ပြည်ထောင်စုအဆင့် လူကြီးတွေ နေပြည်တော်မှာ မြေကွက်ယူမယ်ဆိုတဲ့သတင်းအပေါ် ဝေဖန်ပြောဆိုနေသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ RFA သတင်းဌာနကြီးကတောင် မြေကွက်ကိစ္စ ဝေဖန်သုံးသပ်သွားတာ တွေ့လိုက်ရပါတယ်။ ဪ .. အခုတော့လည်း နေပြည်တော်ဆိုတာ အင်မတန်နေပျော်တဲ့ လူ့မလိုင်ခဲတို့ရဲ့ မြို့တော်ကြီး ဖြစ်လာခဲ့ပြီကိုး။ ဒီလို မင်းနေပြည်တော်ကြီး ဖြစ်လာလိမ့်မယ်ဆိုတာကို ဟိုး လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်နီးပါးကပင် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့တယ်လို့ဆိုပါတယ်။ ကြားရသူတချို့မှာ ရုတ်တရက် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်တဲ့။ အဲဒီတုန်းက ရေမြေ တောတောင် အနေအထားနဲ့ဆိုရင် ဒီနေရာမှာ မင်းနေ ပြည်တော်ကြီး ဖြစ်လာလိမ့်မယ်ဆိုတာ စိတ်ကူးယဉ်လို့တောင် ရမှာမဟုတ်ပါဘူး။
နေပြည်တော်ရဲ့ အထွက်အမြတ် အမှတ်အသားဖြစ်တဲ့ ဥပ္ပါတသန္တိစေတီဘုရားကြီးရဲ့ အနောက်ဘက် သိပ်မဝေးတဲ့နေရာမှာ ရွှေနန်းသွင်းဘုရားကို ဖူးမြင်နိုင်ပါတယ်။ တောင်ကုန်းမို့မို့ကလေးပေါ်မှာ ရွှေရောင်တဝင်းဝင်းနဲ့ ကြည်ညိုသပ္ပါယ်စရာ တည်ရှိနေပါတယ်။ ရွှေနန်းသွင်းဘုရားတည်ထားရာ တောင်ကုန်းကလေးကို “လက်လုပ်တောင်´လို့ခေါ်ပါတယ်။ ဒီတော ဒီတောင်မှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ မြန်မာသက္ကရာဇ် ၁၃၅၃ မှ ၁၃၅၅ ခုနှစ်အထိ တောရဆောက်တည် တရားအားထုတ်တော်မူခဲ့တာပါ။ အဲဒီတုန်းက တောင်ပေါ်က ဘုရားကလေးဟာ ထုံးအဖွေးသားနဲ့၊ ဆရာတော်ကြီးရောက်လာပြီးမှ အသစ်ပြုပြင်တည်ထားတာလို့ သိရပါတယ်။
“ဒီဘုရားက နိုင်ငံရေးဘုရားဟဲ့၊ နင်တို့ နိုင်ငံရေး စကားပြောနေတဲ့သူတွေ သွားဖူးကြ“
ဆရာတော်ကြီးက ရယ်ရယ်မောမောနဲ့ အဲဒီလို ပြောပြခဲ့ဖူးပါတယ်။ ဒီဘုရားတည်ထားရာနေရာဟာ မင်းတုန်းမင်းကြီးရဲ့ပိုင်နက် အထက်မြန်မာပြည်ရဲ့ အစွန်ဆုံးနေရာ ဖြစ်ပါတယ်။ ဟိုဘက်မှာကတော့ အင်္ဂလိပ်ပိုင်နက် အောက်မြန်မာပြည်၊ ဗြိတိသျှအင်္ဂလိပ်တွေဟာ သူတို့ကိုယ်သူတို့ “နေမဝင်အင်ပါယာ”လို့ ကြွေးကြော်နေ ချိန်လည်း ဖြစ်ပါတယ်။ အထက်မြန်မာပြည်ကို သိမ်းပိုက်ဖို့လည်း အမျိုးမျိုးကြံစည် ကြိုးစားလျက်ရှိပါတယ်။ အဲဒီမှာ မင်းတုန်းမင်းကြီးက အထက်နဲ့အောက်မြန်မာပြည်ရဲ့ နယ်စပ်သဖွယ်ဖြစ်နေတဲ့ ဒီနေရာမှာ နန်းသွင်းဘုရားကို တည်ထားတော်မူခဲ့ပါတယ်။
