Tuesday, December 14, 2021

ရုရှား-ယူကရိန်း အရေးအခင်း

****************************

ဒီဇင်ဘာလ ၇ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ ရုရှားသမ္မတ ပူတင်တို့ နှစ်နာရီကျော်ကြာအောင် ဗီဒီယို ကွန်ဖရင့်ပြုလုပ်ခဲ့ကြရာမှာ ဆွေးနွေးခဲ့ကြတဲ့ အဓိက အကြောင်းအရာကတော့ ရုရှားနဲ့ ယူကရိန်းတို့အကြား ဖြစ်ပေါ်နေတဲ့ စစ်ရေး တင်းမာမှု ဖြစ်ပါတယ်။ 

အမေရိကန်နဲ့ နေတိုးစစ်စာချုပ် အဖွဲ့ အနေနဲ့ ယူကရိန်းနယ်စပ်မှာ တပ်အင်အားတစ်သိန်းကျော်ချရပ်ထားတဲ့ ရုရှားနိုင်ငံဟာ မကြာခင်မှာ ယူကရိန်းကို ဝင်တိုက်တော့မယ် ဆိုပြီး စိုးရိမ်နေကြတာဖြစ်ပါတယ်။ 

ပူတင်ကတော့ ယူကရိန်းကို မတိုက်ပါဘူးလို့ ခပ်ရှင်းရှင်းပဲ ပြန်ဖြေခဲ့ပါတယ်။

 ဒါပေမဲ့ အမေရိကန်နဲ့ အနောက်အုပ်စု ထောက်လှမ်းရေး အဖွဲ့အစည်းတွေကတော့ ရုရှား တပ်ဖွဲ့လှုပ်ရှားမှုတွေအရ မကြာခင် ရုရှားတပ်တွေ အင်အားအကြီးအကျယ်တိုးမြှင့်ပြီး အင်အား ၁၇၅၀၀၀လောက်ပါတဲ့ တပ်တော် တစ်ခု အင်အားနဲ့ ယူကရိန်းကို ကျူးကျော်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ 

သမ္မတ ဘိုင်ဒင်က ဆွေးနွေးပွဲမှာ ယူကရိန်းကို ရုရှားက ဝင်တိုက်မယ်ဆိုရင် အမေရိကန်နဲ့ အနောက်အုပ်စုက ရုရှားကို မကြုံဖူးအောင်ပြင်းထန်တဲ့ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့ သမ္မတ ပူတင်ကို သတိပေးခဲ့ပါတယ်။

 ပူတင်ကလည်း နေတိုးအဖွဲ့ကို ရုရှားနယ်စပ်အထိရောက်လာအောင် အရှေ့ဘက်ကို နယ်မြေတိုးချဲ့မလာဖို့ ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။ 

အင်အားနိုင်ငံရေးနှင့်
******************** 
ကြားခံ တိုင်းကြပ်နိုင်ငံများ
*************************

ဒီပြဿနာကို မဟာဗျူဟာ ပထဝီနိုင်ငံရေးအမြင်နဲ့ သုံးသပ်ရရင်တော့ အခြေခံအားဖြင့် နိုင်ငံရေးသရုပ်မှန်ဝါဒ Realism အယူအဆဖြစ်တဲ့ နိုင်ငံတွေဟာ မိမိအကျိုးစီးပွားကိုကာကွယ်ဖို့ အင်အားတောင့်တင်းအောင် အမြဲ ဖြည့်ဆည်းတည်ဆောက်နေရမယ်ဆိုတဲ့ အမြင်က အစပြုလာတာပါပဲ။ 

တစ်ဘက်က အင်အားကြီးလာရင် ကိုယ့်ဘက်ကလည်း လုံခြုံအောင်ကာကွယ်ဖို့ တန်ပြန်အင်အားတည်ဆောက်ရမယ်။

