Sunday, October 24, 2021

အကြမ်းဖက်များ၏မွန့်တည့်ချိန်မှာဝင်သည့်နေ

********************************************
8th October 2015
 
 ခရုဇ်ဒုံးပျံတင်သင်္ဘောကို အရန်သင်္ဘောငယ်သုံးစင်းနဲ့ ခြံရံလာပြီး ကက်စပီယံ ပင်လယ်ပြင်ကနေ ရေပြင်မှ မြေပြင်ပစ်ဒုံးပျံ (၂၆) စင်းကို ရုရှားတွေ ပစ်လွှတ်လိုက်ခဲ့တယ်၊ မြေပြင်ကို ရှပ်ပျံပြီး သီးခြားမှတ်တမ်း တင်ထားတဲ့ ပစ်မှတ် (၂၆) ခုကို တိတိကျကျ ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ခဲ့တယ်။ မိုင်ပေါင်း (၁ဝဝဝ) နီးပါး အကွာ ပင်လယ်ထဲက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံတွေဟာ အီရန်၊ အီရတ်နိုင်ငံတွေကို ဖြတ်ကျော်ပြီး ဆီးရီးယားမှာ သောင်းကြမ်းနေတဲ့ ကမ္ဘာ့အကြီးဆုံးအကြမ်းဖက်အဖွဲ့ IS ရဲ့ အဓိကပစ်မှတ် (၁၁) ခုကို တစ်ပြိုင်နက် ချေမှုန်း လိုက်ခဲ့တယ်၊

 ပစ်မှတ်ကို ဒတ်ထိကျ ပစ်ခတ်နိုင်ပြီး၊ ကြီးကြီးမားမားလည်း ပျက်စီးစေခဲ့တယ်၊ အရပ်သားတွေ ထိခိုက်သေကြေမှုလည်း မရှိခဲ့ပါဘူး၊ အကြမ်းဖက်သမားတွေရဲ့ခေါင်းကို မိုးကြိုးထိမှန်သလို ခံစားစေခဲ့တာ တွေ့ရတယ်၊ အကြမ်းဖက်သမားတွေသာ အတော် တုန်လှုပ်သွားတာမဟုတ်ဘဲ ပဲ့ထိန်းကောင်းမှု၊ ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့မှုတွေကြောင့် အမေရိကန်ကပါ ရုရှားကို အတော် တုန်လှုပ်သွားခဲ့တယ်လို့ သတင်းတွေ က ဆိုလာခဲ့ပါတယ်။

အကြမ်းဖက်နဲ့နောက်ကွယ်ကလူ
********************************
 အစ္စလာမ်ကမ္ဘာ ထူထောင်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ IS တွေ သောင်းကြမ်းလာတာ အတော် ကြာနေပါပြီ၊ အာဖဂန်နစ္စတန်မှာ ရုရှား-အာဖဂန်စစ်ပွဲ အတော်ဖြစ်လိုက်ခဲ့ပါတယ်၊ အမေရိကန်တွေက အာဖဂန်တွေကို အကြီးအကျယ် ပံ့ပိုးပေးခဲ့တယ်၊ ငွေအား၊ လူအား၊ နည်းပညာအားတွေအပြင် အကြမ်းဖက် ပညာတွေကိုပါ သင်တန်းတွေပေးခဲ့တယ်၊ အဲဒီကပဲ အိုစမာဘင်လာဒင် စတင် သန္ဓေတည်ခဲ့တာလည်း ဖြစ်ပါ တယ်၊ အမေရိကန်တွေမွေးခဲ့တဲ့ မျောက်က အမေရိကန်ကို ပြန်ခြောက်ကြတဲ့အနေနဲ့ ဘင်လာဒင်က ၉/၁၁ မှာ အမေရိကန်ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးညီနောင်ကို လေယာဉ်အပိုင်စီး အကြမ်းဖက်တိုက်ခိုက်ခဲ့ကာ ကမ္ဘာ့သမိုင်းမှာ အမည်းစက်ဖြစ်သွားတယ်၊ ဘင်လာဒင်ကို ထိန်းချုပ်လို့မရတော့တာနဲ့ နောက်ဆုံး ပါကစ္စတန်နယ်စပ်အနီး သူ့အိမ်မှာ ဒရုန်းနဲ့တိုက်ခိုက်ပြီး စီအိုင်အေ အစတုံးလိုက်ပါတယ်၊

