Friday, December 10, 2021

အဓမ္မဝါဒတခု ခေါင်းထောင်လာလို့ပါ။

ဆိုရေးရှိက ဆိုအပ်သည်ဆိုတဲ့ စကားအတိုင်း ရေးရတာပါ။ အဲဒါကတော့ အနတ္တဝါဒကို အနုနည်းနဲ့ ခြိမ်းခြောက်လာတာပါ။ ငါသူ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါ အသက်ဇီဝ ရှိတယ်ဆိုတဲ့ အယူဝါဒသည် ဒိဋ္ဌိ(အယူမှား) ဖြစ်ကြောင်း ထင်ရှားပါလျှက် ဒိဋ္ဌိမဟုတ်ဟု ရှင်အဂ္ဂသာရ ဆိုတဲ့ ဘွဲ့နဲ့ ပြောဟောနေတာပါ။ ဒါကိုနောက်လိုက်နောက်ပါ တချို့ပါရှိလာပြီး အဲဒီအဓမ္မ အယူကြီးကို ပြန့်ပွားအောင် လုပ်လာကြပါတယ်။ ဒါဟာ မြတ်စွာဘုရားရဲ့ သာသနာ အနှစ်သာရဖြစ်တဲ့ အနတ္တဝါဒ ကို ဆန့်ကျင်လာတာမို့ ဒီစာကို ရေးရတာပါ။ 


အနတ္တဝါဒ ဆိုသည်မှာ အတ္တလို့ အဓိပ္ပါယ်ပြန်ရမယ့် ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အသက်ဇီဝ မရှိ လို့ ယူတဲ့ အယူပါ။ ဒီနေရာမှာ ဒီအယူဝါဒကို ပြောင်းပြန်ပြုချင်တဲ့ ပုဂ္ဂိုလ်များ တနည်း သာသနာဖျက်များဟာ ငါ သူ ပုဂ္ဂိုလ် သတ္တဝါ ဆိုပြီး ယူခြင်းသည် ဒိဋ္ဌိမဟုတ် ပညတ်အနေနှင့် မှန်သည်ဟု ဟောပြောကြပါတယ်။ အဲဒီနောက် ငါ သူ ဆိုတာကိုပါ သမုတိသစ္စာထဲကို ဉာဏ်နည်းစွာ ထည့်သွင်းကြပြန်ပါတယ်။ 

သူတို့ အယူအရ ဒိဋ္ဌိမဟုတ်ဆိုတာကိုပဲ ဒိဋ္ဌိဖြစ်ကြောင်း ပြရင်း ချေဖျက်ပါ့မယ်။ ဒိဋ္ဌိလို့ ပြောတဲ့ အခါမှာ သဿတဒိဋ္ဌိ ဥစ္ဆေဒိဋ္ဌိ နဲ့ သက္ကာယဒိဋ္ဌိ တို့ဟာ အဓိကပါ။ သဿတဒိဋ္ဌိ ဆိုတာကတော့ ခိုင်တယ်မြဲတယ်လို့ ယူတဲ့အယူပါ။ ဥစ္ဆေဒ ဒိဋ္ဌိကတော့ ပြတ်စဲတယ် ယူတဲ့ အယူပါ။ သက္ကာယဒိဋ္ဌိကတော့ ထင်ရှားရှိတဲ့ ခန္ဓာငါးပါးအပေါ် နာမည်တပ်တာမှန်သမျှ ကိုခေါ်ပါတယ်။ 