 ကိုယ်က အင်အားနည်းရင် အားကိုးရမယ့်မဟာမိတ်ရှာရမယ်။

 ဒီလိုနဲ့ နှစ်ဘက်အပြိုင် သံသယတွေနဲ့ အင်အားတည်ဆောက်ပြင်ဆင်ကြရင်း တင်းမာမှုတွေ ကြီးထွားလာတာ ဖြစ်ပါတယ်။ 

ဒီလို တင်းမာမှုတွေအကြားမှာ မြေစာပင်ဖြစ်တတ်ကြတာကတော့ အပြိုင်ဖြစ်နေတဲ့ အင်အားစုကြီး နှစ်ခုအကြားက တိုင်းကြပ်လို့ ခေါ်တဲ့ ကြားခံနိုင်ငံငယ်လေးတွေပါပဲ။

 တိုင်းကြပ်သဘောကို နားလည်လွယ်အောင်ပြောရရင် သင်္ဘောတွေ မော်တော်တွေ ကမ်းကပ်ရင်၊ တစ်စင်းနဲ့တစ်စင်း ရေထဲမှာ ကပ်ရင် မနာအောင် ကြားက ဝါရှာလို ခံပေးတဲ့ ဘောကွင်း တာယာအဟောင်းတွေလိုပါပဲ။ 

နိုင်ငံကြီး အချင်းချင်း ထိပ်တိုက်မတွေ့အောင် ဒီနယ်မြေတွေက ကြားကခံပေးထားတာဖြစ်ပါတယ်။ 

နိုင်ငံကြီး၊အင်အားကြီး တွေ ထိပ်တိုက်မတွေ့ကြပေမဲ့ ကြားခံတွေကတော့ နှစ်ဘက် ဖိအားခံကြရပြီး ပြားနေကြရတာပါ။

 ယူကရိန်းလည်း ဒီကံကြမ္မာမျိုး ကြုံနေရတာလို့ ဆိုနိုင်ပါတယ်။ 

ယူကရိန်းနှင့်ရုရှား 
*****************

ပြောရရင် ယူကရိန်းနဲ့ ရုရှားဟာ သမိုင်းကြောင်းအရ ဆက်စပ်မှုတွေ အများကြီး ရှိပါတယ်။

 တကယ်တော့ ရုရှားလူမျိုးတွေရဲ့ စတင်မွေးဖွားရာ ဇာတိချက်ကြွေ မွေးရပ်မြေဟာ ယူကရိန်းဖြစ်ပါတယ်။ 

ရုရှား ဇာဘုရင်တွေခေတ်မှာလည်း ယူကရိန်းက ရုရှားအင်ပါယာထဲမှာ ပါဝင်ခဲ့သလို ဆိုဗီယက်ပြည်ထောင်စု ထူထောင်တော့လည်း ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။

 စတာလင်နောက်ပိုင်း ဆိုဗီယက်ခေါင်းဆောင် ခရုရှက်ဆိုရင် ယူကရိန်းနယ်သားဖြစ်ပြီး သူ့နယ်အတွက် လက်ဆောင်အနေနဲ့ ၁၉၅၄ခုနှစ်မှာ ရုရှားပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းထဲ ပေါင်းထည့်ပေးခဲ့တာ ဖြစ်ပါတယ်။

 အခုအထိလည်း ယူကရိန်းကို အလယ်က ဖြတ်စီးနေတဲ့ ဒနိုက်ပါမြစ် အရှေ့ဘက်တစ်ခြမ်းလုံးမှာ ရုရှားနွယ်ဖွားတွေ အများစု နေထိုင်ကြဆဲပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ယူကရိန်းဟာ သဘာဝအနေအထားအရ နှစ်ပိုင်းကွဲနေတယ်လို့ ဆိုနိုင်ပါတယ်။ 

