Tuesday, December 14, 2021

ထိုင်းမှ ရုရှားသို့ ရေတပ်အလှုပ်အခတ် (2)


          ထိုင်း မြန်မာ ရေပြင် border line တလျှောက် ဇာဒက်ကြီးကျွန်းရဲ့ အရှေ့တောင်ဖက် ၁၂ မိုင်ခန့်မှာ ရန်နိုင် ၅၁၀ ကင်းလှည့်နေပါတယ် ။ 

           မြန်မာ့တပ်မတော်ရဲ့ ကင်းလှည့်ရေယာဥ်ပေါ်မှာတော့ ရေတပ်သားစစ်စစ်ချည်း မဟုတ်ပါဘူး ။ စစ်ရေယာဥ်က ငါးဖမ်းစက်လှေကို မျိုးဖောက်ထားရသလို ရေတပ်သားအင်အားမပြည့်လို့ စစ်သည်ကလည်း ကြည်းတပ်သားတွေ နဲ့ ပေါင်းစည်း တာဝန်ပေးထားရတာကိုး ။ 

         ကင်းသမားနဲ့ တာဝန်ကျများမှ အပ ကျန်စစ်သည်တွေ လေကန်နေလေရဲ့ ။ ဘယ်ကိုပဲ ကြည့်ကြည့် မျက်စိတဆုံး ပင်လယ်ရေပြင်ချည်း ဖြစ်နေပြီး အိပက်အိပက် သွားနေရတဲ့ စစ်ရေယာဥ်အပေါ် တာဝန်အရ ရောက်ခဲ့ရတဲ့ ကြည်းတပ်သား အသစ်လေးက သူ့ဆရာကြီးကို ပူဆာနေလေရဲ့....

        စစ်တိုက်ချင်လို့ စစ်ထဲ ဝင်လာတာ ဆိုပဲ ။ အခုလို နေရတာ ပျင်းသတဲ့ ။ ဆရာကြီးကတော့ မပူပါနဲ့ မောင်ရာ မင်း တိုက်ရမှာပါ တို့နိုင်ငံရဲ့ ပေါ်လစီကြောင့် သူပုန်အလွန်ပေါတဲ့ တိုင်းပြည်ပါ မင်းဆော်ရမှာ စိတ်ချလို့ ပြောနေလေရဲ့ ။ 

        အဲသလို အောက်မှာ လေကန်နေချိန် အပေါ်က ရေဒါ ကြည့်ကင်း အစရှိတဲ့ တာဝန်ကျတပ်သားတွေကတော့ အစာရှာတဲ့ လင်းယုန်ငှက်လို မိမိနယ်ပယ်တွေကို အဆက်မပျက် စောင့်ကြည့်နေစဥ်မှာပဲ ရေယာဥ်တစီးကို ဦးစွာထောက်လှမ်းမိပါပြီ ။ 

            မိမိဆီ ဦးတည်လာနေတဲ့ ရေယာဥ်ဟာ ထိုင်း စစ်ဘက်ရေယာဥ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိတဲ့ ရေယာဥ်မှူးဟာ မိမိတပ်ဖွဲ့ကို ပစ်ညွှန်းများ သတ်မှတ်ပေးပြီး အဆင်သင့် ပြင်ဆင်ထားခိုင်းလိုက်ပါတယ် ။ 

            အဲဒီအချိန်မှာပဲ ထိုင်းကမ်းခြေစောင့်တိုက်ရေယာဉ် PGM 83 ဟာ မြန်မာ့ကင်းလှည့်ရေယာဥ် တဖြစ်လဲ ထိုင်းငါးခိုးစက်လှေကို အမဲဖျက်သလို ဖျက်ဖို့ရာ အတွက် 20mm အော်လီကွန်စက်အမြောက် အလှမ်းမှီတာ နဲ့ ဘာမှ မဆက်သွယ်ပဲ တရစပ် ပစ်ခတ်ရင်း ရန်နိုင် ၅၁၀ ကို ရေအောက်မြှပ်ပစ်ဖို့ အားကုန် ခုတ်မောင်းလာပါတယ် ။ 

