Monday, August 9, 2021

ပိုးမွေးသမား 🍁


မနေ့က မတ္တရာမှာ လက်နက်တွေ တစ်ထောကြီးမိတဲ့သတင်း တက်လာတယ်။ ဒေါသထွက်လိုက်တာ။ တစ်ခွန်းတည်းပြောရရင် စော်ကားခံရသလိုလည်း ခံစားရတယ်။ အဲဒီလက်နက်တွေက ဘယ်သူတွေကို သတ်ဖို့ ဒီလောက် အားကြိုးမာန်တက်သွင်းလာရတာလဲ။

မိတာတောင် ‌ဒီလောက်ဆိုတော့ လွတ်သွားတာတွေ ဘယ်လောက်ရှိမလဲ - လို့ ကျွန်တော် မတွေးချင်ဘူး။ ရင်းမြစ်... အဲဒီ လက်နက်တွေရဲ့ ရင်းမြစ်ကြီးကို ဘာလို့ မဖြိုချသေးတာလဲ။ အဲဒီရင်းမြစ်ရှိနေသရွေ့ လက်နက်တွေက စီးဝင်နေဦးမှာပဲ။ တပ်ဖွဲ့ရယ်လို့ ဖွဲ့ထားတာမဟုတ်ရင် Lone Wolf တွေကို ဘယ်သူမှ မတားဆီးနိုင်တာလက်တွေ့ပဲ။ အဲဒီရင်းမြစ် ကေအိုင်အေကို မွေးထားတာက အကွက်ရွှေ့လှတာမဟုတ်ဘူး။ ရူးတာ။ 

ထပ်ပြောရရင် ကေအိုင်အေဆီက အဲဒီလက်နက်တွေက ပြည်မကြီးထဲကို ကိုယ်ပျောက်ပြီး ဝင်လာတာလည်းမဟုတ်ဘူး။ လမ်းခရီးအရှည်ကြီး ဖြတ်လာရတာ။ အဲဒီလမ်းကြောင်းတွေကို ဖြတ်မခုတ်နိုင်ဘူးဆိုကတည်းက ထောက်လှမ်းရေး မဟားတရား ညံ့တာ။ အဲဒီလို ထောက်လှမ်းရေး ညံ့ဖျင်းမှုတွေကြောင့် ဘယ်အရာကိုမှလည်း လက်ဦးမှုရယူ တားဆီးနိုင်တာမရှိဘူး။ ကိုယ်တွေမှာ ဥပဒေဘောင်ထဲက နေရင်းပဲ ပြန်အသတ်ခံရမယ့်ကိန်း ဆိုက်နေတာမျိုး။ နိုင်ငံရေး ပါတီတွေကို တွန်းဖို့တောင် ပြန် အားနာရတဲ့ထိ။

ထောက်လှမ်းရေးဆိုတာက မြေပြင်သတင်းလောက် စပ်စပ် စပ်စပ် ရရုံနဲ့ အလုပ်မဖြစ်ဘူး။ ရန်သူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းအတွင်းစည်းထဲထိ လူမွေးပြီးထည့်ရတာ။ Eli Cohen တို့၊ Wolfgang Lotz တို့လိုမျိုး တန်ဖိုးကြီးသူလျှိုကြီးတွေက ရပ်ကွက်ထဲက သတင်းလောက်နဲ့ နာမည်ကြီးတာမှ မဟုတ်တာ။ အခုလို သေရေးရှင်ရေးလည်း ဖြစ်ရော၊ ကြီးမြတ်တဲ့ တပ်မတော်ကြီးက ဘာ ထောက်လှမ်းရေးအင်အားစုကိုမှ မွေးမြူလေ့ကျင့်မထားဘူးဆိုတာ ပေါ်လာတယ်။ ထောက်လှမ်းရေးကို အားပြုရမယ့် Urban Insurgency တွေနဲ့လည်း ကြုံရော၊ အဲဒီမှာ မဟာအရှက်တော် ဗြန်းဗြန်းကွဲရော။