ဒီအတွက် ငါ သူ ဆိုပြီးယူတာသည် ဒိဋ္ဌိမဟုတ်ဘူး ဆိုတဲ့ အယူကို အရင်ရှင်းပါ့မယ်။ ငါ သူတပါး ဆိုတာ ပညတ်ပါ။ ပညတ်ကိုမပယ်ပါဘူး။ မှန်လို့ မပယ်တာမဟုတ် ပယ်ရင်သုံးစရာ မရှိတဲ့အတွက် မပယ်တာပါ။ သို့သော် ငါသူ မဟုတ်ဆိုတာကိုတော့ ဉာဏ်ထဲမှာ ရှင်းနေဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ပုထုဇဉ်တွေအတွက် ငါ သူတပါး ဆိုတဲ့ စကားရဲ့ နောက်မှာ ငယ်ကတည်းက စွဲခဲ့တဲ့ အဓိပ္ပါယ်ကြီးပါနေလို့ပါ။ ငါလို့ ပြောတာနဲ့ မနေက ငါနဲ့ ဒီနေငါတူတူပဲ ဆိုတဲ့ သဿတဒိဋ္ဌိ ပါနေပါတယ်။ ငါဆိုတာ ဒီကိုယ်ကောင်ကြီးကို ခေါ်တာပေါ့ ဆိုတဲ့ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မယူတော့ပဲ တပေါင်းတစည်းတည်းကို နာမည်တပ်လိုက်တဲ့ သက္ကာယဒိဋ္ဌိ ပါနေပါတယ်။ 

အဲဒီလိုပဲ သူတပါးလို့ ပြောတာနဲ့ မနေကသူနဲ့ ဒီနေ့သူ တူတူပဲဆိုတဲ့ သဿတဒိဋ္ဌိပါနေပါတယ်။ ခန္ဓာငါးပါးကိုတပေါင်းတည်း နာမည်တပ်တဲ့ သက္ကာယဒိဋ္ဌိလဲ ပါပြန်ပါတယ်။ ဒီအပြင် ငါ သူတပါး လိုယူရင် ခန္ဓာငါးပါး ကိလေသာတရားများ တနည်း မကွဲပြားသော သင်္ခါရတရားများကို ကွဲပြားသယောင် အထင်မှားမှု ကိုလဲ ဖြစ်စေပါတယ်။ အဲဒီအတွက် ငါ သူတပါးဆိုတဲ့ အယူကို တနည်း အရိုးစွဲလာတဲ့ပညတ်အဓိပ္ပါယ်တွေကို ဉာဏ်နဲ့ ပယ်ရှားပစ်မှသာ ဒိဋ္ဌိ စင်ပါမယ်။ ဒီလို ပယ်ရှားပြီးတဲ့ အခါမှာ ငါသူတပါး မဟုတ်မှန်း သိလျက် နှင့်ပင် အသုံးရှိလို့ သုံးတာမျိုးကတော့ သုံးကောင်းပါတယ်။ အရိယာများ သုံးနည်းပါ။

ဒီနေရာမှာ ကမ္မဿကတ သမ္မာဒိဋ္ဌိပျက်မှာပေါ့ ဆိုတာနဲ့ ပါတ်သက်ပြီး ရှင်းလွန်းလို့ မပြောချင်ပေမယ့် အကျဉ်းတော့ ပြောပါ့မယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်တယ်ဆိုတာ ကမ္မဿကတ သမ္မာဒိဋ္ဌိပါ။ သမ္မာဒိဋ္ဌိ ငါးမျိုးရှိတဲ့ ထဲက ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ ဈာန သမ္မာဒိဋ္ဌိဟာ သာသနာပမှာ တင်ရှိပါတယ်။ မြတ်စွာဘုရား ပွင့်တော်မူလာမှ သာသနာနဲ့ ကြုံမှ သိခွင့်ရတာက ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ် သမ္မာဒိဋ္ဌိနဲ့ ဖိုလ် သမ္မာဒိဋ္ဌိပါ။ 