ဗြိတိသျှတို့က နေမဝင်အင်ပါယာလို့ ကြေညာထားတာကို မင်းတုန်းမင်းကြီးက“နေဝင်ပြီဆိုပြီး ညနေတိုင်း စည်တီးအသိပေးတယ်လို့ ဆိုပါတယ်။ ဒီဘုရားပေါ်က စည်တော်သံတစ်ချက်ကြားတိုင်း အင်္ဂလိပ်တို့ တစ်ကြိမ် တုန်လှုပ်ရတယ်လို့ ဆိုပါတယ်။ မူလဘုရားဘွဲ့တော်မှာ “နန်းသွင်းဘုရား ́အခုမှ ရွှေတစ်လုံးတိုးလာပြီး ရွှေနန်းသွင်းဘုရားရယ်လို့ ဖြစ်လာတာပါ။ (ဘုရားပေါ်မှာ
တပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်ကြီးများရဲ့ အမည်များ၊ မိသားစုများရဲ့ အမည်များကို အလှူရှင်ကမ္ပည်းမော်ကွန်း ရေးထိုးထားတာ တွေ့နိုင်ပါတယ်)။
လက်လုပ်တောင်ဟာ ရှေးအခါက သိုက်ကုန်းနေရာ ဘဏ္ဍာတိုက်ကြီးများမြှုပ်နှံရာ ဖြစ်တယ်လို့လည်း သိရပါတယ်။ မဏိပူရပြည်က တောထွက်လာတဲ့ ညီနောင် မင်းသားနှစ်ပါးဟာ ဒီနေရာမှာ ဝိဇ္ဇာအတတ်ပညာများကို ကြံစည်အားထုတ်ခဲ့ကြပါတယ်။ နောင်တော်က ယခု လက်လုပ်တောင်ရှိရာနှင့် သိပ်မဝေးလှတဲ့နေရာ ယခု လွန်းတောင်လို့ခေါ်တဲ့နေရာမှာ အားထုတ်ပါတယ်။ ညီ
တော်က ယခု လက်လုပ်တောင်နေရာမှာ အားထုတ်ပါတယ်။ နောင်တော်က ပေါက်မြောက်အောင်မြင်သွားပြီး
ညီတော်မှာတော့ ထူးထူးခြားခြား တိုးတက်အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ညီတော်ဟာ မိမိယူဆောင်လာတဲ့ ရွှေတွေငွေတွေကို အရိမေတ္တယျဘုရားပွင့်တဲ့အခါ ကျောင်းဆောက်လှူဒါန်းရန် ရွှေတိုက်ငွေတိုက် လေးလုံးဆောက်ပြီး လက်လုပ်တောင်မှာ မြှုပ်ထားခဲ့ပါတယ်။ ဒီတိုက်ကြီးလေးလုံးကို စောင့်ရှောက်ဖို့အတွက် နောင်တော်ကြီးက ရွှေတုံးကြီးကို နဂါးရုပ်ထုပြီး အသက်သွင်း ပေးခဲ့ပါတယ်။ နဂါးကြီးရဲ့ မျက်စိနေရာမှာ ပြဒါးရှင်လုံးကို တပ်ပေးခဲ့ပါတယ်။
သူတို့ညီနောင်မှာ ညီအငယ်ဆုံးတစ်ယောက် ရှိနေသေးပြီး မဏိပူရမင်းနေပြည်တော်မှာ ဓားထက်တဲ့ စစ်သူကြီးဖြစ်နေပါတယ်။ ဘုရင်က အဘိဓမ္မရာဇာဖြစ် ပြီး မိဖုရားကြီးမှ ဇေယျပတ္တဆိုတဲ့ သားတော်တစ်ပါးနဲ့ သမီးတော် ငါးပါးတို့ ဖွားမြင်ခဲ့ပါတယ်။ ထီးနန်းအရိုက် အရာကို သားတော် ဇေယျပတ္တက ဆက်ခံရမှာဖြစ်ပေမယ့်
