Friday, October 15, 2021

ကြိုးဆွဲရာ 🍁


အာဆီယံအနေနဲ့ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စုကြည် တွေ့ခွင့်ရဖို့ အတော်ကိုစိတ်အားထက်သန်နေကြပါတယ်။ ဒေါ်စုကြည်နဲ့ တွေ့ခွင့်ရခြင်းကို ပြဿနာရဲ့ဆုံမှတ် (သို့မဟုတ်) ပဋိပက္ခအားလုံးရဲ့ အဖြေလိုမျိုး ပုံဖော်လာကြပြီး ဒါမှ ခွင့်ပြုချက်မရရင်ပဲ မြန်မာခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် မပြုဖို့ထိ ဈေးကိုင်လာကြတယ်။ 

ဖိအားပေးချင်တာသက်သက်လို့ ကျွန်တော် မြင်ပါတယ်။ ဒေါ်စုကြည်ဟာ အဂတိ လိုက်စားမှုနဲ့ တရားစွဲဆိုခံထားရသူဖြစ်ပြီး ပြစ်မှုထင်ရှားရင် ပြစ်ဒဏ်ကျခံရမယ့်သူဖြစ်ပါတယ်။ သာမန် နိုင်ငံသားတစ်ဦးလို တွေ့ချင်တိုင်း တွေ့ခွင့်ရမယ့်သူ မဟုတ်ပါဘူး။ 

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေးကို လေးစားမှသာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရမှာဖြစ်တယ်။

အာဆီယံအနေနဲ့ မည်သို့ပင် ဖိအားပေးစေကာမူ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသူတွေကို ဒေသတွင်းအဆင့် နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတွေထိ ပွဲထုတ်ဆွေးနွေးဖို့မဖြစ်နိုင်ပါဘူး။ ဆွေးနွေးခဲ့သည်ရှိသော် မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ပယ်ချဖို့ အလားအလာများတယ်။ အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့အဖွဲ့တွေမပြောပါနဲ့၊ ကုလသမဂ္ဂမှာ ကျော်မိုးထွန်းရဲ့ ဝင်ရောက်ဆွေးနွေးမှုတွေကိုတောင် ကျွန်တော်တို့ အစဉ်တစိုက် ကန့်ကွက်ပယ်ချခဲ့တာပါ။

ကျွန်တော် အရင်က ရေးခဲ့ဖူးသလိုပါပဲ။ 
စက်တင်ဘာ (၆) ရက် ရက်စွဲနဲ့ သတင်းတွေမှာ Mr. Erywan Yusof ရဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို အိမ်စောင့်အစိုးရက သဘောတူခဲ့ပြီးတော့ 
စက်တင်ဘာ (၁၀) ရက်မှာပဲ အကြမ်းဖက်တွေရဲ့ တော်လှန်ရေးစစ်ကြေညာမှု ထွက်ခဲ့တာပါ။ အာဆီယံဟာ သဘောထားမှန်သင့်တယ်။ 

လက်နက်မဲ့ အရပ်သားတွေ၊ နိုင်ငံရေးပါတီက ပါတီဝင်တွေ၊ အမြင်မတူသူတွေ၊ သံဃာတော်တွေကို တိုက်ခိုက်မှု ကျူးလွန်ခဲ့တာဟာ အခု သူတို့တွေ ပွဲထုတ်ချင်နေတဲ့ စင်ပြိုင်တွေဖြစ်ပါတယ်။ အကြမ်းဖက်တွေက စစ်ကြေညာခဲ့ပြီးတဲ့နောက် ဒီနေ့ (၁၃၈၃) ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၀) ရက်၊ အောက်တိုဘာ (၁၅) ရက် ရက်စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အိမ်စောင့်အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ဘယ်သူက စစ်ကိုလိုလားပြီး ဘယ်သူက လူ့အခွင့်အရေးကို လေးစားနေတာပါလဲ။ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားမမှန်မှုဟာ မြန်မာပြည်သူလူထုကို စော်ကားနေသလိုပါပဲ။ ကျွန်တော်တို့ရဲ့ အမှန်တရားနဲ့ လေးစားမှုတွေကို အာဆီယံက စော်ကားလိုက်တာပါ။ ကျွန်တော်တို့ရဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး အကြမ်းဖက် အားပေးလုပ်လိုက်တာ သက်သက်ပဲ။ ဘက်ပါလွန်းခြင်းဟာ ပျက်စီးခြင်း လမ်းစပါ။