ဒီသာသနာတွင်းသမ္မာဒိဋ္ဌိသုံးမျိုးကို သိမှသာလျှင် သာသနာတွင်းသား ဖြစ်မှာပါ။ ကမ္မဿကတ သမ္မာဒိဋ္ဌိဟာ သာသနာနဲ့ မထိုက်တန်သူတွေ ဒုက္ခမဖြစ်လေအောင် အကာအကွယ် ပေးတဲ့ တရားလောက်ပါ။ လူပြည် နတ်ပြည် သုဂတိ အကျိုးပေးနိုင်ပေမယ့် သံသရာက လွတ်တဲ့ အမြင်မှန် မဟုတ်သေးပါဘူး။ ကလေးများကို တစ်နဲ့ တစ်ပေါင်း နှစ်ရတယ်လို့ သင်ထားသလိုပါပဲ။ မမှန်ဘူးလားဆိုတော့ မှန်ပါတယ်။ ဒါပေမယ့် လူကြီးဖြစ်လာရင်တော့ ရေတစ်ခွက်နဲ့ ရေတစ်ခွက် ကို နောက်ခွက်တခုထဲ ရောထည့်လိုက်တဲ့ အခါ ရေတစ်ခွက်ပဲ ရတော့သလိုမျိုး ဓါတု ဓါတ်ပြုမှုတွေလို နက်နဲတဲ့ တရားကို ဉာဏ်မမှီနိုင်သူများ အတွက် ပြောထားတဲ့ အမှန်မျိုးပါ။ ပိုရှင်းအောင် ပြောရရင် ငါမကောင်းတာလုပ်ရင် ငါမကောင်းတာ ဖြစ်တယ်လို့ ပြောပေမယ့် ဝိပဿနာ သမ္မာဒိဋ္ဌိကို ကြိုးစားအားထုတ်ရင်း တကယ်တမ်း ငါဆိုတာ မရှိဘူးလို့ သိသွားတဲ့အခါမှာ ဝိပဿနာ သမ္မာဒိဋ္ဌိက အကျိုးပေးလိုက်လို့ မဂ်သမ္မာဒိဋ္ဌိ ဖြစ်သွားတဲ့အခါမှာ အရင်လုပ်ခဲ့သမျှ (လုပ်တာလဲမဟုတ် အကြောင်းကြောင့် အကျိုး ဖြစ်ခဲ့သမျှ တွေလို့ အနတ္တကိုဉာဏ်သက်ဝင်သွားပြီမို့) အပါယ်ကျစေမယ့် ကံတွေ အကုန် အကျိုး မပေးတော့ပါဘူး။ ဒီတော့ ကမ္မဿကတ သမ္မာဒိဋ္ဌိကို ညှာတာပြီး ဝိပဿနာ သမ္မာဒိဋ္ဌိကို ငြင်းဆန်သူဟာ သူငယ်တန်းကနေ အထက်မတက်ချင်တော့ပဲ တနည်း အထက်အတန်းတွေကို ဉာဏ်မမှီတော့ပဲ တက္ကသိုလ်ဘွဲ့ရတွေကို သူဉာဏ်ရှိသလောက်နဲ့ တိုက်ခိုက်နေသလိုပါပဲ။ သူအကျိုးနည်း ဖို့သာရှိပါတယ်။

တဖန် ယောက်ျား မိန်းမ ဆိုတာ သမုတိသစ္စာ မပယ်ရဘူး ဒိဋ္ဌိမဟုတ်ဘူး ပြောတာနဲ့ ပါတ်သက်လို့လဲ သမုတိသစ္စာကို မငြင်းပါဘူး။ သို့သော် သမုတိသစ္စာ သိယုံနဲ့ ဒိဋ္ဌိမပြုတ်တာ အထင်အရှားပါ။ ဘာလို့လဲ ဆိုတော့ ယောက်ျား မိန်းမ လို့ ခွဲမြင်တာဟာ ပရမတ္တတရား ခန္ဓာငါးပါး မကွာခြားတာကို သဏ္ဍာန်မှာတင် လမ်းဆုံးပြီး မကွဲပြားတဲ့ ရုပ်တရား နာမ်တရားများသာ လို့ ပရမတ်ဆိုက်အောင် မကြည့်နိုင်လို့ပါ။ အဲဒီအတွက် အပေါ်မှာ ပြောခဲ့ သလိုပဲ အခေါ်အဝေါ်အနေနဲ့ ခေါ်ဝေါ်ပါ။ ရဟန်းများအနေနဲ့ဆို မာတုကာမ နဲ့ ပါတ်သက်ပြီး ရှောင်ရှားရမှာတွေ ရှောင်ရှားပါ။ ရှောင်ရှားကောင်းပါတယ်။ ယောက်ျားမိန်းမလို့ သုံးနှုန်းကောင်းပါတယ် သုံနှုန်းပါ။ သို့သော် ဉာဏ်ထဲမှာတော့ ယောက်ျားမိန်းမ မဟုတ် ရုပ်တရား နာမ်တရား သင်္ခါရတရားများသာလို့ အမြင်ရှင်းမှသာ ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်ပါမယ်။ 