နောက်ထပ် အရေးပါတဲ့အချက်က ယူကရိန်းဟာ ရုရှားအတွက် ဥရောပ အထွက်လမ်း ဂိတ်ဝဖြစ်နေသလို၊ မြေထဲပင်လယ်ဘက်ထွက်တဲ့ ပင်လယ်နက်ထွက်ပေါက်ကို ထိပ်က စီးပြီးရပ်တည်နေတဲ့ ပထဝီအနေအထားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

 ရုရှားက ဥရောပကို သွယ်တန်းရောင်းချနေတဲ့ ဓါတ်ငွေ့ပိုက်လိုင်း တွေက ယူကရိန်းကို ဖြတ်သန်းရတာမို့ စီးပွားရေးအရ ရုရှားအတွက်အရေးပါသလို ပင်လယ်နက်ကို ထိန်းချုပ်နိုင်ဖို့ ကရိုင်းမီးယားကျွန်းဆွယ်ကလည်း လုံခြုံရေးအရ အလွန်အရေးပါပါတယ်။ 

ဒီအချက်တွေကြောင့် ၁၉၉၁ခုနှစ် ဆိုဗီယက်ပြိုကွဲ အပြီး သီးခြားနိုင်ငံဖြစ်လာတဲ့ ယူကရိန်း ဟာ မဟာဗျူဟာဇာတ်ခုံပေါ်မှာ ကစားစရာ နယ်ရုပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

နေတိုး၏ အရှေ့ဘက်တိုးချဲ့ရေး
*******************************
 ကြိုးပမ်းမှု 
***********

စစ်အေးတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမေရိကန်က နေတိုးအဖွဲ့ကို အရှေ့ဘက်တိုးချဲ့ပြီး ဩဇာဖြန့်ကျက်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ 

၁၉၈၉မှာ ဘာလင်တံတိုင်းပြိုကျခဲ့ပြီးတော့ နှစ်နိုင်ငံပေါင်းစည်းလိုက်တဲ့ဂျာမနီကို နေတိုးအဖွဲ့ထဲ ထည့်သွင်း ဖွဲ့စည်း လိုက်တဲ့အခါ ဝါဆော အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ချက်၊ ပိုလန်နဲ့ ဟန်ဂေရီတို့ကလည်း နေတိုးထဲ ဝင်ချင်လာကြပါတယ်။ 

ဒီ တိုင်းကြပ်တွေ နေတိုးထဲပါသွားရင် ဆိုဗီယက်အတွက် လုံခြုံရေး ကို ထိပါးလာနိုင်တဲ့အတွက် စိုးရိမ်လာတဲ့ ဆိုဗီယက်သမ္မတ ဂေါ်ဘားချက် ကို ၁၉၉၀ နှစ်ဆန်းမှာ အနောက်အုပ်စု ထိပ်သီးခေါင်းဆောင်တွေက "နေတိုးကို နောက်ထပ် တစ်လက်မမှ ထပ်ပြီး မတိုးချဲ့တော့ပါဘူး" လို့ ကတိပေးခဲ့တယ်လို့ဆိုပါတယ်။ 

နောက်ပိုင်း ပေါ်ထွက်လာတဲ့ အချက်တွေအရ အဲဒီလူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘေကာ၊ သမ္မတ ဘုရှ်၊ အနောက်ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂျန်ရှာနဲ့ ဗြိတိသျှဝန်ကြီးချုပ် မာဂရက် သက်ချာတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ဒီကတိကဝတ်တွေကို စာချုပ်စာတမ်းနဲ့ မှတ်တမ်းမတင်နိုင်ခဲ့တာ ဂေါ်ဘားချက်ရဲ့ အားနည်းချက်ပါပဲ။ 

၁၉၉၁မှာ ဆိုဗီယက်ကြီးပါပြိုကွဲသွားတော့ စစ်နိုင်သူတို့ ထုံးစံအတိုင်း ကတိတွေဘေးချိတ်ပြီးလုပ်ချင်ရာ လုပ်တော့တာပါပဲ။