         ဒီလို သတ္တိကောင်းပြနေတာလည်း အကြောင်းရှိပါတယ် ။ သူရဲ့ နောက်မှာ ဖရီးဂိတ်စစ်သဘော်ကြီး ရှိနေသလို ထိုင်းမီဒီယာတွေမှာ အရှက်ကွဲခဲ့ရတဲ့ ထိုင်းရေတပ်ရဲ့ ဂုဏ်ကို ဆယ်ပြချင်တာ တကြောင်း ၊ အခု တွေ့နေရတဲ့ စစ်ရေယာဥ် အသွင်ပြောင်း ရန်နိုင် ၅၁၀ နဲ့ သူနဲ့ ယှဥ်ရင် ကျွဲ နဲ့ ဆိတ်လောက် ကွာဟတာက တကြောင်းတို့ကြောင့် ဖြစ်ပါတယ် ။

          သူတို့ရဲ့ 20mm စက်အ​မြှောက်ကျည်တွေဟာ အပေါ်က ကျော်သွား ဘေးက ပွတ်သွား နဲ့ ဖြစ်နေသလို အချို့ကလည်း ရေယာဥ် နံရံကို လာမှန်ကြပါတယ် ။

       မိမိတို့ရဲ့ လက်နက်ထိရောက်မှု အကွာအဝေးရဲ့ လက်လှမ်းမမှီတဲ့ နေရာက ရန်သူကို မိမိတို့ ထိရောက်အောင် ဘာမှ မတုန့်ပြန်နိုင်ပဲ အံကြိတ်ကြည့်နေကြရပါတယ် ။ 

       အံ့သြစရာကောင်းလှတဲ့ မြန်မာ့တပ်မတော်ရေ ရဲ့ ခံယူချက်ကတော့ ကျနော်တို့ ပြန်ဆုတ်ကြရအောင်လို့ တယောက်မှ အကြံမပြုပဲ ဘယ်လို ပြန်ချမလဲ ဆိုတာ နဲ့ ပျံလေတဲ့ငှက်ခါး နားခါမှ သိစေရမယ် ရမယ်ဆိုတဲ့ မုဆိုးတို့ရဲ့ ဇွဲမာန်နဲ့ အချိန်ကောင်းကို စောင့်နေတဲ့ သတ္တိပဲ ဖြစ်ပါတယ် ။ 

         ဘာကြောင့်လဲ ဆိုတော့ ပစ်ရင်းခတ်ရင်း ကိုယ့်ရေယာဥ်က အချိန်မရွေးနစ်မြှပ်သွားနိုင်တယ်လေ ။ ဒါကိုသိပေမယ့် မြန်မာ့သမိုင်း မရိုင်းရစေရန် ပြတ်သားတဲ့ အမိန့်တခါတည်း ပေးထားပါတယ် ။ 

        ပစ်မိန့်စောင့်ပါ ပစ်မိန့်ရမှ မိမိရှိ ကျည်ကုန်သွားအောင် မီးကုန်ယမ်းကုန် ပစ်ပါလို့ အမိန့်ပေးထားပါတယ် ။ 

         ရေယာဥ်ရဲ့ လှိုင်းကာနောက်က သစ်တုံးတွေကို အကာအကွပြုပြီး တပ်ဖြန့် နေရာယူထားရတဲ့ မြန်မာ့တပ်မတော်သားတွေကလည်း လက်နက်အင်အား ထိရောက်မှု အကွာအဝေး စတဲ့ ခြားနားခြင်းတွေကို ကောင်းစွာ သိထားပြီး ဖြစ်တဲ့အတွက် ထိုင်းတို့ ဇောင်းကြွနေသမျှ အံကြိတ်သည်းခံ နေကြရပါတယ် ။ 

         ငမိုက်သား ထိုင်းစစ်ရေယာဥ် PGM 83 ကတော့ သူတို့ကို တချက်မှ ပြန်မပစ်ပဲ ပေခံနေတဲ့ ရန်နိုင် ၅၁၀ ကို ကြည့်ပြီး မြန်မာတွေ ဆင်းပြေးပြီများ ထင်နေသလား မသိဘူး စက်အမြှောက်ကို တောပစ် တောင်ပစ် ရမ်းပစ်ရင်း ဇွတ်အတင်း ဝင်တိုက်နေလေရဲ့ ။ 

         မြန်မာတပ်မတော်ရဲ့ သတ္တိ ၊ စစ်နည်းဗျူဟာ နဲ့ အမိန့်နာခံမှုတို့ကို နားစွန်နားဖျား ကြားမိပြီး အထင်မကြီးတဲ့ ထိုင်းစစ်ရေယာဥ် PGM 83 အတွက် ကံဆိုးတဲ့ နေ့ရက်နဲ့ ကြုံရချေပြီ ။ 