 ဘင်လာဒင်က ခွဲထွက်လာခဲ့တဲ့ အဖွဲ့တစ်ခုက နေ့ချင်းညချင်း နတ်ရေကန်ထဲ ကန်ချလိုက်တဲ့အလား IS ဆိုပြီး ကြီးထွားလာခဲ့တယ်၊ အရန်ငွေဒေါ်လာ (၅) ဘီလီယံလောက် ချမ်းသာပြီး အင်အား (၃ဝçဝဝဝ) ကျော် ရှိတဲ့ IS ဟာ အရှေ့အလယ်ပိုင်းမှာ ကောင်းကောင်း ဒုက္ခပေးလာခဲ့ပါတော့တယ်၊ လူအင်အား၊ လက်နက် အင်အား၊ ငွေကြေးအင်အား၊ နည်းပညာအင်အားတွေအပြင် လေတပ်ပါ ပိုင်ဆိုင်လာတဲ့ သူပုန်အဖွဲ့ကြီးဟာ Hell hounds at large ဆိုသလို ငရဲခွေးကြီးလွတ်နေသလို အားလုံးက ကြောက်နေရပါတော့တယ်၊ နောက်ဆုံး ဆီးရီးယားမှာ သမ္မတအာဆတ် ဖြုတ်ချရေးအတွက် အကြီးအကျယ် ထိုးစစ်ဆင်နေတာမှာ ဘတစ်ပြန်ကျားတစ်ပြန်ဖြစ်နေလို့ အားလုံးက မချင့်မရဲ ဖြစ်နေခဲ့ကြတယ်၊ IS လိုအဖွဲ့မျိုးကို ဆီးရီးယား တပ်မတော်က အမြစ်ပြတ်မချေမှုန်းနိုင်ဘဲ တစ်ခါတစ်လေမှာ IS တွေကတောင် ဆီးရီးယားရဲ့ အဓိကကျတဲ့မြို့ တွေကို သိမ်းပြလိုက်သေးတာ တွေ့ရတယ်၊ 

 IS တွေကို ရေနံထွက်နိုင်ငံကြီးတစ်ခုက အထောက်အပံ့ပြုနေတယ်လို့ ယူဆကြတယ်၊ အဲဒီ နိုင်ငံ တစ်ခုထဲကပဲ အကူအညီပေးနေတာလား၊ အဲဒီနောက်ကွယ်က အမေရိကန်ကရော မပါဘူးလို့ ပြောနိုင်သလား ဆိုတဲ့မေးခွန်းတွေလည်း ခပ်ကျယ်ကျယ် ထွက်ခဲ့တယ်၊ 