 အမေရိကန်သမ္မတ ဘီလ်ကလင်တန်လက်ထက်မှာ နေတိုးကို အရှေ့ဘက်တိုးချဲ့ရေးမူဝါဒ Eastward expansion of NATO ကို အမျိုးသားလုံခြုံရေး မဟာဗျူဟာမှာထည့်သွင်းပြီး ငြိမ်းချမ်းရေးမိတ်ဖက် Partner for Peace PfP ဆိုတဲ့နာမည်နဲ့ အရှေ့ဥရောပနိုင်ငံတွေကို ဆွဲသွင်းလာခဲ့တာပါ။ 

အဓိက အချက်အချာကျတဲ့ ချက်၊ပိုလန်၊ဟန်ဂေရီနိုင်ငံတွေဟာ ၁၉၉၄ခုမှာ PfP ဖြစ်ပြီး ၁၉၉၉ကျတော့ တင်းပြည့် နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာခဲ့ကြပါတယ်။

 အဲဒီတုန်းက ရုရှားသမ္မတ ယဲ့လ်ဆင်ဟာ အနောက်ဩဇာခံ လုံးလုံးဖြစ်နေတော့ ဘာမှ ပြင်းပြင်းထန်ထန်မကန့်ကွက်နိုင်တော့ပါဘူး။ 
ဂေါ်ဘားချက်ကိုယ်တိုင်လည်း နောင်တရပြီး တဖျစ်တောက်တောက်ညည်းတွားရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး။ 

ဓါးစာခံ မြေစာပင် ယူကရိန်း 
***************************

ယူကရိန်းကတော့ ရုရှားအတွက် ဘယ်လိုမှ လက်လွတ်မခံနိုင်တဲ့ နေရာဖြစ်နေပါတယ်။

 တရုတ်အတွက် ဟောင်ကောင်က အရေးပါသလို ရုရှားအတွက် ယူကရိန်းက အရေးပါနေတာပါ။ 

ဒါကြောင့်လည်း ရုရှားကိုအညှာကိုင်ပြီး ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်က ယူကရိန်းမှာ ဝင်ရောက်စွက်ဖက်လှုပ်ရှားလာခဲ့ပါတယ်။ 

အထူးသဖြင့်တော့ ဒီမိုကရက် သမ္မတ အိုဘားမားနဲ့ ဒုသမ္မတဘိုင်ဒင်တို့လက်ထက်မှာဖြစ်ပါတယ်။

 ၂၀၁၄မှာ ရုရှားလိုလားတဲ့ သမ္မတကို မေဒန်တော်လှန်ရေးလို့ခေါ်တဲ့ လူထုအုံကြွနည်းနဲ့ ဖြုတ်ချပြီး အမေရိကန်လိုလားတဲ့သမ္မတကို တင်နိင်ခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ ယူကရိန်းဟာ အင်အားကြီး နှစ်ခု အားပြိုင်ရာ စစ်မြေပြင်ဖြစ်လာခဲ့တော့ တာပါပဲ။ 

အနောက်လိုလားတဲ့ အစိုးရက ဥရောပသမဂ္ဂ နဲ့ နေတိုးအဖွဲ့ထဲဝင်ဖို့ကြိုးစားလာပြီး ကရိုင်းမီးယား ကျွန်းဆွယ်မှာ တပ်ချထားတဲ့ ဌာနချုပ်ကို ဖယ်ရှားဖို့လုပ်လာတဲ့အခါမှာတော့ ရုရှားရဲ့ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး ကရိုင်းမီးယားမှာ ခွဲထွက်ပုန်ကန်မှုဖြစ်အောင်လုပ်ပြီးတော့ ရုရှားနိုင်ငံထဲ ဆွဲသွင်းလိုက်တော့တာပါပဲ။

 အဲဒီနောက် ရုရှားရဲ့ နောက်ကွယ်က အားပေးထောက်ခံမှုနဲ့ ဒနိုက်ပါမြစ်အရှေ့ခြမ်းက ရုရှားနွယ်ဖွားတွေက ခွဲထွက်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး ပြည်တွင်းစစ် ဖြစ်လာခဲ့ပါတယ်။

