Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (1)


            ကျနော် ရေတပ်အကြောင်း ရေးချင်လို့ အချက်အလက် စုဆောင်းရာမှာ ဆရာ ရဲထွဋ်ဦးရဲ့ ခေတ်သစ်ရေတပ် အစပျိုး ဇာတ်လမ်းကို ဖတ်မိပြီး မူရင်းကျောရိုး မပျက် ကျနော့်မူ နဲ့ ပြန်ရေးလိုက်ပါတယ် ။ 

          ဒီနေရာမှာ ဆရာရဲထွဋ်ဦး နဲ့ အဆက်အသွယ် မရှိတဲ့အတွက် ခွင့်ပြုချက်တောင်းဖို့ အခက်အခဲ ရှိပါတယ် ။ နောက်ပြီး ကျနော်အဓိက ထားပြီး ယူချင်တာက သမိုင်း အချက်အလက်များသာ ဖြစ်ပါတယ် ။ ဆရာ့ရဲ့ မူရင်းရေးဟန်အား တို့ထိခြင်း မရှိပဲ (မူရင်းမပျက်သွားစေရန်) သီးခြား တင်ပြမှာ ဖြစ်ပါတယ် ။ 

        တပ်မတော်၏ ဂုဏ်ယူဖွယ် စွမ်းရည်တို့ကို ဖော်ပြလိုရင်း ဖြစ်သောကြောင့် ဆရာရဲထွဋ်ဦး အနေနဲ့ သဘောတူမယ်လို့လည်း ယုံကြည်မိပါတယ် ။ အကယ်၍ ယခု ကျနော်ရေးသားသော ပထမပိုင်းအား ဖတ်ရှု၍ ဆရာရဲမှ ကန့်ကွက်လာပါက ကျနော် အခြားအချက်အလက်များမှ ပြောင်းလဲရယူပြီး ရေးသားပါမယ်လို့ လေးစားစွာ တင်ပြလိုက်ရပါတယ် ။ 

×××××××××××××××××××××

          1998 မြန်မာ့တပ်မတော် ရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် ဘရွှေကြီး ဘက်စုံကနေ တစိုက်မတ်မတ် တည်ဆောက်နေဆဲ ကာလ ဖြစ်ပါတယ် ။ 

           စျေးကွက် စီးပွားရေး စနစ်ရဲ့ အသီးအပွင့်များ စတင်အောင်မြင်လာချိန်မှာပဲ ပြည်တွင်းလောက်ကောင် နိုင်ငံရေးသမားလူယုတ်မာများရဲ့ တောင်းဆိုမှုကြောင့် ဆန်ရှင်အလုပ်ခံရလို့ လှေလှော်ရင်းတက်ကျိုးနေတဲ့ အချိန်ဖြစ်ပါတယ် ။ 

         သို့သော် အညာသား ဘရွှေကြီးကတော့ ကျောက်ဆည်ခရိုင်ကနေ ဆယ်တန်းကို တခရိုင်လုံး သူတယောက်ပဲ အောင်ခဲ့ရတဲ့ အထိ ဥာဏ်ကြီးသူပီပီ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ထိုးဖောက်ကြံစည်ပြီး တပ်မတော်တိုးတက်ရေး နဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးကို တက်မရှိ လက်နဲ့ လှော်ပေးနေတဲ့ ကာလဖြစ်ပါတယ် ။          

      အဲဒီအချိန်မှာ မြန်မာ့တပ်မတော်ဟာ ပင်လယ်ပြင်မှာ ထိုင်း နဲ့ ပြဿနာ သုံးခု ရင်ဆိုင်ထိပ်တိုက်တွေ့နေရပါတယ် ။ 

၁ ။ ဟသာ်ကျွန်း (Ko Lam) ပိုင်ဆိုင်မှု ပြဿနာ

၂ ။ ဆလုံတိုင်းရင်းသားများဟာ မြန်မာ့တိုင်းရင်းသား ၊ ထိုင်းတိုင်းရင်းသား ဆိုပြီး လူမျိုးစု လုနေတဲ့ ပြဿနာ 