ဒီကြားထဲ ထွန်းမြတ်နိုင်က ကွန်ဖက်ဒရိတ် လေသံပစ်တယ်။ စနိုက်ပါကြီးနဲ့ ဟန်ရေးပြတယ်။ နီပိန်းပါတီ အစိုးရလက်ထက်ဆိုရင်တော့ အစိုးရနဲ့ စစ်တပ် အစေးမကပ်လို့ လို့ ပြောလို့ရပေမဲ့ အိမ်စောင့်အစိုးရ လက်ထက်ကြီးကျတော့ လုံးဝကို လူမလေး ခွေးမခန့်လုပ်ပြတာမဟုတ်ဘူးလား။ တပ်မတော်ထဲမှာရော အဲဒီသူပုန်လို စနိုက်ပါ အကောင်းစားကြီး ရှိလား။ သုံးနိုင်လား။ စနိုက်ပါ စစ်သည်တွေကိုရော အားကောင်းအောင် မွေးမြူထားသေးလား။ ထောက်လှမ်းရေးလို အကုန် ရေစုန်မျောနေရင်တော့ အကျိုးနည်းရချည့်။ စနိုက်ပါလက်နက်တွေနဲ့ စနိုက်ပါစစ်သည်ဆိုတာ အရမ်းတန်ဖိုးရှိတယ်နော်။ ထုတ်လုပ်နိုင်ပြီလား။ လေ့ကျင့်နိုင်ပြီလား။ သူပုန်ကတောင် ဟန်ရေးပြနေပြီ။

မြင်ရသလောက် ကိုယ်တွေရဲ့ တပ်မတော်ကြီးဆိုတာကလည်း စစ်ကြောင်းများချီလိုက်ရင် ဝန်စည်စလယ်တွေ၊ ခြင်းကျားကြီးတွေလွယ်ပြီး အိပဲ့ အိပဲ့နဲ့။ တခါတလေ တွေးမိပါတယ်။ ငါသာ ငပွေးဆိုရင် ဒီလောက်နှေးတဲ့ပစ်မှတ်တွေကို ချောင်းပစ်မှာပဲ.. လို့။ ဘာ Cover မှလည်း မပါဘူး။ သေချင်လို့ အဲဒီလို လုပ်နေရလား။ Armoured Personnel Carrier မသုံး ဘာမသုံးနဲ့။ ရှေးရိုးစွဲတာလား၊ စစ်သည်တွေကို တန်ဖိုးမထားတာလားပဲ။ 

နောက်တစ်ခု မနေ့ကပဲ USDP ကိုပြောခဲ့တဲ့ တုန့်ပြန်မှု။ ကိုယ့်ဘက်ကို ရန်စတိုက်ခိုက်ခံရပြီး အထိအခိုက်ရှိတဲ့အခါ မဖြစ်မနေ တုံ့ပြန်ဖို့လိုမယ်။ အရှေ့အလယ်ပိုင်းမှာဆိုရင် အဲဒါကို မူဝါဒတစ်ခုလိုကို ကျင့်သုံးတာ။ အစ္စရေးကို လာထိတယ်နော်။ သေဖို့သာပြင်ထား - ဆိုတာမျိုး။ ဒါမျိုးကို စစ်တပ်ကတောင်မလုပ်မှတော့ ပါတီကို သွားပြောမနေတော့ဘူး။ ငပွေးတွေကဖြင့် မခန့်လွန်းလို့ လက်နက်တောင် Import လုပ်နေပြီ။ အခုထိ NCA မူဘောင်ကို ပါးစပ်ဖျားကမချတဲ့ လူကြီးမင်းများနဲ့တော့ ကျက်သရေ အဖြာဖြာတုံးတယ်။ ကြားထဲက အရပ်သားတွေက သေလို့မပြီးတော့ဘူး။ စစ်ရုံးထဲကနေ ထိုင် စိတ်ကူးယဉ်နေကြ။ အဲဒီမှာ...