 ၂၀၁၅မှာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမဲ့ လက်တွေ့မှာ အောင်မြင်မှု အပြည့်အဝမရှိဘဲ တိုက်ခိုက်မှုတွေကဆက်ဖြစ်နေခဲ့တာပါ။ 

ရုရှားနဲ့ အဆင်ပြေတဲ့ ထရမ့်လက်ထက်မှာ အမေရိကန်က ဒီအရှုပ်ထုပ်ပြဿနာကို သိပ်မဖွခဲ့ပေမဲ့ ရုရှားကို မုန်းတီးလှတဲ့ ဘိုင်ဒင်လက်ထက်မှာတော့ ဒီမီးတောက်က ပြန်တောက်လောင်လာတာဖြစ်ပါတယ်။ 

၂၀၂၀ စက်တင်ဘာမှာ ယူကရိန်းသမ္မတဇဲလင်းစကီးက နေတိုးထဲဝင်ဖို့ ယူကရိန်းရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသား လုံခြုံရေး မဟာဗျူဟာမှာ အတည်ပြုခဲ့ပါတယ်။

 ၂၀၂၁စက်တင်ဘာမှာ ဇဲလင်းစကီး ဘိုင်ဒင်နဲ့တွေ့တော့ ပူးတွဲကြေညာချက်မှာ ဘိုင်ဒင်က ယူကရိန်း နေတိုးထဲဝင်ဖို့ ကိစ္စကိုထောက်ခံခဲ့ပြီး မဟာဗျူဟာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကတိပြုခဲ့ပါတယ်။

 ငွေကြေးအားဖြင့်လည်း ၂၀၂၁အတွက် အမေရိကန်က ထောက်ပံ့တဲ့ ဒေါ်လာ သန်း၄၀၀ အပြင် လုံခြုံရေးအတွက် သန်း၆၀ ထပ်ပေးခဲ့ပါတယ်။

 ၂၀၁၄ကစပြီး အမေရိကန်က ယူကရိန်းကို ထောက်ပံ့ခဲ့တာ ဒေါ်လာ ၂.၄ ဘီလျံရှိပြီ လို့ဆိုပါတယ်။ 

တစ်ဘက်မှာလည်း ရုရှားက ၂၀၂၁စက်တင်ဘာလက စပြီး ယူကရိန်းဘက်နယ်ခြားဒေသမှာ တပ်အင်အား အလုံးအရင်း ပြောင်းရွှေ့ချထားလာပါတယ်။ 

အဓိက အင်အားစုက အမှတ်(၄၁) တပ်ပေါင်းစု တပ်တော် (41st Combined Arms Army) ဖြစ်ပါတယ်။

 ဒီတပ်ဖွဲ့က ဘဲလာရုစ်နိုင်ငံထဲမှာလည်း ပူးတွဲ စစ်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာ ယူကရိန်းနယ်စပ်နားတဝိုက် တပ်ဖြန့်ထားတယ်လို့ဆိုပါတယ်။ 
 

နေတိုး ဘက်ကလည်း ရုရှားရဲ့ အနောက်ဘက် နယ်စပ်တဝိုက်မှာ တပ်တွေ တိုးချဲ့ချထားမှုတွေလုပ်လာခဲ့သလို အမေရိကန်နျူကလီယာလက်နက်တစ်ချို့ကိုလည်း ရုရှားနယ်စပ်နားမှာ ဖြန်ချထားဖို့အထိ လုပ်လာခဲ့ပါတယ်။ 

ဒီအခြေအနေတွေက ရုရှားနဲ့ယူကရိန်းအကြားတင်းမာမှုတွေ မြင့်တက်လာစေပြီး ရုရှားက ယူကရိန်းကို မကြာခင် ဝင်တိုက်တော့မယ်ဆိုတာမျိုးအထိ သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။ 