၃ ။ရတနာ - ကဒိုက်(ကံပေါက်) မှ
ကဒိုက်(ကံပေါက်)-နတ်အိမ်ထောင် (နှစ်နိုင်ငံနယ်စပ်)Gas ပိုက်လိုင်း ပြဿနာ 

( မြန်မာက စာချုပ်ပါ ရက်စွဲအတိုင်း ပို့လွှတ်နိုင်ပြီဖြစ်သော်လည်း ထိုင်းဖက်က မပြီးလို့ တနှစ်အထိ gas တွေကို မီးရှို့ပစ်ထားရပါတယ်)  

        အဲဒီပြဿနာတွေ နဲ့ နှစ်နိုင်ငံ ရေပြင်မှာ တင်းမာနေတဲ့ ကာလဖြစ်ပါတယ် ။ ဒါကြောင့် ထိုင်းတို့က တပ်ပြင်တဲ့ အနေနဲ့ 1998 တွင် ထိုင်းဝန်ကြီးချုပ် ချွန်းလီပိုင်ဟာ နယ်စပ်ဒေသများအား စစ်တိုင်းများအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး မြန်မာနယ်စပ်ကိုအမှတ်(3)စစ်တိုင်းအဖြစ် သတ်မှတ်ပြီး တော်ဝင်ဘုရင့်တပ်မတော်၏ အားအထားရဆုံး ဗိုလ်ချုပ်ကြီး ဝဝ်တ်တနာချိုင်းကို တာဝန်ပေးလိုက်လေသည်။

...အဲဒီလို ထိုင်းရဲ့ စစ်တိုင်းဖွဲ့စည်းမှုကို ကြည့်ပြီး တပ်မတော်ထောက်လှမ်းရေး အစီရင်ခံစာများနဲ့ ပေါင်းစပ်ကာ ဘရွှေကြီးလည်း မြန်မာဖက်ကနေ ပြဿနာမလာခင် ကြိုတင် ပြင်ဆင်လိုက်ပါတယ် ။ 

......အဲဒါကတော့ ကမ်းရိုးတမ်းဒေသစစ်ဌာချုပ် ဆိုပြီး အသစ်ဖွင့်လှစ်ကာ မြိတ်ကျွန်းစု အသီးသီး၏ သစ်မှောင်ခို ၊ လက်နက်မှောင်ခို ၊ လူသုံးကုန်မှောင်ခို တို့ကို နှိမ်နင်းရန် စစ်ဆင်ရေး စတင်ခဲ့ပါတယ် ။ သေးငယ် အင်အားနည်းနေတဲ့ မြန်မာ့ရေတပ်အတွက် ပါလေရာ ကြည်းတပ်က အားဖြည့်ပြီး လက်တွဲညီညီ ဆောင်ရွက်ခဲ့ရပါတယ် ။ 

           အဲဒီအချိန်က မြန်မာ့ရေတပ်မတော်ဟာ အင်မတန် ချိနဲ့ပါသေးတယ် ။ ဘယ်လောက်ထိ ချိနဲ့သလဲ ဆိုရင် ဖမ်းမိထားတဲ့ ထိုင်းငါးဖမ်းစက်လှေ ထဲက ကောင်းတဲ့စက်လှေကို ပြန်သုံးရပါ တယ် ။ 

      သာမန် သစ်သားခွံစက်လှေဟာ တနာရီ ​ရေမိုင်ဆယ်မိုင်ပဲ သွားနိုင်ပြီး တပ်ဆင်ထားတဲ့လက်နက်များကတော့ ပွှိုင့် 5 က
 အကြီးဆုံးဖြစ်ပြီး RPG ပခုံးထမ်းလောင်ချာ (MA 10 ​ပြည်တွင်းထုတ်) နှင့် အခြားလက်နက်များမှာ လက်နက်ငယ်များဖြင့်သာဖွဲ့စည်းထားနိုင်ပါတယ် ။ 