IS ချေမှုန်းရေးအနည်းဆုံး (၃) နှစ်မက-ကြာနိုင်
**********************************************
 IS တွေဟာ အတော်ရက်စက်ကြတာ တွေ့ရတယ်၊ ခရစ်ယာန်တွေကို ဘာသာပြောင်းခိုင်းတယ်၊ ဘာသာမပြောင်းရင် ခေါင်းဖြတ်သတ်တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ တွေ့သမျှပစ္စည်းသိမ်းတယ်၊ မိန်းမတွေကို သူတို့ရဲ့ သန္ဓေသားတွေထားခဲ့တဲ့ အစီအစဉ်လည်း ပါတယ်၊ အချို့မိန်းမတွေကို ခေါ်သွားပြီး စစ်ပွဲ ပြီးလို့ ခဏအနားရတဲ့အချိန်မှာ လိင်ဖျော်ဖြေမှုအတွက် စေခိုင်းကြတယ်၊ ဒီနေရာမှာ လူ့အခွင့်အရေးသမားတွေ ပါးစပ်ပိတ်နေကြတယ်၊ ကုလသမဂ္ဂလည်း ဘာမှထိထိရောက်ရောက်လုပ်ပေးခဲ့တာ မတွေ့ရဘူး၊ မျိုးတုံး သတ်ဖြတ်မှုက အဲဒီအရှေ့အလယ်ပိုင်းမှာ တကယ်ဖြစ်နေတာပါ၊ တကယ့် မင်းမဲ့စရိုက်ဖြစ်နေတဲ့နေရာတွေမှာ ကမ္ဘာ့လူ့အဖွဲ့အစည်း၊ အထူးသဖြင့် အသွင်အမျိုးမျိုးယူထားကြတဲ့ INGO တွေက လူ့အခွင့်အရေးနဲ့ပတ်သက် ပြီး ထမင်းစားကောင်းရုံ တစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောကြပြီး၊ အဲဒီနေရာတွေနဲ့ယှဉ်ရင် ဘာမှမဖြစ်လောက်တဲ့ မြန်မာနိုင်ငံအရေးမှာတော့ ရေးကြီးခွင်ကျယ် ဒေါ်လာ-စားကောင်းအောင် ဟစ်တိုင်တက်ပြနေတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါလိမ့်မယ်၊ 

 နိုင်ငံအချို့ရဲ့ မြို့ရွာအချို့မှာ လူမဆန်တဲ့ IS တွေရဲ့လုပ်ရပ်ကြောင့် အသံတွေ အတော် ထွက်လာခဲ့ပါ တယ်၊ လူ့အခွင့်အရေးသမား အမေရိကန် အေးအေးဆေးဆေးနေလို့ မရတော့ပါဘူး၊ အမေရိကန်နဲ့ ဥရောပ နိုင်ငံအချို့ပါတဲ့ ပူးပေါင်းအဖွဲ့က IS တွေကို ကူညီတိုက်ခိုက်ပေးပါ့မယ်လို့ ကမ္ဘာကြီးကို ပြောပါတော့တယ်၊ မတိုက်ခိုက်ခင်မှာ IS တွေရဲ့အင်အားကို ကမ္ဘာသိအောင် ထုတ်ဖော်ပြသပေးခဲ့ပြီး၊ IS တွေ ဦးကျိုးသွားအောင် တောင် အချိန်အနည်းဆုံး (၃) နှစ်ကြာမယ်လို့ ပြောခဲ့တော့ … ကမ္ဘာလူထုကြီးက ]ဟာ} ကနဲ ဖြစ်သွားရပါတော့ တယ်၊ နည်းပညာ၊ စစ်လက်နက်၊ အတောင့်တင်းဆုံးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်လိုနိုင်ငံက တိုက်ခိုက်ရေး အင်အား (၃ဝçဝဝဝ) ကျော်လောက်ရှိတဲ့ IS လို အကြမ်းဖက်ကိုတောင် (၃) နှစ်ကြာအောင် တိုက်ယူရမယ်ဆိုတဲ့ အပေါ်မှာ နားလည်ရမှု အတော်ခက်ခဲသွားခဲ့ခြင်းပါ။

