Monday, October 11, 2021

အလျှော့အတင်း 🍁


ဒီနေ့ နံနက်စောစောမှာပဲ ဥရောပသမဂ္ဂကနေ အကြမ်းဖက်တွေကိုလည်း လူရာသွင်းကြပါ - ဆိုတဲ့ သဘောနဲ့ စင်ပြိုင်တွေဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုကြသူများဖြစ်ကြောင်း စာလေးထုတ်ပေးလိုက်တယ်။ ဒါကိုပဲ တစ်ပွဲမှ မနိုင်ဖူးတဲ့အုပ်စုက "ငါတို့ကို အသိအမှတ်ပြုပြီ" လို့ ထကြွေးကြော်ပါတယ်။ SAC ထောက်ခံသူတွေ ကြိတ်မနိုင်ခဲမရ ဖြစ်သွားကြတယ်။ 

ညဦးပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စာထွက်လာပါတယ်။ သံရုံးတွေကို သတိပေးတဲ့ ကန့်ကွက်လွှာအဆင့်ပဲရှိသေးပြီး နှင်မထုတ်သေးလို့ အားမလိုအားမရဖြစ်ကြတယ်။ 

ကျွန်တော်မေးပါဦးမယ်။ သံတမန်အဆက်အသွယ် လုံးဝဖြတ်တောက်လိုက်ရင် ကျွန်တော်တို့ ဖြတ်ရင် ဖြတ်သလောက် အဲဒီနေရာမှာ အကြမ်းဖက်တွေ အစားထိုး နေရာယူလာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ တရားဝင်ဆုတ်ခွာသွားလေ၊ တစ်ဖက်ကို တရားဝင်နေရာယူခွင့်ပေးလေ ဖြစ်မှာပဲ။ အခုလို ကန့်ကွက်လို့တောင် ရတော့မှာမဟုတ်ဘူး။ အဲဒါက ခင်ဗျားတို့လိုလားတဲ့အနေအထားလား။ Diplomatic relations တွေ လုံးဝဖြတ်တောက်ပြီး အရှုံးပေးခိုင်းတာ။ 

ကျွန်တော်သာဆိုရင်တော့ အရှုံးမပေးပါဘူး။ ရွေးစရာရှိနေသရွေ့ လုံးဝနေရာဖယ်မပေးဘူး။ လိုချင်ရင် လုယူကြည့်ကြပေါ့။ ကိုယ်က ဘာမှားနေလို့ Isolate အဖြစ်ခံရမှာလဲ။ ဒီလူတွေဟာ အကြမ်းဖက်တွေမို့ မပတ်သက်သင့်ကြောင်းပဲ ကန့်ကွက်မှာပါ။ သူတို့တွေ ရှေ့တိုးလာမှ တစ်ဆင့်ချင်းပေါ့။ 

ထပ်ပြောရရင် ကျွန်တော်တို့ မြန်မာတစ်နိုင်ငံတည်း အခုလိုဖြစ်နေတာမဟုတ်ဘူး။ Venezuela က နိုင်ငံရေးသမားတွေလည်း အခုလို နှစ်ခြမ်းကွဲနေတယ်။ လက်ရှိအာဏာရ သမ္မတ နီကိုလပ်စ် မာဒူရိုက တစ်ဖက်၊ ကိုယ့်ကိုကိုယ် သမ္မတအဖြစ် ကြေညာထားတဲ့ ပြည်ပြေး ဟွမ် ဂွါအီဒိုက တစ်ဖက်။ အခုထိ အားပြိုင်နေတုန်းပဲ။ 

Reuters မှာဖော်ပြတဲ့ "Guaido vs Maduro: Who is backing whom in Venezuela" ဆိုတဲ့ ဆောင်းပါးကိုဖတ်ကြည့်ရင် သန်ရာသန်ရာ ထောက်ခံ အသိအမှတ်ပြုနေကြတာတွေ့မှာပါ။ 

Pro Maduro - ဆိုတဲ့ဘက်မှာ ဗင်နီဇွဲလားစစ်တပ်အပြင် သူ့မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ အင်စတီကျူးရှင်းတွေရှိတယ်၊ အကြီးတန်းအရာရှိတွေရှိတယ်။ 
တရုတ်နဲ့ ရုရှားအပြင် ဘိုလီဗီးယား၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ တူရကီနိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတယ်။ 

Pro Guaido - ဆိုတဲ့ဘက်မှာကျတော့ ထုံးစံအတိုင်း အမေရိကန်နဲ့ အီးယူ၊ ဗဟိုနဲ့ တောင်အမေရိက နိုင်ငံတွေ၊ ဩစတြေးလျ၊ ကနေဒါနဲ့ အစ္စရေးတောင် ပါသေးတယ်။ 