          သူတို့ အထင်သေးပြီး ဇွတ်အဓ္ဓမ ပစ်ခတ် နှစ်မြှပ်ဖို့ ကြိုးစားနေတဲ့ ရန်နိုင် ၅၁၀ ရဲ့ တာဝန်ခံအရာရှိရဲ့ စိတ်ထဲက တွက်ချက် နေတဲ့ ရေယာဥ်နှစ်ရဲ့ အကွာအဝေး ကလည်း တဖြေးဖြေး 
ကိုက် ၃၀၀ ရောက်လာပြီ ။ 

          မြန်မြန်လာဟ နှေးနေတယ်လို့ စိန်ခေါ်ရင်း ကြိတ်တွက်နေတာ ကိုက် ၂၅၀ ရောက်လာပြီ ။ ရန်နိုင် ၅၁၀ မှာလည်း လူတွေ မထိခိုက်သေးပေမယ့် ရေယာဥ်က အတော်မှန်ထားပြီ ၊ သို့သော် သေချာအောင် ထပ်စောင့်မယ် ဆိုပြီး ကိုက် ၂၀၀ ထိ စောင့်ပါတယ် ။

         မိမိရေယာဥ်နဲ့ ကိုက် ၂၀၀ အထိ ကပ်လာတဲ့ PGM 83 ကို စေ့စေ့ကြည့်ပြီး တာဝန်ခံအရာရှိက ပြတ်သားတင်းမာတဲ့ ပစ် ဆိုတဲ့ အမိန့် ပေးလိုက်ပါပြီ ။ 

         မြန်မာ့တပ်မတော်သားတွေလည်း အငြိုးတကြီးနဲ့စောင့်ဖမ်းနေရတဲ့ မယားခိုးကို ပက်ပင်းတိုးသလို လှိုင်းကာနောက်ဖက်ရှိ သစ်လုံးအကာနောက်ကနေ ဝုန်းကနဲ့ တပြိုင်နက် ထမတ်တပ်ရပ်ပြီး ရှိသမျှ လက်နက်တွေနဲ့ စုပြုံ ပစ်ပါတော့တယ် ။ 

      မြန်မာ့တပ်မတော်သားတွေရဲ့ 

"မြန်မာတဲ့ဟေ့ ''

        ဆိုတဲ့ ဝမ်းခေါင်းသံကြီးတွေ နဲ့ တပြိုင်နက်တည်း ထအော်ပြီး ဝုန်း ကနဲ့ ပစ်ခတ်လိုက်တဲ့ တုန့်ပြန်မှုကို ရုတ်ချည်း မြင်လိုက်ကတဲ့ ထိုင်းစစ်ရေယာဥ် PGM 83 ရဲ့ GUN CREW တွေဟာ သူတို့ပစ်နေတဲ့ စက်အမြှောက်တွေကို ထားခဲ့ပြီး ကျည်ကွယ်ရာ အရပ်ဆီကို ဒရောသောပါး ထွက်ပြေးပါတော့တယ် ။ 

          တွေးကြည့်တော့ ရီစရာပါပဲ ။ ထိုင်းတွေဟာ မြန်မာရေတပ်ရဲ့ သဘော်အမျိုးအစားကို ကြည့်ပြီးတာနဲ့ သူတို့ သေချာပေါက် နိုင်မယ်ဆိုတာ အပိုင် တွက်ချက်ပြီးမှ လက်နက်အားကိုးနဲ့ လာတိုက်တာပါ ။ 

         တုန့်ပြန့်မှု လုံးဝမရှိပဲ ပေခံနေတဲ့ ရန်နိုင် ၅၁၀ ကို သူတို့စိတ်နဲ့ နှိုင်းပြီး မြန်မာတွေကြောက်လို့ ဆင်းပြေးပြီလို့ ယူဆကာ အပြီးနှစ်မြှပ်ဖို့ အနားအကပ် မြန်မာ့တပ်မတော်သားတွေရဲ့ ကြုံးဝါးသံနဲ့ တရစပ် ပစ်ခတ်မှုကို ခံစားလိုက်ရတော့ သူများကို ခြောက်လှန့်ဖို့ အားထုတ်နေတဲ့ မှင်စာလေး အာဠာဝက ဘီလူး နဲ့ ထိပ်တိုက်တိုးမိလို့ ငယ်သံပါအောင် အော်ပြေးရသလို ပြေးဖို့ ပြင်ပါတော့တယ် ။ 

           ထိုင်းတို့ရဲ့ စစ်ရေယာဥ် PGM 83 ထွက်ပြေးဖို့ လမ်းကြောင်းအပြောင်းကို သိလိုက်တဲ့ ရန်နိုင် ၅၁၀ က အလွတ်ဘယ်ပေးပါ့မလဲ ။ မြန်မာ့တပ်မတော်ရဲ့ ကိုယ်ပိုင်ထုတ် MA 10 လောင်ချာ နဲ့ ဆော်ဖို့ လုပ်ပါပြီ ။ 

       ကုန်းပေါ်တိုက်ပွဲတွေမှာ အင်မတန် အားထားရတဲ့ ပစ်ခတ်သူရဲဘော်ရဲ့ လှိုင်းအပုတ် လှေအခုတ် လူးလိမ့်နေတဲ့ ကြားက မတည်မငြိမ် နဲ့ အနေအထားမှ စိတ်ကို တည်ငြိမ်အောင်ထားပြီး ပစ်မှတ်ချိန်နေဟန်ကို ဆရာကြီးက စိုးရိမ်နေရတာပေါ့ ။ 

       ကြည့်နေတုန်းမှာပဲ ဝုန်း ကနဲထွက်သွားတဲ့ MA10 ရဲ့ ကျည်ဟာ ထိုင်းတို့၏ PGM 83 အဓိကနေရာ ပဲ့စင်ကို ဒုန်းကနဲ တိကျစွာ ထိမှန်ပေါက်ကွဲစေခဲ့ပါတယ် ။ 

        ထိုင်းစစ်ရေယာဥ်ဟာ ပဲ့စင် မှန်ပြီးနောက် ချာကနဲ လည်ထွက်သွားရပါတယ် ။ ထိုင်းစစ်ရေယာဥ် ရဲ့ ဘေးနံ ညာဖက်ခြမ်းဆီကို နောက်ထပ် လက်ဆောင် MA10 တလုံး ပေးပို့ပြီးချိန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့ အတူ ထိုင်းစစ်ရေယာဥ်ဟာ အရေးပေါ် Steering စနစ်နဲ့ ကပျာကယာ ထွက်ပြေးသွားရပါတော့တယ် ။ 

         တနာရီ ရေမိုင် ၁၀ သာ ပြေးနိုင်သော သာမန်ငါးဖမ်းယာဥ် အသွင်ပြောင်း ရန်နိုင် ၅၁၀ ကတော့ ဆိတ်ခွေ့လို့ ထွက်ပြေးသွားတဲ့ ကျွဲကြီးကို နှစ်မြှပ်ချင်ပေမယ့် ရသလောက်နဲ့ အာသာဖြေလိုက်ကြရပါတော့တယ် ။ 

       နောက်တနေ့ ထိုင်းရုပ်သံတွေမှာ PGM 83 ရဲ့ အရှက်တကွဲအရှုံးကို ဖော်ပြလာကြရပါတယ် ။ အရာရှိ တစ်ဦး စစ်သည် နှစ်ဦး ကျဆုံးပြီး ဒဏ်ရာပြင်းထန် စိုးရိမ်ရ လေးဦး ရှိကြောင်း ထုတ်ပြန်ပါတယ် ။ စစ်ရေယာဥ်လည်း အကြီးအကျယ် ဖျက်ဆီးခံခဲ့ရကြောင်း ကြေငြာပါတယ် ။

         သတင်းထုတ်ပြန်ရာမှာ ပါလာတာက ထိုင်းစစ်ရေယာဥ် PGM 83 ကို ဒီလို ကြီးစွာသော ဆုံးရှုံးမှု သင်ခန်းစာ ပေးလိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ အသုံးပြုခဲ့တဲ့ စစ်ရေယာဥ်ဟာ သာမန် ငါးဖမ်း ဒုံး သစ်သားခွံ စက်လှေသာ ဖြစ်ကြောင်း ထုတ်ပြန်ချိန်မှာတော့ ထိုင်းနိုင်ငံသား ပြည်သူတွေ ခေါင်းတရမ်းရမ်းနဲ့ ရင်ကွဲနာ ကျကုန်ရပါတယ် ။ 