ပူတင်-အိုဘားမား
*****************
 အမေရိကန်သမ္မတ ရော်နယ်ရီဂင်လက်ထက်မှာ စစ်အေးခေတ် အဆုံးသတ်သွားခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စုကြီးလည်း အစိတ်စိတ်အမြွာမြွာ ကွဲပြားသွားခဲ့တယ်၊ ပင်မဖြစ်တဲ့ ရုရှား အတော်အားနည်းသွား တယ်၊ ယဲလ်ဆင်အပြီးတက်လာတဲ့ ပူတင်ဟာ KGB ရဲ့အကြီးအကဲ ဖြစ်ပါတယ်။ ပူတင်လက်ထက်မှာ အစစ အရာရာ ရုရှားကို ပြန်လည်တည်ဆောက်ပြီး အမေရိကန်နဲ့ ရင်ဘောင်ပြန်တန်းနိုင်အောင် ကြိုးစားခဲ့တာ တွေ့ရ တယ်၊ ဒီနေ့ ရုရှားတွေ အတော်လေး တည်ဆောက်ယူပြီးထားတဲ့အခြေအနေကို ရောက်လာခဲ့ပါပြီ၊ ဘာမှမကြာ သေးတဲ့ ကုလသမဂ္ဂညီလာခံအပြီး ဆီးရီးယားကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ရုရှား သဘောထားကွဲလွဲခဲ့ကြပါ သေးတယ်၊ အမေရိကန်က အာဆတ်ကို ဖြုတ်ချလိုပြီး၊ ရုရှားက IS တွေရဲ့ရန်ကို ဟန့်တားနိုင်ဖို့ အာဆတ်ရှိသင့် သေးတယ်ဆိုတဲ့ ကွဲလွဲမှုပါ၊ ဒီနေရာမှာ ဆီးရီးယားလို နိုင်ငံကြီးမျိုးရဲ့ အကြီးအကဲကိုတောင် နိုင်ငံကြီးတွေက သူတို့လိုရာ ပုံသွင်းနိုင်ဖို့ ကြိုးစားနေကြတာ၊ ပါဝင်ပတ်သက်နေကြတာကို လေ့လာရင် မြန်မာနိုင်ငံလို နိုင်ငံလေး အတွက် ရှေ့ရေးကို စဉ်းစားကြည့်နိုင်ပါတယ်၊ နိုင်ငံငယ်တွေဟာ နိုင်ငံကြီးတွေရဲ့ ကစားစရာအရုပ်တွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ တွေ့ရပါလိမ့်မယ်၊ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ဦးဆောင်မယ့်သူတွေဟာ တိုင်းတစ်ပါး ဩဇာခံ၊ အလွှမ်းမိုးခံ မဖြစ်သင့်ဘူးဆိုတဲ့အပေါ် ရပ်တည်လာကြသူတွေ ပိုပြီးများပြားလာခဲ့တာလည်း ဖြစ်ပါ တယ်။ 

 ဆီးရီးယားကိစ္စမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ရုရှားပူတင်က မျက်လုံးဒေါက်ထောက် ကြည့် နေပါတော့တယ်၊ IS တွေရဲ့ ပစ်မှတ်တွေကို လေကြောင်းက အမေရိကန်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ IS တွေ မမှုခဲ့ပါဘူး၊ အာဖဂန်နစ္စတန်မှာဖြစ်နေတဲ့ စစ်ပွဲအတွင်းမှာလည်း အမေရိကန်တွေရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် KUNDUZ ဆေးရုံ ဗုံးထိမှန်ခဲ့တယ်၊ ဆရာဝန်၊ သူနာပြုအပါအဝင် လူ (၂၂) ဦး သေဆုံးခဲ့တယ်၊ အဲဒီဆေးရုံမှာ တာလီဘန်တွေ ကုသမှုခံယူနေတယ်ဆိုတဲ့ သတင်းအပေါ်မှာ တိုက်ခိုက်လိုက် ခြင်းပါ၊ အမေရိကန်ဘက်က ငြင်းချက်ထုတ်ပြန်တာကတော့ အာဖဂန်အစိုးရရဲ့ တောင်းဆိုမှုကြောင့်လို့ ပြန်လည် ချေပထားတာတွေ့ရတယ်၊