စစ်သူကြီးရဲ့ လက်ရုံးဩဇာကို မကျော်နိုင်ခဲ့ပါဘူး။
နန်းတွင်းအာဏာလုပွဲမှာ စစ်သူကြီးက အသာစီးရသွား ပြီး မိဖုရားကြီးလုပ်ကြံခံရတယ်။ အဘိဓမ္မရာဇာမင်းကြီးဟာ သားတော်သမီးတော်များနဲ့အတူ ထွက်ပြေးတိမ်း ရှောင်လာခဲ့ရာလက်လုပ်တောင်ကို ရောက်လာခဲ့တယ်။ လက်လုပ်တောင်မှာရှိနေတဲ့ ညီနောင်နှစ်ဦးဟာ မင်းကြီးရဲ့ အဖေတူအမေကွဲ ညီအစ်ကိုများ ဖြစ်ပါတယ်။
ဇေယျပတ္တမင်းသားလေးကို စစ်ကိုင်းတောင်သို့ ပညာသင်စေ၊ လွှတ်ထားစဉ် မင်းကြီးနတ်ရွာစံပြီး သမီးတော်ငါးပါးကျန်ခဲ့လေရာ ဝိဇ္ဇာညီနောင်နှစ်ပါးက စောင့်ရှောက်ထားခဲ့ပါတယ်။
“အဘိုးတို့ ပုပ္ပါးတောင်ကို ဆေးကြိတ်သွားရမယ်၊ တကယ်လို့ အရေးကြုံခဲ့ရင် ဟောဒီလက်ဖွဲ့အဆောင် ပစ္စည်းလေးကို ကိုင်ပေါက်လိုက်ရင် အဘိုးတို့ချက်ချင်း ပြန်ရောက်လာမယ်” ။
ဒီလိုနဲ့ မင်းသမီးငါးယောက် ကျန်ခဲ့ချိန်မှာ သိုက် ဆရာကြီး ငါးယောက် ရောက်လာတယ်။ မင်းသမီးလေးတွေကို လူစင်စစ်လို့မထင်ဘဲ ဥစ္စာစောင့် သိုက်နန်းရှင် တွေပဲလို့ သိုက်ဆရာကြီးတွေက ယူဆတယ်။ ရွှေတိုက် ငွေတိုက်ကြီးတွေ ဘယ်မှာလဲ၊ အစောင့်နဂါးကြီးရဲ့ မျက်လုံးနေရာမှာ တပ်ထားတဲ့ပြဒါးရှင်လုံးတွေ ဘယ်မှာလဲ။ မင်းသမီးလေးတွေ ဘာမှမသိ၊ ဘာမှမပေးနိုင်ပါ။ သိုက်ဆရာကြီးတွေက မင်းသမီးလေးတွေကို သေလုမျောပါး ရိုက်နှက်နှိပ်စက်မေးမြန်း၊ အကြီးဆုံးမင်းသမီး မခံနိုင်တော့တာနဲ့ ဥပါယ်တံမျဉ်နဲ့ ‘ဟိုအရှေ့ဖက်တောင်မှာ ပြဒါး ရှင်လုံးသွားယူပေးပါမယ်ဆိုပြီး လစ်ထွက်လာတယ်။ ဒါပေမယ့် နှိပ်စက်ခံဒဏ်ရာတွေနဲ့ ‘လွန်းတောင် ́အရောက် မှာ သေဆုံးသွားရှာတယ်။ ကျန်ခဲ့တဲ့ ညီအစ်မလေး ယောက်လည်း သိုက်ဆရာကြီးတွေ ဆက်လက်နှိပ်စက်တာနဲ့ သေပွဲဝင်ရရှာတယ်။ ဒီတော့မှ ဝိဇ္ဇာညီနောင်ပေး ခဲ့တဲ့ အဆောင်လက်ဖွဲ့ အသက်ဝင်လာပြီး ပုပ္ပါးတောင်ကို ရောက်သွားတယ်။ လက်ဖွဲ့ကိုမြင်လိုက်တာနဲ့ တူမ တွေ ဒုက္ခရောက်နေပြီဆိုတာသိပြီး ဝိဇ္ဇာညီနောင်ဟာ လက်ဖွဲ့ကို ကိုင်ပေါက်လိုက်ရာ သိုက်ဆရာကြီးတွေ သေကုန်တယ်လို့ ဆိုပါတယ်။