ကျွန်တော်တို့အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် တက်ရောက်ခွင့် ရခြင်း၊ မရခြင်းကို စိတ်မဝင်စားပါဘူး။ သို့သော် အာဆီယံဆိုတာ ဘယ်လောက်ထိ သိက္ခာရှိတဲ့ အဖွဲ့အစည်းလဲဆိုတာတော့ စိတ်ဝင်စားပါတယ်။ 

သူ့ဘာသာသူတောင် အကျင့်ပျက် ခြစားမှုနဲ့ တရားစွဲခံရပြီး မဲခိုးလို့ပြုတ်သွားတဲ့ ပါတီခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ခွင့်ရရင်ပဲ ပြဿနာအားလုံး ပြီးသွားလိမ့်မယ် လို့ ထင်နေတဲ့ အတွေးအခေါ်တွေကိုလည်း အံ့ဩရပါတယ်။ 

NLD အစိုးရက ကျင်းပခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူး လို့ ရွေးကောက်ပွဲပြီးစက ဝိုင်းအော်ခဲ့ကြသူများက အခုကျမှ ရွေးကောက်ပွဲရလဒ်ကို လေးစားပါဆိုတော့ မြန်မာတွေကို အဲဒီလောက် အထင်သေးတာပါလား။ 

NLD ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပါတီတွေထဲက တစ်ခုဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြသူတွေပါ။ အကြမ်းဖက်နေကြသူတွေပါ။ ဥပဒေအရ ဖျက်ပစ်သင့်နေပြီဖြစ်တဲ့ ပါတီကို အခုချိန်ထိ ရပ်တည်ခွင့်ပေးထားတာကအစ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုအတွက် လမ်းစဖြစ်ပါတယ်။ 

သို့သော် အဲဒီလို တူတူတန်တန် ဆွေးနွေးဖို့ဆိုရင် NLD အနေနဲ့ အကြမ်းဖက်တွေနဲ့ မပတ်သက်ကြောင်း အရင်ဆုံးသက်သေပြရမယ်။ စင်ပြိုင်အစိုးရဆိုသူ အကြမ်းဖက်တွေရဲ့ လုပ်ရပ်ကို အရင်ဆုံး ရပ်ခိုင်းပြီးမှသာ တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ကို သွားလို့ရမှာပါ။ 

အခုထိ အကြမ်းဖက်မှုတွေကို တစ်ခွန်းမှ မတားတဲ့ အကြမ်းဖက်အားပေး ဒေါ်စုကြည်နဲ့တွေ့ပြီး ဘယ်လိုစကားတွေ ကြားချင်နေကြတာပါလဲ။ ဒေါ်စုကြည်နဲ့မှ ပေးမတွေ့ရင် မြန်မာ့ခေါင်းဆောင်‌အစား အကြမ်းဖက်တွေနဲ့ပဲ ဆွေးနွေးလိုက်တော့မယ် - ဆိုတာ အဓိပ္ပါယ်ရော ရှိပါရဲ့လား။ 

အာဆီယံက သံတမန်တွေ၊ ပုဂ္ဂိုလ်တွေဟာ အတွေးချော်တာမဟုတ်ရင် မြန်မာနိုင်ငံအပေါ် စေတနာမမှန်ဘူးလို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့နိုင်ငံအပေါ်တောင် လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မလုပ်နိုင်ဘဲနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို စိတ်ပူတယ်ဆိုတာက စိတ်ပျက်စရာကောင်းတယ်။ 

ဒါဟာ အာဆီယံ ပဋိညာဉ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ပါ။ အုပ်စုဖွဲ့ အနိုင်ကျင့်တာပါ။ စေတနာမှန်ရင် လမ်းစဉ်ကို ပြန်သုံးသပ်သင့်ပါတယ်။ 
ဒီလိုမဟုတ်ဘဲ နောက်ကွယ်က အမေရိကန်၊ အီးယူနဲ့ အိုအိုင်စီရဲ့ ဖိအားတွေပါ ပါလာပြီး အာဆီယံအဖွဲ့ကပါ ကြိုးဆွဲရာ က နေရပြီဆိုရင်တော့ ....

အာဆီယံရဲ့ အနာဂတ်နဲ့ သိက္ခာတရားအတွက် ကျွန်တော် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ 
ဒါပါပဲ။ 

သန့်နေစိုး (15. Oct. 2021)

https://apnews.com/article/business-asia-myanmar-global-trade-southeast-asia-020da6ef264d3a95c1cbffaa020cda59