 ဆီးရီးယားမှာဖြစ်တဲ့ စစ်ပွဲက ပြတ်ပြတ်သားသားမရှိဘဲ ဘတစ်ပြန်ကျားတစ်ပြန် အဖြစ်မျိုးပါ၊ အစိုးရရဲ့ အရေးကြီးတဲ့နေရာတွေကို IS တွေက သိမ်းလိုက်၊ အစိုးရရဲ့ တန်ပြန်ထိုးစစ်ကြောင့် IS တွေက နောက်ပြန်ဆုတ်လိုက်၊ တော်ကြာ ဆီးရီးယားအစိုးရပဲ ပြုတ်ကျလုနီးပါးဖြစ်ပြီဆိုပြီး ဖြစ်လိုက်နဲ့၊ ကြားကတော့ ပြည်သူအများအပြားဟာ ငရဲအိုးထဲ ရောက်နေသလိုပါပဲ။ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က IS တွေကို လေကြောင်းက တစ်နှစ်ကျော်လောက် တိုက်ခိုက် ဗုံးကြဲပေးနေမယ့်လည်း IS တွေ ခပ်ဖြုံဖြုံဖြစ်တာကို မတွေ့ရ တော့ အားလုံးက အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက အကြမ်းဖက်အဖွဲ့လေးကို တောင် အပြတ်မရှင်းနိုင်ဘူးလားဆိုတဲ့မေးခွန်းတွေ မကြာခဏ ထုတ်ခဲ့ကြတော့တယ်၊

ပူတင် လက်စွမ်းပြ
******************
 ဆီးရီးယားမှာ အာဆက် ပြုတ်ကျသွားရင် ဘာဖြစ်လာမလဲ၊ ဒီမိုကရေစီအစိုးရတော့ တက်မလာနိုင်ပါ ဘူး၊ အီဂျစ်လို၊ အီရတ်လို စစ်ပွဲတွေနဲ့ပဲ နပန်းလုံးရပါလိမ့်မယ်၊ သေချာတာကတော့ အမေရိကန်ဩဇာအောက် ရောက်သွားရမှာ ဖြစ်ပါတယ်၊ ရုရှားကလည်း အမေရိကန်ဩဇာ လွှမ်းမိုးခံနိုင်ငံတစ်ခု ထပ်မတိုးလာစေချင်တော့ ပါဘူး၊ သူ့မှာလည်း အင်အားက ဖြည့်ဆည်းထားပြီဖြစ်တာမို့ အာဆတ်ကို ဆက်ပြီး-ရှိနေစေချင်ပါတယ်၊ အဲဒီတော့ အာဆတ်နဲ့ပူတင် ပူးပေါင်းရပါတော့တယ်၊ IS –တွေကိုနှိမ်နင်းဖို့ အာဆတ်က ပူတင်ဆီ အကူအညီ တောင်းတယ်၊ ကုလသမဂ္ဂမှာ အိုဘားမားနဲ့ပူတင်က ဆီးရီးယားအရေး ဆွေးနွေးမှု သဘောထားကွဲတာက ရက်ပိုင်းပဲ ရှိပါသေးတယ်၊ နောက်ဆုံး ပူတင်လက်စွမ်းပြ ဖြစ်သွားပါတော့တယ်၊

 ဆီးရီးယားအရေးကို ရုရှားတွေဝင်ခဲ့တဲ့ လွန်ခဲ့တဲ့ (၃ဝ. ၉. ၁၅) နေ့ကစပြီး ရုရှားရဲ့ အကြမ်းဖက် တိုက်ခိုက်ချေမှုန်းရေးဟာ တစ်ပတ်အတွင်း IS တွေ ဖိမ့်ဖိမ့်တုန်သွားအောင် ဆောင်ရွက်ပြခဲ့နိုင်ပါတယ်၊ IS တွေ သွေးလေချောက်ချားသွားခဲ့တယ်၊ ကာတွန်းတစ်ပုံမှာဆိုရင် ဝက်ဝံကြီးလျှောက်လာလို့ တဲထဲက အကြမ်းဖက် သမားတွေ ကြက်သီးတဖျဉ်းဖျဉ်းထ တုန်ပြနေတဲ့ ပုံတွေတောင် ထွက်လာခဲ့တယ်၊