ဝိဇ္ဇာညီနောင် လက်လုပ်တောင် ပြန်ရောက်တဲ့အခါ သိုက်ဆရာငါးယောက်နဲ့ ညီအစ်မလေးယောက်တို့ကို သူတို့ရဲ့ အတတ်ပညာနဲ့ ပြန်ခေါ်လိုက်တယ်။ လက်လုပ်တောင်မှာ မြှုပ်နှံထားတဲ့ ရွှေတိုက်၊ ငွေတိုက်၊ ကျောက်သံပတ္တမြားတိုက်နဲ့ ပြဒါးတိုက်တို့ကို တူမကြီးလေးယောက်ကို စောင့်ရှောက်စေပါတယ်။ သိုက်ဆရာကြီး ငါးဦးအနက် အကြီးဆုံးသိုက်ဆရာကြီးကို တောင်ပိုင်အဖြစ် ခန့်အပ်လိုက်ပြီး ကျန်လေးဦးကိုတော့ အရပ်လေးမျက်နှာကို စောင့်ကြပ်စေပါတယ်။ အဲဒီအချိန်မှာ ဇေယျပတ္တမင်း သားလေးဟာ စစ်ကိုင်းတောင်က ပြန်ရောက်လာပါတယ်။
ဘူမိယပါရဂူအတတ်မှာ တစ်ဖက်ကမ်းခတ်သူဖြစ်နေပါ ပြီ။ ဒါပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ပိုးစိုးပက်စက် သေပွဲဝင်ရရှာကုန်သော ဆွေတော်မျိုးတော် တွေကိုကြည့်ပြီး နှလုံးကြေကွဲဝမ်းနည်းနေလျက် သံဝေဂလည်း ရခဲ့ပါပြီ။ နှမတော်များက မိမိတို့အား ဘယ်သူမှ မနှိပ်စက်ရန် စီမံပေးပါလို့ တောင်းဆိုပါတယ်။ ဇေယျပတ္တမင်းသားက အားလုံးကို စီရင်ဆောင်ရွက်ပေးပြီး“ငါသည် မဏိပူရကိုမပြန်တော့၊ ထီးနန်းစည်းစိမ်ကိုလည်း အလိုမရှိတော့၊ စစ်ကိုင်းတောင်သွား၍ ရဟန်းပြုပေအံ့” လို့ ဆိုပါတယ်။
နှမငယ်များက “လက်လုပ်တောင်မှာပဲ ရဟန်းပြု ပါ၊ သာသနာပြုပါ”လို့ တောင်းပန်ပြောဆိုကြပါတယ်။
‘နှမတို့ဤနေရာမှာ သာသနာပွင့်ရန် အချိန်မတန်သေး။ သာသနာသက် ထက်ဝက်ကျော်လေသော် ဤ လက်လုပ်တောင်၏ အရှေ့မြောက်အရပ်မှ ရဟန်းဘဝဖြင့် ငါပြန်လာမည်၊ ထိုအခါကျမှ သာသနာပွင့်လေမည်” ဆို၍ စစ်ကိုင်းတောင်သို့ ထွက်ခွာသွားပါတော့တယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားဟာ ပျဉ်းမနား လက်လုပ်ဆောင်ရဲ့ အရှေ့မြောက်အရပ် သာစည်မြို့နယ် ရွှေကျောင်းကုန်းတောင်မှ ကြွလာသည်ဖြစ်ရာ ရှေးစာဟောင်းများနဲ့အညီ ဖြစ်နေပါတော့တယ်။ ဒါကြောင့် လည်း မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတို့က အုတ်အော်သောင်းတင်း ဆီးကြိုကြ၊ ဖူးမြော်ကြ၊ လှူဒါန်းကြနဲ့ လက်လုပ်တောင်ဝန်းကျင်ဟာ ချက်ချင်း သက်ဝင် စည်ကားလာခဲ့ပါတော့တယ်။ ဆရာတော်ကြီးဟာ ဆွမ်းခံခြင်း၊ တရားဟောခြင်းတို့ဖြင့် ပရိသတ်ကို ချွေးသိပ်ပေးပြီး ကျောင်းတံခါးကြီး ပိတ်လိုက်ပါတော့တယ်။ ဆွမ်းခံချိန်လောက်သာ ဖူးခွင့်ရပြီး အခါကြီးရက်ကြီးများမှာတော့တရားပွဲကြီးများ ကျင်းပပေးခဲ့ပါတယ်။ တရားစခန်းဖွင့် ပြီးတော့လည်း တရားပြပေးခဲ့ပါတယ်။