         ရင်ဆိုင်ထားရတဲ့ ထိုင်းရေတပ်ကတော့ Phetthayotfa Chulalok-Class Frigate. HTMS. Phuttaloetle Naphalai (FFG 462) နှင့် (FFG 463) ၊ HTMS. Makut Rajakuman (FFG 433) အစရှိတဲ့ ဖရီးဂိတ် စစ်သဘော်ကြီး သုံးစီး နဲ့ ဝိတ်တန်းချင်း မမျှစွာ တပ်စွဲထားတာ တွေ့ရပါတယ် ။ 

         ပထမဆုံး စတင်ပြီး မြန်မာရေတပ်နဲ့ ထိုင်း ရေတပ် ထိတွေ့ခဲ့ရတာကတော့ မြန်မာ့ရေတပ်ရဲ့ 
ရန်ဇွဲအောင် (FAC 450) Submarine Chaser အမျိုးအစား ရေယာဥ်ဟာ ထိုင်းမြန်မာ ရေပြင်နမိတ် ထိစပ်နေတဲ့ နေရာမှာ အ​နောက်ဖက်မှ အ​ရှေ့ဖက်အရပ်သို့ ဦးတည် ခုတ်မောင်း တာဝန်ထမ်းဆောင်နေပါတယ် ။ 

       အဲဒီ အချိန်မှာပဲ ရေယာဥ်ရဲ့ ရေဒါထဲမှာ ထိုင်းပိုင်နက်အတွင်းမှ မသက်ာဖွယ် ယာဥ်တစီး မိမိတည်ရာသို့ ဦးတည်လာနေကြောင်း တွေ့မြင်လိုက်ရပါတယ် ။

          တာဝန်ကျ RO ကလည်း ချက်ခြင်းပဲ ရေယာဥ်မှူးထံသို့ သတင်းပို့လိုက်ပါတယ် ။ ရေယာဥ်မှူးလည်း ချက်ခြင်းပဲ RO ကို အဆက်မပျက် စောင့်ကြည့် ထူးခြားရင် ချက်ခြင်း သတင်းပို့ဖို့ အမိန့်ပေးပြီး တဆက်တည်းပဲ 

"GO(ဂျီအို)All Guns stanby''

       ဆိုတဲ့ အမိန့်ပေးသံနဲ့ အတူ မြန်မာ့တိုက်ရေယာဥ် ပေါက်စလေး ရန်ဇွဲအောင် ရဲ့ ကုန်းပတ်ပေါ်မှာ မြန်မာ့ရေတပ်သားတို့ရဲ့ သေနတ်ကျည်ထိုးသံ ၊ အမြှောက်ကျည်ထိုးသံ နဲ့ အမိန်သံတွေ သောသောညံသွားပြီး ခဏတွင်းမှာပဲ အားလုံး အဆင်သင့်ပြင်ဆင် ပြီးသွားခဲ့ပါတယ် ။ 

       အဲဒီ အချိန်မှာပဲ RO ရဲ့ 

"အစိမ်း 145ဒီကရီ 
အကွာအဝေး ဆယ်နှစ်မိုင်
ရေပြင်ပစ်မှတ် ယိုးဒယားစစ်ရေယာဉ်အမြန်နှုံး 18မိုင်''

          ဆိုတဲ့ တိကျတဲ့ တွက်ချက်မှုနဲ့ သတင်းပေးပို့မှုကို ရလိုက်ပါတယ် ။ ဒီတော့ ပစ်မှတ်ရဲ့ တည်နေရာ နဲ့ လာရာလမ်းကြောင်းကို အတည်ပြုပြီးတာ နဲ့ စစ်ရေယာဥ်ရှိ အမြှောက်တွေရဲ့ နိမ့်ထောင့် မြင့်ထောင့် များကို လေတိုက်နှုံး လှိုင်းပုတ်ခတ်နှုံး တွေနဲ့ စေ့စပ်စွာ တွက်ချက်ပြီး ရှိသမျှ လက်နက်အားလုံးကို ရန်သူ့လာရာ လမ်းကြောင်းမှာ စုပြုံ မှတ်ပုံတင်ထားလိုက်ပါပြီ ။ 

