Friday, December 17, 2021

မေ့မရ တဲ့ လေးကေကော်


         အတိတ်ကာလတုန်းက ကျနော်တို့ မြဝတီကို ကိစ္စကြီးတခု နဲ့ ရောက်ခဲ့ကြရပါတယ် ။ ချိတ်ဆက်ပေးတဲ့သူက မိုးဗြဲက မိတ်ဆွေ ကရင်လူမျိုးတယောက်ပါပဲ ။ 

       သူက KNU နယ်မြေထဲမှာ ကျနော်တို့ ရှာနေတဲ့ ပစ္စည်းရှိတယ် ။ တောထဲသွားရမယ် ကုန်ကျစရိတ် ကျနော်တို့ ကျခံရမယ် ။ လိုက်ပို့ပေးမယ့်သူက KNU သယံဇာတ ဝန်ကြီးရဲ့ သားအရင်း တဲ့ ။ KNU ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ အမည်ကိုမေ့နေပါပြီ သူတို့ခေါ်တာကတော့ အဘိုး လို့ ခေါ်ကြပါတယ် ။ 

         မြဝတီရောက်တော့ အဆိုပါ လိုက်ပို့မယ့် ပုဂ္ဂိုလ် ဦးစောတင်မြင့် နဲ့ တွေ့ဆုံကြပါတယ် ။ အင်မတန် သဘောကောင်းပြီး စာနာစိတ်ရှိတဲ့ ပုဂ္ဂိုလ်ပါပဲ ။ KNU အဆက်အနွယ် ဆိုပေမယ့် အမေရိကန်ပြန် ပညာတတ်တယောက်ပါ ။ 

        တိုတိုပြောရမယ်ဆိုရင် မူလ ပြောခဲ့တဲ့ ခရီးစရိတ်ကျခံရမယ် ဆိုတာ ကျနော်တို့ နားလည်ထားတာနဲ ကွာခြားနေပါတယ် ။ သွားစရိတ် စားစရိတ် မကတော့ပဲ တောထဲ ဖြတ်သန်းခ စရိတ်တွေပါ ပေးရမယ် ဆိုတော့ ဘတ် ၁၀ သန်းလောက် ကုန်မယ်ဆိုလို့ အဆင်မပြေခဲ့ကြပါဘူး ။ 

       ခရီးစဥ်ရဲ့ အမြတ်ကတော့ ဦးစောတင်မြင့်နဲ့ ညီအကိုလို ရင်းနှီးခဲ့ကြရတာပါပဲ ။ ပြန်လာပြီး မကြာပါဘူး မြန်မာ့တပ်မတော် ရဲ့ သံချပ်ကာတပ်က အင်မတန်ခင်မင်ရတဲ့ ဗိုလ်မှူးတယောက် ဆီကတဆင့် ဆက်သွယ်လာတာက မြဝတီမြို့ အနီးက မြို့သစ်အိမ်ရာစီမံကိန်းမှာ အဆောက်အဦး ဆောက်လုပ်တဲ့ လုပ်ငန်း လုပ်ချင်လို့ အဆက်အသွယ်ရှိရင် ကူညီပါတဲ့ ။ 

         ဒါနဲ့ သူတို့ကို အကြမ်းဖျင်းပြန်မေးကြည့်တော့ အိမ်တလုံးကို ၉၃ သိန်း ပေးတယ်လို့ ကြားသိခဲ့ပါတယ် ။ ကျနော်လည်း ဦးစောတင်မြင့်ကို ဆက်သွယ်တော့ ရတယ် သူ့မိတ်ဆွေ ကိုင်နေတဲ့ စီမံကိန်းတဲ့ စျေးက ၉၇ သိန်းထိ ရမယ်တဲ့ ။ 

         ဒါနဲ့ ဝမ်းသာအားရ ပြန်ပြောတော့ အားလုံး OK ပဲ ။ တိုတိုပြောရရင် အိမ်အလုံး ၂၀၀ စာချုပ် ချုပ်ကြတယ် ။ ကျနော့်အတွက် အကျိုးဆောင်ခ အိမ်တလုံးကို ၂ သိန်း ပေးမယ် ။ အိမ်တိုင်ထူပြီးတာနဲ့ 35 % ပေးချေမယ် ။ အဲဒီ အချိန်မှာ ကျနော်တို့ အတွက် အကျိုးဆောင်ခ တခါတည်း ပေးချေကြမယ်လို့ စာချုပ် ချုပ်ကြပါတယ် ။ 