ပုဂ္ဂိုလ်သတ္တဝါ ဆိုတဲ့ အယူကလဲ ရှင်းပါတယ်။ ပြောခဲ့တဲ့အတိုင်း ခန္ဓာငါးပါးကို နာမည်တပ်တာနဲ့ သက္ကာယဒိဋ္ဌိမို့ သက္ကာယဒိဋ္ဌိနဲ့ ငြိပါတယ်။ ဒီနေ့ပုဂ္ဂိုလ်နဲ့ နောက်နေ့ ပုဂ္ဂိုလ်တူတူပဲဆိုတဲ့ အဓိပ္ပါယ်လဲ ပါလာတာမို့ သဿတဒိဋ္ဌိလဲ ငြိပြန်ပါတယ်။ တကယ်ရှိအမှန်ရှိက အဆက်မပြတ် ဖြစ်ပျက်နေတဲ့ ရုပ်တရား နာမ်တရား သင်္ခါရတရားများမို့ ဖြစ်ပျက်နေတဲ့ ရုပ်တရား နာမ်တရား သင်္ခါရတရားများလို့ အနိစ္စ ဒုက္ခ အနတ္တနဲ့ ယှဉ်ပြီး သိမှသာ ဒိဋ္ဌိ ကွာမှာ ဖြစ်ပါတယ်။ 

အသက်ဇီဝ မရှိဆိုတာကတော့ သေတယ်ဆိုတာ အယူရှိနေတော့ အသက်ဇီဝ ရှိတယ်လို့ ယူမှာမို့ ရှင်းအောင်ထည့်ထားတာပါ။ ဒါနဲ့ ပါတ်သက်လို့ကတော့ ပဋိစ္စသမုပ္ပါဒ် နဲ့ကြည့်ရင် ရှင်းပါတယ်။ သေတယ်ဆိုတာလဲ တကယ်တော့ စုတိစိတ် သင်္ခါရတရားသာ ဖြစ်ပြီး နောက်ဘဝအစ ပဋိသန္ဓေဝိဉာဏ် ဆိုတာလဲ သင်္ခါရပစ္စယာ ဝိဉာဏ် ဆိုတဲ့အတိုင်း သင်္ခါရတရားပါပဲ။ အဆက်မပြတ် ရုပ်နာမ် ဖြစ်ပျက် သင်္ခါရတရားများသာ ရှိတာမို့ အသက်ဇီဝရှိတယ်လို့ ယူရင်လဲ အတ္တဒိဋ္ဌိ ဖြစ်နေမှာမို့ပါ။ 

ဒီလောက်ဆိုရင် ဒီအဓမ္မဝါဒ အယူကို တိုက်ဖျက်ပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ အပြန်အလှန် ပြောချင် ဆွေနွေးချင်ရင်လည်း ကျနော် ရေးခဲ့တဲ့ စာကို သေသေချာချာ အထပ်ထပ် ဖတ်ပြီးမှ ခိုင်မာမှ ဆွေနွေးပါလို့ပဲ ပြောပါရစေ။ ဆန်စင်ရာ ကျည်ပွေ့ မလိုက်နိုင်လို့ပါ။ ကျေးဇူးတင်ပါတယ်။

Credit