မနေ့ညက ကျနော့်ရဲ့ ပို့စ် ကိုဖတ်မိသူတယောက်က မိတ်ဖွဲ့ နှုတ်ဆက်ရင်း စကားပြောကြည့်တော့ အဖေ့ရဲ့ မိတ်ဆွေရင်း တဦး ကျနော်တို့ ငယ်စဥ်ကတည်းက သိထားရတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေပါတယ် ။
သူနဲ့ စကားတွေ ပြောပြီးမှ ကျနော်လည်း ဆုံးပါးသွားပြီ ဖြစ်တဲ့ အဖေ့ရဲ့ ဝန်ထမ်း ဘဝ ကို ပြန်မြင်ယောင်လာပါတယ် ။
ကျနော်ကလေးပေါက်စ သုံး လေး တန်း အရွယ်မှာ အဖေက ကုန်သွယ်လယ်ယာက လက်နှိပ်စက်စာရေးတယောက်ပါပဲ ။ မဆလပါတီမှာ လုပ်ရင်းနဲ့ ပါတီလူကြီးရဲ့ လက်စွဲ လက်နှိပ်စက်သမားအဖြစ် ပါတီယူနစ်ရုံးမှာပဲ နေရပါတော့တယ် ။ မိခင်ဌာနရဲ့ အလုပ်တွေကို မလုပ်ရတော့ပါဘူး ။
ရာထူးကတော့ တဖြေးဖြေး တက်နေဟန်ရှိပါတယ် ။ အဲဒီရုံးမှာ ရာထူးအကြီးဆုံးက ခရိုင် ဝယ်ရောင်း မန်နေဂျာ ဖြစ်မယ်ထင်ပါရဲ့ ဗျာ ။ အိမ်မှာ သာရေး နာရေး ရှိရင် အဲဒီ ခရိုင်မန်နေဂျာကြီးက ဆန်ဝယ်ယူခွင့် ပါမစ် ပေး နေတာ တွေ့ရပါတယ် ။
အဖေတို့ မဆလ ခေတ်မှာ လာဘ်စားတယ် ဆိုတာ မရှိသလောက်နည်းပါးလှပါတယ် ။ အခုခေတ် နာမည်အပျက်ဆုံး တရားရေးကဏ္ဍမှာတောင် လာဘ်မစားကြပါဘူး ။ သူတို့ အလွန်ဆုံးရရင် သမခွဲတမ်း နဲနဲ ပိုကောင်းတာလေးတွေ ရတတ်တာပဲ ရှိပါတယ် ။
အမှုသည်တွေ အိမ်လာကြတာ တွေ့နေရလို့ သိရတာပါ ။ အခြားလူကြီးတွေလည်း အဲလိုပါပဲ တရားဥပဒေကို ဥာဏ်ရှိသလို တိကျမျှတစွာ ဆုံးဖြတ်ကြပါတယ် ။
၈၈ အရေးအခင်း ပြီးတော့ အဖေလည်း သူ့ရဲ့ မိခင်ဌာန ကုန်သွယ်ရေးကို ပြန်ရောက်သွားပါတယ် ။ ပြန်ရောက်တဲ့ အချိန်မှာ အဖေ့ရာထူးက ခရိုင်ဝယ်ရောင်းမန်နေဂျာ ဖြစ်နေပါပြီ ။
ကုန်သွယ်ရေးရွှေခေတ်မှာ ဆန်ဂိုဒေါင်မှူးအဆင့်ဆိုရင်ကိုပဲ သူ့အိမ်မှာ ဆန် လေး ငါး အိပ်ထောင်စားနေပါပြီ ။ အဖေ့ရာထူးနဲ့ တလကို ဆန်အိတ် ၂၀၀ ခန့် ရောင်းချခွင့်ရှိတယ်လို့ ကြားဖူးပါတယ် ။
ကျနော် အိမ်ထောင်ကျတော့ အဖေ့ဆီ ဆန်ပါမစ် တောင်းတာ သုံးနှစ်ကို နှစ်ခါ (နှစ်အိတ်) ရဖူးတယ် ဗျာ😁😁😁 ။
တနေ့ အမေ့ဆီသွားတော့ အမေက ဆန်ဗန်းလေးရွက်ပြီး ပြန်လာတာ လမ်းမှာ ဆုံကြပါရော ။ အမေဘယ်က ပြန်လာတာလည်း ဆိုတော့ မင်းအဖေ ခရီးထွက်နေတာ ကြာပြီ တဲ့ အဲဒါ အိမ်မှာ ဆန်မရှိတော့လို့ ဆန်လေးပြီ ဝယ်လာတာတဲ့ ။
အဲသလောက် ရိုးသလား မမေးနဲ့ဗျ လာအုံးမယ် ။ နိုင်ငံတော် ပေါ်လစီအရ ပဲစင်းငုံတွေ ရသလောက် ပြင်ပ ပေါက်စျေးနဲ့ ဝယ်ရမယ် ဆိုပြီး အမိန့်ထွက်လာတယ် ။ ဘယ်မှာ ဘယ်လို သုံးမယ်မသိဘူးဗျာ အဖေ့နာမည် ဘဏ်မှာ ကျပ်သိန်း နှစ်သောင်း ထည့်ပေးထားတယ် ။