ပြောရရင်တော့ စိတ်တိုင်းမကျဘူးဗျာ။ ဘယ်အရာမှ စိတ်တိုင်းကိုမကျဘူး။ 

- ဒီလောက် နှစ်ပေါင်းများစွာကြာတာတောင် ထောက်လှမ်းရေးကို စနစ်တကျ မမွေးမြူခဲ့တာလည်း စိတ်ပျက်တယ်။ ထိပ်ပိုင်းကို စိမ့်ဝင်ထိုးဖောက်ဖို့ဆိုတာ ဝေလာဝေးပဲ။ 

- သတင်းမှ မရတာ။ လက်ဦးမှုရယူ တားဆီးတာမျိုး မလုပ်နိုင်သလို၊ လမ်းကြောင်းကို ဖြတ်တား တာလည်း မလုပ်နိုင်ဘူး။ ငုတ်တုတ် အရှက်ကွဲနေကြ..

- အဲဒီလို ရှေးရိုးစွဲ ပုံတုံးနေလို့လည်း ငပွေးတွေက ဇောင်းကြွလာတာ စနိုက်ပါကြီးနဲ့ဟန်ရေးပြပြီး ကွန်ဖက်ဒရိတ်ကြေညာမယ့်ထိ မျက်နှာပြောင်တိုက်လာရောပဲ။ 

- ဟိုကဖြင့် လူမွေး၊ လက်နက်တပ်ဆင်ပြီး ရောင်းတောင်စားနေပြီ။ အသုံးမကျချက်က အခုထိ NCA ကို ပါးစပ်ဖျားက မချဘူး။ 

- ပင်မ တပ်မတော်ကြီးမို့ ငပွေးတွေထက် နည်းနည်း အင်အားကြီးနေတာကလွဲရင် နည်းဗျူဟာက အားနည်း၊ အထောက်အကူပြု ယာဉ်၊ လက်နက်ပစ္စည်းတွေက မသုံးနိုင်၊ ပြည်တွင်းသောင်းကျန်းမှုကြီး သက်ဆိုးရှည်ပြီး သူပုန်တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ တိုးလာတာကလွဲရင် ဘာမှ မထူးဘူး။ 

အမှန်အတိုင်းပြောမယ်ဗျာ။ ငှက်ပျောအူပြုတ်စားပြီး တောတိုးနေတာကိုမြင်ရတာက ရင်နာစရာကောင်းတယ်ဆိုတာ လော့ဂျစ်တွေကို ထည့်မတွေးခင်ထိပဲကောင်းတယ်။ ဖြစ်သင့်တာတွေထိ ထည့်စဉ်းစားလိုက်ရင် ထိပ်ပိုင်းက အသုံးမကျတာတွေမှ အများကြီး။ 

တပ်မတော်ကတော့ အာဏာယူထားတာပဲ။ စစ်တပ် အဆင်ပြေလားဆိုရင် စစ်တပ်လည်း အဆင်ပြေမနေဘူး။ အရပ်သားတွေလား ပိုဆိုး။ အခု အိမ်တွင်းသပိတ် ဆိုရင် လိုက် သပိတ်ရပြန်ပြီ။ တစ်မြို့လုံး ဈေးဆိုင်တွေ ပိတ်ရမယ်ဆိုရင် ပိတ်ကြရပြန်ပြီ။ လဒံတဲ့ဟေ့၊ အစိမ်းတဲ့ဟေ့ - ဆိုရင် သေကြရပြန်ပြီ။ အုပ်ချုပ်ရေးမှူးတဲ့ဟေ့ - ဆိုရင် ပစ်သတ်ခံကြရပြန်ပြီ။ သိပ်ကြည့်ကောင်းနေကြလား။ 

ဘယ်ဗွက်အိုင်မှာ ပိုးတွေပွားနေမှန်းလည်း သိတယ်။ တစ်ပြည်လုံးကို အကြမ်းဖက်ပိုးတွေဖြန့်နေမှန်းလည်း သိတယ်။ ဒါကို နာမည်ကောင်းလိုချင်ဇောနဲ့ မွေးထားရင်တော့ .... 

ယုတ်မာတာလို့ခေါ်တယ် ... လူကြီးမင်းတို့ ...

သန့်နေစိုး (9. Aug. 2021)
*
*
*