Tuesday, October 5, 2021

#တိုင်းပြည်အတွက်အရေးပါတဲ့စီမံကိန်းကြီးကိုnldအစိုးရကရပ်ဆိုင်းခဲ့တာပါခုပြန်လည်လည်ပတ်တော့မှာပါ

တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငို ကျေးရွာ အနီးရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)မှ ထွက်ရှိသည့် သံရိုင်းများနှင့် သံမဏိများအား ငွေကုန်ကြေးကျ သက်သာစွာဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ စနစ်တကျ တည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အား မပြတ် ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန် လိုကြောင်း စစ်ကောင်စီ ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
.
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်  အောက်တိုဘာ ၁ ရက်၊ ညနေပိုင်းတွင် ပင်းပက်စက်ရုံသို့ သွားရောက် စစ်ဆေးစဉ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်း ဖြစ်သည်။
.
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည် ဖော်ခဲ့သည့် သံနှင့် သံမဏိ စက်ရုံ စီမံကိန်း ဖြစ်ကာ စီမံကိန်း ပြီးပါက နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန်များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန် မလိုဘဲ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
.
စီမံကိန်း စတင်ရန် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကုန်ကြမ်းနှင့် သယ်ယူ ပို့ဆောင်ရေးစနစ် တို့ကို အသင့် ကြိုတင် ပြင်ဆင်ထားရန် လိုပြီ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက စက်ရုံများအတွက် ဆုံးရှုံးမှု တန်ဖိုး ကြီးမားသည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံအား သတ်မှတ်ရက်အတွင်း စတင် လည်ပတ်၍ သံမဏိ ထုတ်လုပ်မှုအား အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ အတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဟုလည်း ၎င်းက ပြောဆိုခဲ့သေးသည်။
.
အဆိုပါ စက်ရုံစီမံကိန်း လုပ်ငန်းများမှာ လက်ရှိတွင် ပြန်လည် စတင်‌နေပြီ ဖြစ်ပြီး လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်‌နေကာ စီမံကိန်းကို ရုရှားနိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းနောက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်နှင့် ၁၅ ရက်တို့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်အရ စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရာ ယခု ၄ နှစ်ခွဲအကြာတွင် ပြန်လည် စတင်နေခြင်း ဖြစ်သည်။

#Credit