Tuesday, October 5, 2021

တာလီဘန်အစိုးရကို အနှေးနဲ့အမြန် အမေရိကန် အသိအမှတ်ပြုရလိမ့်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် မှတ်ချက်ပေး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာ ၃ ၊ ၂၀၂၁

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက အမေရိကန်အစိုးရဟာ တာလီဘန်တွေ ဦးဆောင်တဲ့ အာဖဂန်နစ္စတန် အစိုးရသစ်ကို အနှေးနဲ့အမြန်ဆိုသလိုပဲ အသိအမှတ်ပြုလိုက်ရလိမ့်မယ်လို့ မှတ်ချက်ပေးပြောကြားလိုက်ပါတယ်။

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ကို အချိန်တိုတိုနဲ့ ပြန်လည်သိမ်းပိုက်လိုက်နိုင်တာက အမေရိကန်အစိုးရကို အရမ်းပဲ ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး သူတို့အတွက် အရှက်ရစရာကိစ္စလိုမျိုးဖြစ်သွားခဲ့တာကြောင့် တာလီဘန်တွေ ဦးဆောင်မယ့် အာဖဂန်နစ္စတန်အစိုးရသစ်ကို အမေရိကန်က ချက်ချင်း လက်မခံဘဲဖြစ်နေတာလို့ ပါကစ္စတန်ဝန်ကြီးချုပ်က ဆိုပါတယ်။

အနောက်အုပ်စုက ကျောထောက်နောက်ခံပြုပေးထားတဲ့ အာဖဂန်နစ္စတန်အစိုးရဟာ တာလီဘန်တွေကို ရက်ပိုင်းအတွင်းမှာ အရေးနိမ့်အရှုံးပေးလိုက်ရတာက အမေရိကန်ကို နိုင်ငံရေးအရ အထိနာစေခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို အမေရိကန်ပြည်သူလူထု မတရားပစ်မှတ်ထား အပြစ်တင်နေတာတွေကိုတော့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့လည်း ဝန်ကြီးချုပ် အင်မရန်ခန်းက မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်ကနေပြီး အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့ကိစ္စကို သဘောတူညီမှုတွေ လုပ်ဆောင်ခဲ့သူက သမ္မတ ဒေါ်နယ်ထရမ့်သာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ဟာ နှစ်ပေါင်း ၂၀ ကြာစစ်ပွဲကို အဆုံးသတ်ပြီး အမေရိကန်စစ်သားတွေကို အိမ်ပြန်ရောက်အောင် စီမံပေးခဲ့တဲ့အတွက် ချီးကျူးရမှာဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

ပါကစ္စတန်ဟာ လက်ရှိမှာ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၃ ဒသမ ၅ သန်းကို လက်ခံပေးထားပြီး တာလီဘန်တွေအနေနဲ့ အရင်တုန်းကလိုမျိုး မဟုတ်တော့ဘဲ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီး နိုင်ငံကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်သွားဖို့ လိုလားတယ်လို့လည်း ဝန်ကြီးချုပ် အင်မရန်ခန်းက ဆက်လက် အသိပေးသွားခဲ့ပါတယ်။

The Standard Time
Source – Al Jazeera