လက်လုပ်တောင်ဟာ ဆရာတော်ကြီး သုံးနှစ် သာသနာပြုချိန်အတွင်း ချက်ချင်းပင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဗောဓိမဏ္ဍိုင်၊ ဓမ္မမဏ္ဍိုင်ကျောင်းတော်များ၊ ဝိဇ္ဇောဒယဓမ္မာရုံကြီးနှင့် ယောဂီဆောင်များမှာ နတ်ဘုံ နတ်နန်းပမာ ပေါ်ပေါက်လာပါတော့တယ်။ ပျဉ်းမနား ရှမ်းကန်အထက်မှာ ဆရာတော်ကြီး ဈာန်ပျံကြွချီတာကို ဖူးမြင်လိုက်ရတယ်ဆိုတဲ့ သတင်းကလည်း ဟိုးလေးတ ကျော် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ လက်လုပ်တောင်ဝန်းကျင်
မှာ ပရိသတ်ကို တားမရတော့ပါ။
ဆရာတော်ကြီးကို ဖူးချင်လို့၊ တရားနာချင်လို့ စောင့်ဆိုင်း နေတဲ့ ပရိသတ်ကြီးဟာ ပွဲကြီးလမ်းကြီးတမျှပါပဲ။ “လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော၊ ခြွေရံ ဤလေးတန်ကို ရှောင် ရန်စာရင်းထဲမှာ ထိပ်ဆုံးကထည့်ထားတဲ့ ဆရာတော်ကြီး ဟာ လက်လုပ်တောင်ကခွာဖို့ ပြင်ဆင်ပါတော့တယ်။ ရှမ်းပြည်နယ် သံလွင်မြစ်ကြီးရဲ့ အရှေ့ဘက်ခြမ်း သုဝဏ္ဏ သျှမ်တောင်ကြီးပေါ်က သူတော်ကောင်းကြီးများကလည်း “တပည့်တော်ဆီ တစ်လှည့်လာပြီး သာသနာပြုပါဦး ဘုရား”လို့ ပင့်လျှောက်နေကြပေပြီ။
ကျွန်တော်သည်ကား ဆရာတော်ဘုရားကြီး လက်လုပ်တောင်တွင် သာသနာပြုစဉ် (၁၃၅၂ မှ ၁၃၅၅) ထို သုံးနှစ်အတွင်း ဖူးခွင့်မရလိုက်ပေမယ့် သုဝဏ္ဏသျှမ်တောင် တွင်ကား အားပါးတရ ဖူးခွင့်ရခဲ့ပြီဖြစ်ပါတယ်။
ကျွန်တော် သုဝဏ္ဏသျှမ်တောင်ကို ယခင်တစ်ခေါက်ရောက်ခဲ့ဖူးပြီး ယခုတစ်ခေါက် ဓမ္မမိတ်ဆွေများဖြစ်သော တေးရေးဆရာ ကိုဝင်းမင်းထွေး၊ ကိုမင်းတေဇာမွန်၊ ကိုမြတ် သူတို့နဲ့အတူ ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဆရာတော်ကြီး ခွင့်ပြုတဲ့အချိန် အခွင့်ကောင်းယူ ပြီး ရောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သံလွင်အရှေ့ခြမ်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရှမ်း၊ လားဟူ၊ လီရှော၊ ပလောင်၊ အခါ စသောတိုင်းရင်းသားများ နေထိုင်ကြရာ သုဝဏ္ဏသျှမ်တောင်တစ်ကြောမှ လားဟူလီရှောတိုင်းရင်းသားများကို ဘာသာခြား သာသနာပြုများက ငွေအား၊ လူအား သာလွန်အင်အားဖြင့် ဆွဲဆောင်သိမ်းသွင်းနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီး ရောက်လာပြီး မေတ္တာဓမ္မခွန်အား သက်သက်ဖြင့်သာလျှင် လားဟူ၊ လီရှောတိုင်းရင်းသားများကို ဗုဒ္ဓဘာသာဝင်ဖြစ် စေခဲ့ပါတယ်။ ပစ္စည်းတစ်ခု ပိုက်ဆံတစ်ကျပ် ပေးကမ်း စည်းရုံးခြင်းမရှိပါဘဲ မေတ္တာဓမ္မဖြင့်သာလျှင် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်အောင် စွမ်းဆောင်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
၁၉၉၆ မတ်လ(တပေါင်းလပြည့်)မှာ လားဟူ၊ လီရှောတိုင်းရင်းသားများစွာ
(ရွာပေါင်း ၂၇ ရွာခန့်) ရဲ့ ဗုဒ္ဓဘာသာခံယူပွဲကြီးကို မိုးမြေသိမ့်သိမ့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ဗုဒ္ဓဘာသာဝင်အဖြစ် ခိုင်မြဲလာကြပြီဖြစ်တဲ့ လားဟူလီရှောတိုင်းရင်း သားများကို မြေပြန့်မြန်မာပြည်က ဗုဒ္ဓဘာသာ ဘယ်လိုတိုးတက်နေတယ်ဆိုတာ လေ့လာဖို့ ဘုရားစုံဖူးကြဖို့၊ လူမှုရေးစီးပွားရေးတွေ လေ့လာဖို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်တဲ့ ခရီးစဉ်ကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီခရီးစဉ်ကြီးအတွက် စီစဉ်ပြင်ဆင်နေချိန် ကျွန်တော်တို့လေးယောက်အဖွဲ့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပါတယ်။
ဆရာတော်ကြီးအတွက် ဒေသစာရီခရီးစဉ်ကြီးဖြစ်ပြီး လားဟူ၊ လီရှောတိုင်းရင်းသားများအတွက် ဗုဒ္ဓဘာသာလေ့လာရေး ဘုရားဖူးခရီးစဉ်ကြီး ဖြစ်ခဲ့ပါတယ်။ ခရီးစဉ် ကြီးဟာ သုဝဏ္ဏသျှမ်တောင်ခြေ ဟေဟင်ရွာ(ခုနစ်မိုင်) က စတင်ပြီး ရန်ကုန်မှာ အဆုံးသတ်ပါတယ်။ အပြန်ခရီး မှာတော့ မန္တလေး၊ ရွှေဘိုနဲ့ ကန့်ဘလူမြို့နယ်ထဲက ဆရာတော်ကြီးရဲ့ (ဇာတိရွာ မင်းကုန်းမှာအဆုံးသတ်ဖို့) စီစဉ်ထားပါတယ်။ လူပေါင်းရာကျော်လိုက်ပါလာတဲ့ ခရီးစဉ်ကြီးဟာ အချိန်အားဖြင့် တစ်လကျော်ကြာမြင့်ခဲ့ ပါတယ်။ ခရီးစဉ် အစအဆုံးလိုက်ပါပြီး မှတ်တမ်းတင် ရေးသားပူဇော်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်ဂုဏ်ယူမဆုံးခဲ့ပါပြီ။