ယှဉ်တွေးကြည့်... ကျွန်တော်တို့ဆီက အကြမ်းဖက်တွေက ဂွါအီဒိုလောက်တောင် အားကောင်းနေလို့လား။ အခုမှ အကြမ်းဖက်တွေကိုလည်း အဖက်လုပ်ပါ၊ သူတို့က ရွေးကောက်ခံကလာတာပါ၊ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတာပါ - ပဲ ပြောရဲတာပါ။ ဒီလူတွေ အကြမ်းမဖက်ဘူးလို့ မပြောရဲပါဘူး။ ဥပဒေကို လိုက်နာစရာမလိုဘဲ တိုက်ခိုက်ခွင့်ရှိတယ်၊ သူတို့ရဲ့ ဘာစစ်ပွဲ ညာစစ်ပွဲကြီးက ဖြစ်သင့်တယ်လို့လည်း တစ်ခွန်းပြောမသွားဘူး။ နောက်ဆုံး မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်မယ်လို့တောင် မပြောရဲတဲ့ အနေအထားမှာ ကျွန်တော်တို့ကစပြီး ဖြတ်စရာလား။ ဖြတ်ရင် ဘယ်သူအရှုံးတုန်း။ 

ကျွန်တော့်သဘောကတော့ ကျွန်တော်တို့ဘက်က သံတမန်ဆက်ဆံရေးတွေ ဖြတ်တောက်တာထက် အကြမ်းဖက်တွေ ခြေမချနိုင်အောင် တားဆီးတာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ မြင်တယ်။ နိုင်ငံတော်ရဲ့ သိက္ခာတရားအတွက် ပါးနပ်တဲ့ ရွေးချယ်မှုတွေသာ လုပ်သင့်ပြီး သံတမန် ဆက်ဆံရေး ဖြတ်တောက်မှုဟာ နောက်ဆုံးအဆင့် ရွေးချယ်မှုသာ ဖြစ်သင့်ပါတယ်။ ဒါကို အစိုးရအဖွဲ့က အတွေ့အကြုံရှိ ဝန်ကြီးတွေ ပိုနားလည်မှာပါ။ 

မြန်မာ့အရေးကို လက်ညှိုးထိုးနေကြပေမဲ့ Maduro နဲ့ Guaido တို့ရဲ့ အာဏာလုပွဲမှာ ဗင်နီဇွဲလားပြည်သူ (၅.၄) သန်းကျော် နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ကြရပြီးပါပြီ။ မဖြစ်စေချင်ပေမဲ့ ပြည်သူတွေရဲ့ဘဝဟာ မြေဇာပင်တွေပါပဲ။ 

ဒီတော့ ကျွန်တော် အဓိက ပြောလိုတာက - 

- ကုလသမဂ္ဂအထွေထွေညီလာခံမှာ အကြမ်းဖက်တွေ အလားအလာမကောင်းသလို ကျော်မိုးထွန်းကလည်း ဘာမှပြောခွင့်မရခဲ့ဘူး။ 

- ဒီတော့ အကြမ်းဖက်တွေ အလားအလာကောင်းဖို့ အီးယူနဲ့ အိုအိုင်စီက ခပ်စိပ်စိပ် ပရိုမိုးရှင်းဆင်းလာတယ်။ ပွဲထုတ်လာတယ်။ အဖက်လုပ်ဖို့ တွန်းတင်လာတယ်။ 

- ဒီလို တွန်းတင်လာတာကိုပဲ အပယ်ခံတွေက ထ လက်ခမောင်းခတ်တယ်။ 

- အဲဒီလူတွေ လက်ခမောင်းခတ်လို့ SAC က နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ရမယ်တဲ့လား။ ကြေညာချက်က ပျော့တယ်ထင်တယ်လား။ ဘာဖြစ်စေချင်ကြတာလဲ။ 

ကျွန်တော်တို့က ဒီလိုအနေအထားမှာ လိုအပ်ရင် လိုအပ်သလို Diplomatic relations ကို ထိန်းတောင် ထိန်းထားရဦးမှာပါ။ နေရာဖယ်လိုက်လို့ကို မဖြစ်တာ။ ဖယ်တာနဲ့ ဟိုက အစားထိုး နေရာယူလာမှာပါ။ မဖြစ်မနေ ဆက်ဆံရေး ဖြတ်တောက်ရရင်လည်း ဒါဟာ နောက်ဆုံးအဆင့် ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ 

ကျွန်တော်တို့ကတော့ Zero Setting ထိ တွေးထားပြီးသားဖြစ်မယ်လို့ ယုံပါတယ်။ 

လောလောဆယ်တော့ အားစမ်းနေကြတုန်းပေါ့။ 
လူကြီးမင်းတို့ Good luck ပါ။ 

သန့်နေစိုး (9. Oct. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is comparison of Myanmar Diplomatic Relations to Venezuela Crisis. Authentic press statement of the Ministry of Foreign Affairs (Myanmar) and articles from AFP/ Reuters and Euractiv are being referred. 

No fake news, no offense and nothing violates the community standards of Facebook. 

Sources are as follows, 

https://www.facebook.com/513368565530110/posts/1872482929618660/

https://www.euractiv.com/section/global-europe/news/who-backs-whom-in-venezuela-crisis-in-eu-and-beyond/

https://www.reuters.com/article/us-venezuela-politics-support-factbox-idUSKCN1S62DY