ကျနော့်အထင် နောက်ထပ်ထည့်တာတွေရောဆိုရင် သိန်း ငါးသောင်းဖိုးလောက် ဝယ်ရတယ် ဗျ ။ ဝယ်တဲ့စနစ်က မိမိမြို့နယ်ရှိ ကုန်သည်ကြီးများ အသင်းက ကြေညာထားတဲ့ နံနက် ၁၀ နာရီ စျေးနှုံး နဲ့ ပေါက်စျေးအတိုင်း ဝယ်ကြရပါတယ် ။
ဒီတော့ ပဲစင်းငုံ ကုန်သည်တွေက အဖေ့ကို ရိုးသားမှန်း သိကြတော့ ကိုကြီးညို ဒီအတိုင်း မသွားပါနဲ့ ပေါက်စျေးကို ကျနော်တို့ ရေးထားတာထက် တပိဿာ ၅၀ိ ခွာပြီး ရှင်းပေးပါ နိုင်ငံတော်လည်းမသိစေရပါဘူး ခင်ဗျားအတွက် တမင်လုပ်ပေးကြတာပါ လို့ ပြောတယ် ဗျ ။
အဖေက မလုပ်ပါနဲ့ဗျာ တိုင်းပြည် ဘဏ္ဍာဆိုတာ ပြည်သူအားလုံးနဲ့ ဆိုင်တာဗျ ကျုပ်မရိုးမသား လုပ်ခဲ့ရင် ပြည်သူအားလုံးအပေါ် အကုသိုလ်မှု ကျူးလွန်ရာ ရောက်ပါ့မယ် တဲ့ ။
နောက် ပုလဲဓာတ်မြေသြဇာ လည်း ဒီလိုပဲ ။ ကုန်သွယ်လယ်ယာကတဆင့် ပြန်ဖြန့်တော့ ကိုကြီးညို တအိတ်ကို ၅၀၀ိ / ၁၀၀၀ိ ရအောင် လုပ်ပါ ခင်ဗျားမှာ ကလေးတွေ အများကြီး နဲ့ လို့ ပြောတော့ ကျုပ်သား သမီး တွေကို ရိုးသားမှု အမွေ ပေးနိုင်ရင် တော်ပါပြီ တဲ့ ။
သူ့အောက်က ဂိုဒေါင်မှူးတွေ ခိုးကြလို့ အဖမ်းခံရ ထောင်ကျကြနဲ့ ဖြစ်နေတော့ သူစိတ်မကောင်းဖြစ်ပုံရပါတယ် ။ သက်သေလိုက်ထွက်နေရတာကိုး ။
နောက်ဆုံး ရုံးပိုင် မီတာဘောက် အကြီး ရောင်းပြီး အသေးပြန်တပ်တဲ့ သူနဲ့ စကားများတော့ ခင်ဗျား တသက်လုံး ရိုးသားနိုင်ပါစေ တဲ့ ။ ကျနော်က ဒေါသထွက်လို့ လေးခွနဲ့ ပစ်တော့ အဖေက ဆွဲထားလေရဲ့ ။
မကြာပါဘူး အဖေက အသက် ၅၇ နှစ် လုပ်သက် ၃၀ နှစ် နဲ့ ပင်စင်တင်ပါတယ် ။ အိမ်အထိ တိုင်းကလူကြီးတွေ အလည်လာရင်း ခင်ဗျား နောက်ထပ် သုံးနှစ် ကျန်ပါသေးတယ် မထွက်ပါနဲ့ ဆက်လုပ်ပါတဲ့ ။ သူများတွေ ဒီနေရာရပြီးရင် ပင်စင်ယူချိန်တောင် သတိမရကြလို့ ပြောနေရတယ် တဲ့ ။
သဘောကောင်းပြီး ခေါင်းမာတဲ့ အဖေက ထွက်ပါရစေ ကျနော်လည်း အောက်က လူတွေကြောင့် ဒုက္ခရောက်နိုင်လို့ပါ တဲ့ ။
ကျနော့်အဖေရဲ့ မိတ်ဆွေကြီးနဲ့ ရှေးဖြစ်ဟောင်းတွေ ပြောဖြစ်ရင်း ယခင်ခေတ်က မဆလ လူကြီးတွေ ရဲ့ ရိုးသားမှု နဲ့ အဖေ့လို ဝန်ထမ်းတွေ များလာရင်တော့ ငါတို့ တိုင်းပြည် တိုးတက်လာကောင်းပါရဲ့လို့ မျှော်လင့်ချက်မှိန်မှိန်လေး ထားရင်းနဲ့ ပဲ......
ကိုရွှေမျိုးဝင်း
(တိုင်းပြည်ကောင်းဖို့ ဝန်ထမ်းကောင်းရမည် ။ ဝန်ထမ်းကောင်းဖို့ သူတို့အတွက် အနာဂါတ် မျှော်လင့်ချက် ကောင်းစွာ ရှိရမည်.... )