 တစ်ပတ်အတွင်း ပူတင်ရဲ့ လက်စွမ်းပြမှုဟာ အတော် ထိရောက်ခဲ့ပါတယ်၊ အရပ်သားတွေကို ထိခိုက် ဒဏ်ရာမရစေဘဲ အကြမ်းဖက်တွေရဲ့ ပစ်မှတ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့လို့ အခုဆိုရင် အကြမ်းဖက်တွေဟာ ညဘက်တောင် ကောင်းကောင်းမအိပ်ရဲတော့တဲ့အခြေအနေကို ရောက်လာခဲ့ပါတယ်၊ ပူတင်ကို ကမ္ဘာက ဝိုင်းပြီးချီးကျူးကြတယ်၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရ်ှကာတာ (Ash Carter) ကတော့ ရုရှားတွေရဲ့ အကြမ်းဖက်တွေအပေါ်ထားတဲ့ မဟာဗျူဟာ မှားယွင်းနေတယ်၊ အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတာချင်းတူပေမယ့် အမေရိကန်က ရှရှားနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ပြောခဲ့တာ တွေ့ရတယ်၊

ယူတတ်ရင်သင်ခန်းစာပါ
************************
 အရှေ့အလယ်ပိုင်းဟာ ရေနံထွက်နိုင်ငံတွေ စုပေါင်းထားတဲ့နေရာပါ၊ တစ်ချိန်က စွန်ပလွံသီးစား၊ သစ်ကုလားအုပ်စီးရာကနေ ရေနံကြောင့် အကြီးအကျယ် ချမ်းသာလာခဲ့ကြတယ်၊ ရေနံဆိုတာလည်း မဟာ ဗျူဟာမြောက် သယံဇာတ ဖြစ်နေပြန်ပါတယ်၊ ၁၉၇၃-မှာ အမေရိကန်ကို OPEC ရေနံရောင်းနိုင်ငံတွေက အရေးယူပိတ်ဆို့ခဲ့ဖူးတဲ့အတွက် တစ်ချိန်ချိန်မှာ အမေရိကန်တွေ တစ်နည်းတစ်ဖုံနဲ့ ဝင်ရောက်စွက်ဖက်တော့မယ် ဆိုတာကို တွေးမိခဲ့ပါသေးတယ်၊ အမေရိကန်တွေ ဦးဆုံးတိုက်ရမှာက နိုင်ငံရေးစနစ်မတူတဲ့ ကွန်မြူနစ်တွေပါ၊ ၁၉၈ဝ-ကာလတွေမှာ ကွန်မြူနစ်စနစ် ကျဆုံးသွားခဲ့လေတော့ ဒုတိယပစ်မှတ်က ရေနံထွက်နိုင်ငံတွေ ဖြစ်လာ တယ်၊ ပိုပြီး ပံ့ပိုးပေးတဲ့အရာက အစ္စလာမ်နိုင်ငံတွေ ဖြစ်နေတာပါပဲ၊ တစ်ဟုန်ထိုး တိုးပွားလာတဲ့ အစ္စလာမ် ဦးရေဟာ ခရစ်ယာန်အများစုဖြစ်တဲ့ အမေရိကန်အတွက် ခြိမ်းခြောက်မှု ဖြစ်လာခဲ့တယ်၊

 ဒါကြောင့် အရှေ့အလယ်ပိုင်း အစ္စလာမ်နိုင်ငံတွေမှာ တစ်နည်းနည်းနဲ့ စစ်ပွဲတွေဖြစ်စေပြီး အပြန်အလှန် တိုက်ခိုက်ကြရင်း လူဦးရေလျော့ပြီးသား၊ နိုင်ငံကြေမွသွားပြီးသား ဖြစ်စေတဲ့နည်းကိုများ သုံးလိုက်သလားလို့ ထင်ရအောင် တိုက်ဆိုင်နေတာ တွေ့ရတယ်၊ Economic Hitman ဆိုတဲ့ John Perkin ရေးတဲ့စာအုပ်ထဲမှာ ရေနံဝယ်ပြီး၊ ရေနံရောင်းနိုင်ငံတွေဆီက ဒေါ်လာကို မရ-ရအောင် ပြန်ထုတ်သွားတဲ့ နည်းတွေကို ရေးထားတာစိတ်ဝင်စားစရာပါ၊ နိုင်ငံကို ဦးဆောင်ကြမယ့်သူတွေ သတိထားသင့်ပါတယ်၊