         ထိုင်းတို့ရဲ့ စိတ်ကူးယဥ်က အတိတ်ကရန်ကြွေးကို ပြန်ဆပ်ဖို့ အမြဲတွေးနေကြတာကိုး ။ အခု ဖြစ်ရပ်က သူတို့ အိပ်မက်ကို လှန့်နိုးလိုက်သလို ငါတို့ မြန်မာကို နိုင်ဖို့ အများကြီး လိုသေးတယ်လို့ သတိပေးလိုက်တာကိုး ။ 

          အဲဒါနဲ့နောက်ဆက်တွဲ အဖြစ် ဒဏ်ရာရ လေးဦးထဲက တဦးထပ်ကျဆုံးသွားလို့ ထိုင်းဖက်က စုစုပေါင်း လေးဦး ကျဆုံးတဲ့အတွက် လက်စားချေ စစ်ဆင်ရေး အတွက် ပြင်ဆင်နေကြောင်း ထိုင်းရောက် တပ်မတော်ထောက်လှမ်းရေးမှ သတင်းပေးပို့လာပါတယ် ။ 

        မြန်မာခေါင်းဆောင်တွေဟာ ရန်နိုင် ၅၁၀ ရဲ့ တပ်သားတွေ ဘေးမသီ ရန်မခ အောင်ပွဲဆင်နိုင်ခဲ့တာကို ဖုံးကွယ်ပြီး တပ်သားသုံးဦး ဒဏ်ရာရထားလို့ ဆေးရုံတင်ထားရကြောင်း သတင်းတုတွေ ထပ်မံထုတ်လွှင့်ပြီး ထိုင်းကို မျှားခေါ်လိုက်ပြန်ပါတယ် ။ 

        ဘယ်လိုပဲ ဖြစ်နေပါစေ ဘန်ကောက်ပို့စ် သတင်းစာကနေ မြန်မာစစ်သားက ပက်လက်ကုလားထိုင်ပေါ် ထိုင်ပြီး ဆေးလိပ်သောက်နေတာကို ကတုတ်ကျင်းထဲက ထိုင်းစစ်သားတွေ တုန်တုန်ချိချိ ချောင်းကြည့်နေရဟန် ကာတွန်း နဲ့ သရော်လိုက်ပါတယ် ။ 

         ဒီကာတွန်းကို ကြည့်မိတဲ့ ထိုင်းပြည်သူတွေလည်း အတိတ်က အလောင်းမင်းတရားရဲ့ နာမည်ကျော် ဝါးရင်းတုတ် (တင်ကျည်းတပ်) ကို ကိုယ့်ခေါင်းပေါ် ဝဲနေသလား ခံစားရင်း ကြောက်ရွံ့နေကြပါတယ် ။ တပ်မတော် နှစ်ခုရဲ့ စွမ်းရည်သတ္တိကို ဒီကာတွန်း တပုဒ်က ပဲ ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့ပါတယ် ။ 

        ဒီလို ပြဿနာတွေကို အကြောင်းပြုပြီး ထိုင်းတို့က ထိုင်းနိုင်ငံအစိုးရနှင့် PTT Exploration and Production Public Company Limited.(PTTEP)တို့မှ လျှော်ကြေးငွေ ဒေါ်လာသန်း 300 ခန့် စာချုပ်အတိုင်း ပေးလျှော်ဖို့ ရှိတာကို မပေးရဖို့ အားထုတ်လာပြန်ပါတယ် ။ 

          Gas တွေကို မြန်မာတို့ မီးရှို့လာရတာ တနှစ်ရှိပြီမို့ လျော်ကြေးပေးရမှာကို ရူးချင်ယောင် ဆောင်နေတဲ့ ထိုင်းတို့ထံက ရစရာရှိတာကို ပြန်တောင်းပေးတာကလည်း မြန်မာ့ရေတပ်မတော်ရဲ့ လာဘ်ကောင် ရန်နိုင် ၅၁၀ ပဲ ဗျ ။ 

          ရွှေလာဘ်ကောင် ရန်နိုင် ၅၁၀ က ဘယ်လို ပြန်ရှာပေးသလဲ ဆိုတော့.........

         ကိုရွှေမျိုးဝင်း