ပျဉ်းမနား လက်လုပ်တောင်မှာ သုံးနှစ်သီတင်းသုံးစဉ်က ဖူးခွင့်မကြုံခဲ့သော်လည်း ယခုခရီးစဉ်ကြီးမှာတော့ဆရာတော်ကြီးကို လက်လုပ်တောင်မှာ တရားနာခွင့် ဖူးမြော်ခွင့်၊ မေးလျှောက်ခွင့်တွေ အပြည့်အဝရရှိခဲ့ပါတယ်။ ဆရာတော်ကြီးဟာ လက်လုပ်တောင်မှာ ၁၈-၃ -၉၇ မှ ၂၅-၃-၉၇ အထိ တစ်ပတ်ကြာ သီတင်းသုံးချီး မြှောက်တော်မူခဲ့ပါတယ်။ လားဟူ၊ လီရှောတိုင်းရင်းသား တွေနဲ့အတူ ရန်ကုန်ကို ဆက်မလိုက်တော့ဘဲ လက်လုပ်တောင်မှာပဲ နေခဲ့ခြင်းဖြစ်ပါတယ်။ ခရီးစဉ်ကြီးတစ် လျှောက် မြို့ရွာပေါင်းများစွာ ဆီးကြိုဖူးမြော်သူတွေဟာ လူပင်လယ်ကြီးဖြစ်သွားတဲ့အထိ ကြိတ်ကြိတ်တိုး စည် ကားလှပါတယ်။ ခရီးစဉ် ရပ်နားရာမြို့ရွာတွေမှာ နေ့ည တရားပွဲတွေလည်း ခြိမ့်ခြိမ့်သဲလို့ပါပဲ။ အလွန်ပင်ပန်း နွမ်းနယ်နေပေမယ့် ဆရာတော်ကြီး လုံးဝအနားမယူ၊ ရဟန်းရှင်လူများကို တရားရေအေးတိုက်ကျွေးလျက်ဖြင့်။
ထိုစဉ်က“တောရ ဖြစ်ခဲ့တဲ့ လက်လုပ်တောင်ဟာ အခုတော့ဖြင့် မြို့ကြီးပြပြီး နေပြည်တော်ကြီးရဲ့ အထင် ကရတစ်နေရာ ဖြစ်ခဲ့ပေပြီ။ ဒီနေရာမှာ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ မဟာဗောဓိမြိုင်ဆရာတော်ကြီးက နှစ်ပေါင်း သုံးဆယ်ကျော်လောက်ကတည်းက ကြိုတင်မိန့်ကြားခဲ့ပါတယ်။ အရိယာသူတော်ကောင်းကြီးများ၏ ဓမ္မစက္ခုဖြင့် ရှုမြင်နိုင်စွမ်းပကား အံ့မခန်းပါပေ။
နေပြည်တော်အနီးတွင် နေရောင်ပြအင်း(ကြာအင်းကြီး)တည်ရှိနေတာလည်း အများအသိပဲ ဖြစ်ပါတယ်။ အဲဒီနေရောင်ပြအင်းအနီးသို့ ဗုဒ္ဓမြတ်စွာ ကြွ တော်မူလာခဲ့ပြီး လာရောက်ဖူးမြော်တဲ့ နတ်တွေကိုတရားဟောခဲ့ကြောင်း ၁၉၅၈ ခုနှစ်တွင် ဒုတိယအကြိမ်ထုတ်ဝေတဲ့ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ တပင်ရွှေထီးဝတ္ထု တော်ကြီးမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘုရားရှင် နေရောင်ပြအင်းအနီးတွင် သီတင်းသုံးနေစဉ် တောဆင်နှစ်ကောင် (သားအဖ)ရောက်လာပြီး ဗုဒ္ဓဘုရားကို ဝပ်တွားခစား ဖူးမြော်ကြပါသတဲ့။ (မြတ်စွာဘုရားဟာ ပလလဲဆင်မင်းကိုတန်ခိုးတော်ဖြင့် အတူခေါ်လာပြီး နေရောင်ပြအင်းမှာ နားနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်)