 ဒီနေ့တရုတ်ကြီးက တားမရဆီးမရ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါပြီ၊ အမေရိကန်ရဲ့ Supremacy ကို လည်း ပျောက်ပျက်မသွားစေလိုတော့ တရုတ်ကိုထိန်းချုပ်ဖို့ အမေရိကန်တွေ ကြိုးစားကြရပါဦးမယ်၊ မြန်မာနိုင်ငံဟာလည်း အပြောင်းအလဲပြုစ နိုင်ငံတစ်ခုဖြစ်လေတော့ တရုတ်-အိန္ဒိယကြားမှာရှိနေတဲ့ မြန်မာ နိုင်ငံဟာ အမေရိကန်တွေအတွက် မျက်စိကျစရာ ဖြစ်လာခဲ့တယ်၊ အာဆီယံအဝေးပြေးလမ်းမ၊ ထားဝယ် အထူး စီးပွားရေးဇုန်၊ ကျောက်ဖြူ၊ သီလဝါ အထူးစီးပွားရေးဇုန်တွေ အောင်မြင်ခဲ့ရင် မြန်မာနိုင်ငံဟာ စီးပွားရေး တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမယ့် အခြေအနေလည်းရှိတာမို့ မဟာဗျူဟာပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံဟာ အခွင့်အလမ်းတွေလည်း ရှိနေသလို၊ ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတဲ့အခြေအနေ ဖြစ်ပါတယ်၊

 အများကြီးသတိထားဖို့ လိုပါတယ်၊ ပါတီကြီး (၂) ခုရဲ့ ခေါင်းဆောင်တွေအနေနဲ့ရော တပ်မတော် အနေနဲ့ရော နိုင်ငံတကာဗျူဟာနဲ့ အခင်းအကျင်းကို တကယ် နက်နက်နဲနဲသိရှိကြဖို့ လိုပါတယ်၊ ဒီမိုကရေစီ ဆိုတာနောက်မှပါ၊ မတော်တဆ ခလုတ်တိုက်သွားရင် စစ်တလင်း ချက်ချင်း ဖြစ်သွားနိုင်ပါတယ်၊ နိုင်ငံရေး ဦးဆောင်သူတွေ မြော်မြင်၊ ပညာကြီးကြဖုိ့ အထူးလိုအပ်တယ်လို့ ထောက်ပြချင်ပါတယ်။

 နိုင်ငံရေးဟာ ဒီနေ့ စည်းရုံးရေးဆင်းနေတဲ့အချိန်မှာ ပြောသလောက် မရိုးစင်းဘူးလို့လဲ ဆိုချင်ပါ တယ်၊ အထပ်ထပ်ဖုံးအုပ်ထားတဲ့ ပရိယာယ်အင်မတန်ကြီးမားလှတဲ့ နိုင်ငံတကာနိုင်ငံရေးကို ခပ်ပါးပါးလောက် ပြောကောင်းသလောက် မမြင်ကြဘဲ၊ ကန့်လန့်ကာအထပ်ထပ်ရဲ့နောက်ကွယ်က ဇာတ်ရုပ်၊ ဇာတ်ကောင်၊ ဇာတ်ညွှန်းတွေကို မှန်မှန်ကန်ကန် ထုတ်ဖော်နိုင်ဖို့လိုတယ်လို့လည်း အသိပေး မျှဝေလိုပါတယ်။
 

  နေဇင်လတ် ၈-၁ဝ-၂ဝ၁၅ (၁၆၁၇)