       ထိုင်းစစ်ရေယာဥ်အား အသင့်ကြိုနေတဲ့ မြန်မာ့ရေတပ်သားတို့ရဲ့ သွေးထဲမှာ ဘုရင့်နောင် ၊ အလောင်းဘုရား နဲ့ ဆင်ဖြူရှင် တို့ရဲ့ သွေးများ စီးဝင် အားဖြည့်ထားသကဲ့သို့ အားမာန် အပြည့်နဲ့ စောင့်နေကြပါပြီ ။ 

        မြန်မာတို့ မျက်မြင်ဖြစ်ရန်စောင့်နေတဲ့ ထိုင်းစစ်သဘော်ကို မြင်ရပါပြီ ။ ထိုင်းသဘော်က 
FFG( 433) ဖရီးဂိတ် စစ်သဘော်ကြီး ဖြစ်ပါတယ် ။ အရွယ်အစားကတော့ ဆင် နဲ့ ဆိတ် ဆိုရင် မြင်သာပါပြီ ။ ဟုတ်က ထိုင်းကဆင် ၊ မြန်မာက ဆိတ်ပါခင်ဗျ ။ 

        အဲသလောက် အင်အားကွာတဲ့ ထိုင်းဖရီးဂိတ်စစ်သဘော်ကို မြင်ရတော့ ရေယာဥ်မှူးက အမိန့်ထပ်ပေးပါတယ် ။ 

"ရေယာဉ်အမြှောက်တပ်ဖွဲ့များနားထောင်ပါ
ယိုးဒယားရေယာဉ်ဘက်ကစတင်ပစ်ခတ်မှု 
အတွက်ပြင်ဆင်ပါကငါ့အမိန့်လုံးဝစောင့်ရန်မလို
ကျည်ကုန်သုံးပစ်ခတ်သွားရန်အမိန့်ပေးသည်"

       တဲ့ဗျာ ။ အကောင်ကြီးလို့ အလျော့ပေး ချော့မော့ပြောဖို့ အသာထား ဒီကောင် ငါတို့ကို ချိန်တာ နဲ့ ငါ့အမိန့်မစောင့်နဲ့ ရှိသမျှကျည်ကုန်အောင် ပစ်ပေတော့ ဆိုတဲ့ ဂိတ်ဆုံး အမိန့်အောက်မှာ မြန်မာ့ရေတပ်သားတို့ရဲ့ လက်ထဲမှာ ကျည်ဆံတွေရဲ့ သွေးခုန်မှုတွေတောင် ထိတွေ့ခံစားနေရသလို ဖြစ်နေအောင် စစ်ရေးသတိနဲ့ တက်ကြွနေပါပြီ ။ ကြောက်စိတ်ဟူသည်ကား ဘယ်အချိန် ဘယ်အပေါက်က ထွက်သွားမှန်း စစ်သည်များ တဦးမျှပင် သတိမရတော့ချေတကား ။ 

       အနားရောက်လာတဲ့ ထိုင်းတို့ရဲ့ အကြီးစား ဖရီးဂိတ်စစ်သဘော်ကြီးကတော့ မြန်မာ့စစ်သဘော် ပေါက်စကို အမြောက် မပြောနဲ့ ခြောက်လုံးပြူးနဲ့တောင် ချိန်ရွယ်ခြင်း မပြုဝံ့ပဲ သူတို့ စစ်သဘော်ကြီးအား ရှိသမျှ လက်နက်အားလုံးနဲ့ ချိန်ရွယ် စောင့်ဆိုင်းနေတဲ့ မြန်မာ့ရေတပ်သားတို့ရဲ့ တင်းမာပြတ်သားတဲ့ မျက်နှာတွေ ကြည့်ပြီး သူတို့ ကြောက်ရွံ့မျက်နှာ ပျက်နေကြတာ ဖုံးဖိမရ မြင်နေရပေပြီ ။ 