         လုပ်ငန်းက ယခု နာမည်ကျော် လေးကေကော်မှာ ဆောက်လုပ်ရမှာပါ ။ သူက ယခင် နာမည်ကျော် ဖလူးစခန်း တည်ရှိရာ ဒေသကို တပ်မတော်က သိမ်းပြီးနောက် ဂျပန်ဖောင်ဒေးရှင်းက စစ်ပြေး ဒုက္ခသည်တွေ ထားဖို့ တည်တဲ့မြို့ပေါက်စလေးပါပဲ ။ 

          တိုင်ထောင်​ပြီးတာနဲ့ ရလာမယ့် ငွေ သိန်း ၄၀၀ ကို ဒူးနန့်စောင့်နေတုန်း ဖုန်းဝင်လာပါရော ။ KNU လုပ်ငန်းတာဝန်ခံက ငွေတွေယူပြီးထွက်ပြေးသွားလို့တဲ့ ။ ကျနော့်အတိတ်ကံကိုက အဲလိုဗျ ။ မြေကြီးလက်ခတ်မလွဲဆိုတဲ့ ကိစ္စတောင် အဲလို ဖြစ်ခဲ့ရတယ် ။ 

         အခု နာမည်ကြီးနေတဲ့ လေးကေကော်ကို ခြုံရှင်း ၊ မြေညှိအချိန်က ရောက်ခဲ့ဖူးသလို ၂၀၂၁ ကလည်း ထပ်မံရောက်ခဲ့ပါတယ် ။ ဖလူးစခန်းကြီး ကျသွားပြီး အဲဒီဒေသရဲ့ စိုးမိုးထားတဲ့တောင်ထိပ်မှာ မြန်မာ့တပ်မတော်ရဲ့ တပ်စခန်းရှိပါတယ် ။ 

         တချိန်က တပ်မဟာ ၆ ပိုင်နက်ဆိုပေမယ် ဖလူးတိုက်ပွဲ ပြီးသွားတာနဲ့ တပ်မတော်က သိမ်းပြီးပါပြီ ။ NCA လမ်းကြောင်းအရ ကြားစခန်းအဖြစ် လေးကေကော်မြို့သစ်လေး ကို နှစ်ဖက်သဘောတူညီမှုနဲ့ တည်ဆောက်ခဲ့ကြတာပါ ။ 

         ဒီလို သမိုင်းကြောင်း မသိပဲ လွတ်မြောက်နယ်မြေဆိုပြီး ပေါလောကသားတွေ အခြေပြုနေတော့ ကျနော်တောင် အံ့သြမိခဲ့ပါတယ် ။ 

          ပြောချင်တာက လူတွေဟာ မိမိလုပ်သလောက် ပြန်မရရင် စိတ်ညစ်တတ်တာ ထုံးစံပါပဲ ။ ဒီနေရာမှာ ကျနော်တို့ မေ့နေကြတာက ကျနော်တို့ ရဲ့ ပြုမိခဲ့သော ပြင်မရနိုင်တဲ့ အတိတ်ကံရဲ့ အကျိုးဆက်ကိုပါပဲ ။ အဲဒါကို သတိမရကြလို့ စိတ်ဆင်းရဲကြရတာပါ ။ 

      အထက်က လေးကေကော် အိမ်ရာကိစ္စမှာ သိန်း ၄၀၀ သေချာပေါက် ရပြီလို့ ဆိုနိုင်တဲ့ အနေအထားကနေ ဆုံးရှုံးခဲ့ရခြင်း အပေါ် ကျနော်ဘယ်လိုမှ မခံစားခဲ့ရပါဘူး ။ အဲဒါ ကိုယ်သိထားတဲ့ ကံ ကံ၏အကျိုး ဆိုတဲ့ တရားသဘောလေးကို နှလုံးသွင်းမိလို့ပါပဲ ။ 

       ယနေ့ ကျနော်တို့ အသဲအသန် ကာကွယ်နေကြရတဲ့ ဘာသာ သာသနာရဲ့ အဆီအနှစ်တွေထားအုံး ဒီ ကံ ကံ၏အကျိုးဆိုတဲ့ သဘောတရားလေးလောက် နားလည်လက်ခံရင်ပဲ လောကဓံရဲ့ အဆိုးအကောင်းကို အပြုံးမပျက် ရင်ဆိုင်ဝံ့နေပါပြီ ။ 

         ကိုရွှေမျိုးဝင်း

(လေးကေကော် မြို့သစ် ဖွင့်ပွဲ)