သုံးသပ်ချက် 
*************

ဒီအနေအထားကို သုံးသပ်ရမယ်ဆိုရင် ရုရှားက မဟာဗျူဟာလုံခြုံရေးအတွက် သူ့ရဲ့ near abroad လို့ခေါ်တဲ့ အပြင်စည်း နယ်မြေတွေကို ထိန်းချုပ်နိုင်ရေးဟာ အဓိက အကျိုးစီးပွားဖြစ်နေပါတယ်။ 

ဒါကြောင့် ယူကရိန်းကို သူ့ဩဇာအောက်မှာ မဖြစ်မနေ ထားချင်တာဖြစ်ပါတယ်။ 

ဒါပေမဲ့ နိုင်ငံတစ်ခုကို အကြောင်းပြချက်မရှိဘဲ ဝင်တိုက်ဖို့က မဖြစ်နိုင်ပါဘူး။

 ရုရှားအတွက် အဲဒီအကြောင်းပြချက် red line ဟာ သူ့နယ်စပ်ကို သူ့ရန်ဘက်ဖြစ်တဲ့ နေတိုးတပ်ဖွဲ့တွေ ရောက်ရှိ ခြိမ်းချောက်လာမှုပါပဲ။ 

 ယူကရိန်းက နေတိုးထဲ မဝင်သရွေ့ ရုရှားက ယူကရိန်းကို ဝင်တိုက်မှာ မဟုတ်ပါဘူး။ 

တစ်ဘက်ကိုကြည့်ရင်လည်း အင်အားနိုင်ငံရေးအရ အမေရိကန်ဟာ အကျဘက်ကိုရောက်နေပြီး ဘိုင်ဒင်ကိုယ်တိုင်ကလည်း စစ်တိုက်ချင်သူမဟုတ်တဲ့အတွက် ရုရှားက ဝင်တိုက်ရင်တောင် အမေရိကန်တပ်တွေကို စေလွှတ်ဖွယ်မရှိပါဘူး။ 

အခု လေထဲမှာ ပြောဆိုနေကြတာတွေ၊ တပ်အင်အားတွေ လက်နက်တွေ အင်အားပြနေကြတာတွေ အကုန်လုံးဟာ deterrence ဆိုတဲ့ ဟန့်တားနိုင်ရေးအတွက် ဟိန်းလုံး ဟောက်လုံး ခြောက်လုံး bluff တွေပဲ ဖြစ်နိုင်ပါတယ်။ 

အင်အားအရဆိုရင် ရုရှားက သူ့အိမ်ကွင်းမှာ သူကြိုက်သလောက် အင်အားသုံးနိုင်တဲ့အတွက် စင်ပေါ်ကရောက်နေတယ်လို့ ပြောနိုင်ပါတယ်။

 အမေရိကန်အတွက်ကတော့ တစ်ဘက်မှာလည်း တရုတ်နဲ့ တိုင်ဝမ်ကိစ္စ၊တောင်တရုတ်ပင်လယ်ကိစ္စ၊ မြောက်ကိုရီးယားကိစ္စတွေလည်း ရှိနေတော့ ဗျာများနေရမယ့် အနေအထားရှိပါတယ်။ 

လက်ရှိအနေအထားမှာ နှစ်ဘက်စလုံးကို တစ်ပြိုင်တည်း နိုင်အောင်တိုက်ဖို့မပြောနဲ့ ရုရှား သို့မဟုတ် တရုတ် နိုင်ငံတစ်ခုတည်းကိုတောင် နိုင်ဖို့ မလွယ်တဲ့ အခြေအနေရှိနေတာပါ။ 

စီးပွားရေးပိတ်ဆို့မှုတွေ လုပ်မယ်ဆိုပေမဲ့ ဒါကလည်း နှစ်ဘက်သွားဓါးလို နှစ်ဘက်စလုံး ထိခိုက်နိုင်မယ့် အလားအလာရှိပါတယ်။ 