“တောဆင်သားအဖနှစ်စီးသည် အလေ့ကျပေါက်ရောက်လျက်ရှိသော ကြံများကို နှာမောင်းဖြင့်ရစ်ပတ်ယူဆောင်ပြီး မြတ်စွာဘုရားအား ကပ်လှူပူဇော်သည်။ ပလလဲဆင်မင်းသည် ထိုကြံ ကို အရည်ညှစ်၍ မြတ်စွာဘုရားအား ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် ကြံရည်ကိုဘုဉ်းပေးပြီးနောက်တောဆင်နှစ်စီးကို ကြည့်ရှုကာ ပြုံးတော်မူပါသည်။ ပြီး တော်မူခြင်းအကြောင်းကို ပလလဲ ဆင်မင်းက လျှောက် ထားမေးမြန်းရာ မြတ်စွာဘုရားက “အို ပလလဲဆင်မင်း၊ ဤဆင်သားအဖသည် ငါဘုရားအား ကြံတို့ဖြင့်ရိုသေစွာ ပူဇော်လှူဒါန်းပေသည်။ ထိုကုသိုလ်ကြောင့်
- ဆင်သား အဖသည် ဤနေရောင်ပြအရပ်ကိုအုပ်စိုး၍ ဘုန်တန်ခိုးကြီးမားသော မင်းဧကရာဇ်များ ဖြစ်လတ္တံ့၊
- ဤနေရောင်ပြအရပ်တွင် နန်းတည်၍စံလတ္တံ့၊
- ဤဌာနတွင် ဘုရင်ဧကရာဇ်တို့ ဘုရင်ဧကရာဇ် တို့ထီးနန်းစိုက်ရာမြေ ဖြစ်လတ္တံ့၊
- ဤနေရောင်ပြအနီးတွင် လမ်းကြီးတောင်မြောက်တွင်လတ္တံ့။
- ငါဘုရား၏ သာသနာကို ကောင်းစွာရွက်ဆောင် ၍ ထွန်းကားအောင်ပြုစုသော မထေရ်တစ်ပါးပေါ်လတ္တံ့၊
ဗုဒ္ဓဘုရားကဗျာဒိပ် ၁၀ ချက်မိန့်ကြားရာ ငါးချက်ကို ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။ (အကျယ်ကို ( ၂၀၁၃ ဇူလိုင်လထုတ် ဒေါက်တာထွန်းထွန်းဦး၏ ဗျာဒိပ်ရမြန်မာမင်းနေပြည်တော်များ စာအုပ်မှာကြည့်ပါ)။
ဘုရားဗျာဒိပ်ပေးတော်မူခဲ့တဲ့အတိုင်း မင်းနေပြည်တော်လည်း ပေါ်ပေါက်ခဲ့ပါပြီ။
ဗျာဒိပ်တော်အတိုင်း ရန်ကုန်-မန္တလေးအဝေးပြေး လမ်းမကြီးလည်း ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်တဲ့ချက်တွေကို ကိုယ့်ဟာကို ဆက်စပ်စဉ်းစား အဖြေထုတ်ကြည့်ကြပါကုန်။
နေရောင်ပြအင်းမှာရော လက်လုပ်တောင်မှာပါ တန်ခိုးကြီးဆုတောင်းပြည့် ဘုရားတွေကို အသင့်ဖူးမြော်နိုင်ပါတယ်။ကုသိုလ်ကောင်းမှု အကောင်းပြု၍ တောင်းဆုပြည့်ကြပါလေကုန်။🙏🙏🙏
#မောင်သွေးချွန်#
သုဝဏ္ဏသျှမ်
ဇူလိုင်လ ၂ ရက်နေ့ထုတ် The Power News Journal
စာရေးသူ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည် ။
Ashin WeRa TayZaw
Credit,
တဆင့်ပြန်လည်မျှဝေပါသည်
ဆရာကျော်(အညာမြေ)