         ခဏအကြာမှာတော့ ထိုင်းရေယာဥ်မှူးက ဆက်သွယ်လာပြီး သာကြောင်း မာကြောင်း ပြောကာ ယခုလို လက်နက်များနဲ့ ထိုင်းရေယာဥ်ကို ချိန်ရွယ်ထားတာ စိုးရိမ်မိကြောင်း ​ပြောလာပါတယ် ။ 

          ရန်ဇွဲအောင်ရဲ့ မြန်မာရေယာဥ်မှူးက ပြောပါတယ် မစိုးရိမ်ပါနဲ့ မင်းတို့သာ ငါတို့ဆီကို လက်နက်ပြောင်းမလှည့်နဲ့ လို့ တုန့်ပြန်လိုက်ပါတယ် ။ ခဏမျှ ပြောဆိုပြီးတာနဲ့ ထိုင်းတို့ရဲ့ ဖရီးဂိတ်ကြီး ပြန်လှည့်သွားကြပါတယ် ။ 

           ပင်လယ်ပြင်ထဲက ကိစ္စဟာ ထိုင်းမီဒီယာတွေထံ ပေါက်ကြားသွားပြီး ချယ်နယ် 7 ကနေ သတင်းထုတ်ပြန်ပါတယ် ။ 

       ထိုင်းစစ်သဘော် FFG( 433) ဖရီးဂိတ်ကြီးဟာ မြန်မာရေတပ်ရဲ့ သေးငယ်လှသော ရန်ဇွဲအောင် စစ်သဘော်ရဲ့ လက်နက်များနဲ့ ချိန်ရွယ်ထားခြင်းအပေါ် တန်ပြန် ချိန်ရွယ်ခြင်း မပြုဝံ့ပဲ ပြန်လာခဲ့ရကြောင်း နဲ့ မြန်မာတို့ဟာ ယခုထိ ထက်မြက်နေသေးတဲ့ စစ်ရေးသတ္တိများ ရှိနေသေးကြောင်း ထိုင်းရေတပ်ကို ရှုံ့ချကြောင်း ထုတ်လွှင့်သွားပါတယ် ။ 

         သေနတ်တချက်မှ မပစ်ရသေးပဲ အရှက်ကွဲခဲ့ရတဲ့ ထိုင်းရေတပ်ဟာ မြန်မာ့ရေတပ်မတော်ကို လက်စားချေဖို့ အကွက်ချောင်းနေပါပြီ ။ မြန်မာတို့ကလည်း မိမိရေပိုင်နက်ကို ရှိတဲ့အင်အားဖြင့် တတ်စွမ်းသလောက် ကာကွယ်နေကြရင် ထိုင်းစစ်ရေယာဥ် နဲ့ သတ္တိသွေး ပြကြရပါပြီ ။ 

       ဒီတခါ အသေအကြေ ပစ်ခတ် နှိမ်နင်းယူရတဲ့ပွဲဖြစ်ပြီး အံ့သြစရာကောင်းတာက မြန်မာ့ရေတပ်ဖက်က တိုက်ခိုက်ရတဲ့ ရေယာဥ်က ရန်နိုင် ၅၁၀ တဲ့ ။ နာမည်ကြည့်ပြီး အထင်ကြီးမ​နေနဲ့အုံး ရေမိုင် ၁၀ မိုင် ပြေးပြီး သစ်သားခွံနဲ့ ငါးခိုးစက်လှေကို ပြင်ထားရတဲ့ ဖြစ်ကရပ်ဆန်း ကင်းလှည့်ရေယာဥ် ။ 

        ပွှိုင့် 5 ၊ MA 10 လောင်ချာ နဲ့ လက်နက်ငယ်တွေပဲ ပါတယ် ။ သူနဲ့ ဖြစ်တာက ထိုင်းကမ်းခြေစောင့်တိုက်ရေယာဉ် PGM 83 နဲ့ တွေ့ကြတာပါ ။ ဘယ်လို တွေ့ပြီး ဘယ်လို တိုက်ခဲ့ရတယ် ဆိုတာကတော့...........

       ကိုရွှေမျိုးဝင်း