ရုရှားကို အမေရိကန်ဒေါ်လာ သုံးမရအောင် ဒေါ်လာနဲ့ငွေလွှဲမရအောင်လုပ်ဖို့များပေမဲ့ ရုရှားကလည်း ဒါကိုမျှော်မှန်းပြီး သူ့ရဲ့ အဓိက ဖောက်သည်တွေနဲ့ ကုန်သွယ်ရာမှာ ကိုယ်ပိုင်ငွေကြေးတွေ အသုံးပြုရောင်းဝယ်ဖို့ လုပ်နေတာကြာပြီဖြစ်ပါတယ်။ 

ကမ္ဘာမှာ ဒေါ်လာအသုံးနည်းလာတာနဲ့အမျှ ဒေါ်လာဈေးကျပြီး ငွေဖောင်းပွမှုနဲ့ ရင်ဆိုင်လာရမှာဖြစ်ပါတယ်။

 ပင်လယ်နက် ဖြတ် Nord Stream ရုရှားဓါတ်ငွေ့ပိုက်လိုင်းကို အမေရိကန်ဖိအားကြောင့် ဂျာမနီက ပိတ်မယ်ဆိုရင်လည်း တကယ် ဓါတ်ငွေ့မရမှာက ဓါတ်ငွေ့လိုအပ်တဲ့ ဂျာမနီပဲဖြစ်မှာပါ။ 

အပြန်အလှန်အနေနဲ့ ယူကရိန်းကိုလည်း ရုရှားက ဓါတ်ငွေ့ရောင်းမပေးတော့ရင် ယူကရိန်းလည်း ဒုက္ခရောက်မှာ ဖြစ်ပါတယ်။ 

အမေရိကန်အတွက် အားပြုနိုင်တဲ့ အဓိက နည်းလမ်းကတော့ စစ်တုရင်စကားနဲ့ပြောရင်၊ ရှေ့တန်းမှာ ထိုးကျွေးမယ့် နယ်ရုပ်ကို တင်ထားပြီး စစ်ကဲ၊ မြင်းတို့လို လက်အောက်ခံ မဟာမိတ် ပါဝါတွေနဲ့ ဝန်းရံ ပေးထားမှာ ဖြစ်ပါတယ်။

 ဘုရင်မကြီးကတော့ လွတ်ရာကျွတ်ရာ လုံခြုံတဲ့နေရာကနေ ထောက်ထားပေးတာမျိုးပဲ လုပ်နေမယ့်သဘောရှိပါတယ်။ 

ရုရှားကလည်း ယူကရိန်းလို ဝိတ်တန်းမတူတဲ့ နိုင်ငံငယ်ကလေးကို နာမည်အပျက်ခံပြီး ကိုယ်တိုင် ဝင်တိုက်မှာမဟုတ်ပါဘူး။ ရှိပြီးသား ရုရှားနွယ်ဖွားခွဲထွက်ရေးအဖွဲ့တွေကို နောက်ကွယ်က လူအား ပစ္စည်းအားနဲ့ ဖြည့်တင်းပေးပြီး ဒနိုက်ပါမြစ် အရှေ့ခြမ်းကို အပြည့်ထိန်းချုပ်နိုင်အောင် လုပ်ထားမယ့်သဘောရှိပါတယ်။ 

နယ်ရုပ်အဖြစ် ထိုးကျွေးခံ တိုင်းပြည်ငယ်လေးတွေကတော့ ကြားခံတိုင်းကြပ်ဘဝမှာ အဖိကြိတ်ခံဘဝနဲ့ ကြေမွပျက်စီးမှုလမ်းကြောင်းကို ရင်ဆိုင်ရင်း ဒုက္ခများကြရတဲ့ ဘဝကို သင်ခန်းစာယူ မြင်တတ်ကြစေဖို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးကိုကိုလှိုင်