာရီကလင်တန်တို့ လင်မယား ထူထောင်ထားတာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီနဲ့ တွေ့ချင်တဲ့ အရှေ့အလယ်ပိုင်း အာရပ်စော်ဘွားတွေက အဲဒီဖောင်ဒေးရှင်းကို အလှူငွေတွေ ရက်ရက်ရောရောထည့်ဝင်ပြီး မျက်နှာလုပ်ကြတယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။ 

ဒါမျိုးတွေကတော့ အခုသမ္မတ ဂျိုးဘိုင်ဒင်လည်း အပြောခံမလွတ်ပါဘူး။ သူ့ရဲ့သား ဟန်တာဘိုင်ဒင်ဟာ သူ့အဖေ ဒုသမ္မတဘဝမှာတုန်းက ယူကရိန်းနဲ့ တရုတ်ကုမ္ပဏီတွေမှာ ရာထူးနေရာတွေ ရခဲ့ဖူးတယ်ဆိုတဲ့ ကိစ္စမျိုးတွေရှိခဲ့ပါတယ်။ ထရမ့်ဆိုရင်လည်း ရုရှားတွေက ဟိုးတုန်းကတည်းက သူ့ကို အလည်ခေါ် အလိုလိုက် အကြိုက်ပေးပြီး မွေးမြူချုပ်ကိုင်ထားခဲ့တယ် ဆိုတာမျိုးတွေလည်း သတင်းထွက်ခဲ့တာပါ။ဒါကြောင့် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားတွေဝင်ရောက်စွက်ဖက်မှုရှိမရှိ ခုံအဖွဲ့ဖွဲ့ စစ်ဆေးတာမျိုးတွေတောင် ရှိခဲ့ပါသေးတယ်။ 

စင်္ကာပူကိုယ်တိုင်လည်း ဒါမျိုးတွေ ကြုံခဲ့ဖူးပါတယ်။ ၁၉၈၈ခုနှစ်တုန်းက အမေရိကန် သံမှူးကြီးတစ်ယောက်ကို စင်္ကာပူ အတိုက်အခံအမတ်၂ဦး အရွေးကောက်ခံရအောင် ကူညီတယ်ဆိုတဲ့အမှုနဲ့ နှင်ထုတ်ခဲ့ဖူးတာရှိပါတယ်၊ ၂၀၁၇ တုန်းကလည်း အမေရိကန်နိုင်ငံသား တရုတ်နွယ်ဖွား ပါမောက္ခတစ်ယောက်ကို နိုင်ငံခြားတိုင်းပြည်တစ်ခုအတွက် သူလျှိ ုလုပ်ပေးတယ် ဆိုတဲ့စွဲချက်နဲ့ ပြည်နှင်ဒဏ်ပေးခဲ့တာရှိပါတယ်။ 

ဒီနေ့ကာလလို တရုတ်နဲ့အမေရိကန် မဟာဗျူဟာအားပြိုင်မှုပြင်းထန်နေချိန်မှာ တရုတ်ပတ်လည်က နှုတ်ခမ်းသားနယ်မြေတွေမှာလည်း စစ်အေးပုံစံ နိုင်ငံရေးနဲ့ ထောက်လှမ်းရေး စစ်ဆင်မှုတွေက မြင့်တက်လာတော့မှာဖြစ်ပါတယ်။ စင်္ကာပူလို နိုင်ငံသေးသေးကလေးကတော့ အပ်ဖျားပေါ် မုန်ညင်းစေ့တင်ထားရသလို အကဲဆတ်လွန်းလှတာမို့ နိုင်ငံရေးအရ ဘယ်လိုမှ အကွဲခံလို့မရတာကြောင့် ခေတ်အဆက်ဆက် တစ်ပါတီထဲ အာဏာရနေအောင် မဖြစ်မနေ လုပ်ထားရတာဖြစ်ပါတယ်၊ 

ဒါကို ဒီဘက်ခေတ်မှာ အစွမ်းထက်လှတဲ့ မီဒီယာစစ်ဆင်မှုပြုလုပ်ပြီး ပြည်သူလူတုကို မှိုင်းတိုက်ခြင်း၊ဩဇာခံမွေးမြူကြိုးကိုင်ခြင်း တွေနဲ့ ုပြည်ပ အင်အားကြီးတွေက ပါဝင်စွက်ဖက်လာမှာကို အသေအလဲကြောက်ရွံ့တဲ့အတွက် ဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာ ဖြစ်ပုံရကြောင်းသုံးသပ်ရပါတယ်။တချိန်တည်းမှာပဲမြန်မာနိုင်ငံလို စိတ်ဝမ်းကွဲပြား၊ ညီညွတ်မှုအားနည်းပြီး မဟာဗျူဟာအရလည်း စင်္ကာပူနည်းတူ အရေးပါနေတဲ့ နိုင်ငံတစ်ခု အတွက်လည်း ပြည်ပစွက်ဖက်မှုတွေကနေ ကာကွယ်ဖို့ အရေးတကြီးလိုအပ်နေတာ ဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။

Credit - ဦးကိုကိုလှိုင်