Sunday, September 19, 2021

အတိတ်မှ မြန်မာ့ တပ်မတော်၏ အခက်ခဲဆုံး ကာလများ

၁၉၄၈၊ ဧပြီလ ၂ ရက်နေ့ ဖြစ်သည်။ လွတ်လပ်ရေးရပြီးကာစ တိုင်းပြည်နှင့် ဖဆပလအစိုးရမှ ဝန်ကြီးချုပ် ဦးနုရေးထိုးခဲ့သော နုအက်တလီစာချုပ်ကို မကြေနပ်သော ဗကပ လက်နက်ကိုင်များက ပထမဆုံး ဆူပူမှုကို စတင်ခဲ့သည်။ ပဲခူးတိုင်း၊ ပေါက်ကုန်းကြီး ကျေးရွာတွင် အစိုးရ လက်အောက်ခံ တပ်မတော်နှင့် ဗကပ လက်နက်ကိုင်တပ်တို့၏ ပထမဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၁၉၄၈ မတ်လ၂၈ရက်နေ့တွင် သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် ဖဆပလအစိုးရကို တော်လှန်ပုန်ကန်ကာ တောခိုခဲ့သည်။ ကွန်မြူနစ်ပါတီက တောခိုပြီးသည်နှင့် ဖဆပလအစိုးရအား ပုန်ကန်မှု့များပြုလုပ်သွားမည်ဟု ကြေငြာကာ အနယ်နယ်အရပ်ရပ်တွင် ဆူပူအုံကြွမှုများ စလေတော့သည်။

၁၉၄၈၊ ဇူလိုင်လ ၂၂ ရက်နှင့် ၂၉ရက်နေ့များတွင် ရဲဘော်ဖြူများသည် လက်နက်ကိုင်၍ တောခိုခဲ့ကြသည်။ ကွန်မြူနစ်များကဲ့သို့ တိုင်းပြည်အစိုးရကို ပုန်ကန်ခြားနားခဲ့သည်။ ၁၉၄၈၊ သြဂုတ်လ ၁ ရက်နေ့တွင် ဖဆပလအစိုးရက ဗိုလ်ချုပ်နေဝင်းအား တပ်မတော် စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ တိုင်းပြည်၏ ဆူပူအကြမ်းဖက်မှု့များကို တပ်မတော်၏ ဆုံးဖြတ်အချက်အတိုင်း ဖြေရှင်းခွင့် ပေးခဲ့လေသည်။

၁၉၄၈၊ သြဂုတ်လ ၃ ရက်နေ့တွင် KNDOအဖွဲ့ လက်နက်ကိုင်များက သထုံခရိုင်ကို သိမ်းပိုက်ခဲ့ကြပြီး သြဂုတ်လ ၇ ရက်နေ့မှာ KNDOလက်နက်ကိုင်များနှင့် ကရင်စစ်ရဲများက မအူပင် ငွေတိုက်၊ အိမ်မဲ ငွေတိုက်တို့ကို
ဖောက်ပြီး ငွေများယူဆောင်ကာ တောခိုခဲ့ကြသည်။ ငှင်းအပူနှင့် တိုင်းပြည်က မကျန်းမမာရှိနေချိန်တွင် သြဂုတ်လ ၈ ရက်နေ့တွင်လည်း သရက်မြို့မှ ဗမာ့လက်နက်ကိုင် တပ်ရင်းနှင့် မင်္ဂလာဒုံမှ တပ်ရင်း (၃) တခြမ်းတို့က အစိုးရကို ပုန်ကန်သည့်အနေနဲ့ ထပ်မံ တောခိုခဲ့ကြပြန်သည်။ တိုင်းပြည်၏ မငြိမ်မသက်မှု့များသည် ရန်ကုန်မြို့အထိပါ ကူးစက်လာခဲ့သောကြောင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန် ကြေညာခဲ့သည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး ၁၉၄၈ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကရင်စစ်ရဲများက တွံတေးမြို့ကို သိမ်းပိုက်ခဲ့ကြသည်။ တွံတေးမြို့ ကရင်စစ်ရဲများလက်အောက်သို့ ကျရောက်ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် KNDOလက်နက်ကိုင်များက မော်ချီးမိုင်းကို သိမ်းပိုက်ခဲ့ပြီး သထုံခရိုင် တစ်ခုလုံး KNDO လက်အောက်သို့ ကျရောက်ခဲ့ရသည်။

၁၉၄၈၊ သြဂုတ်လ ၃၀ ရက်နေ့ ပန်းလုံနှင့် လွယ်လင်ရှိ တပ်မတော် စစ်တပ်မှ ကရင်စစ်သည်များ တောခိုခဲ့ကြသည်။ ကရင် စစ်သည်များ တောခိုပြီး နောက်တစ်နေ့ စက်တင်ဘာလ ၁ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း UAF တပ်မင်းကြီး ဦးတင်ထွဋ်ကို ရန်ကုန်မြို့၊ စပတ်လမ်းတွင် ကားဗုံးခွဲကာ လုပ်ကြံခြင်း ခံရပြီး နောက်တရက်တွင် သေဆုံးခဲ့သည်။

၁၉၄၈၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် မော်လမြိုင်မြို့တစ်ခုလုံးကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ တိုင်းပြည်အတွင်း ကွန်မြူနစ်သူပုန်များ ရဲဘော်ဖြူသူပုန်များနှင့် KNDO သူပုန်များ၏ လက်နက်ကိုင် သောင်းကျန်းမှု့ကြောင့် တိုင်းပြည်ထူထောင်ရေး အခက်ခဲဖြစ်ခဲ့ရသည်။  ၁၉၄၈၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်က ပြည်ထောင်စု တစ်ခုလုံး ရင်မအေးဖွယ်ရာ ဆိုးရွားသော အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြည်သူလူထုကို ကြေညာခဲ့လေသည်။ ထိုအချိန်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကြီးမှုးသည့် ငြိမ်းချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းများ ထောက်ခံပွဲ ကျင်းပပြီး ပိုမိုပြင်းထန်လာမည့် ပြည်တွင်း စစ်မီးကို တားဆီးရန် ကြိုးစားခဲ့ကြသည်။ သို့သော် အောင်မြင်ခြင်း မရှိခဲ့ပါချေ။

၁၉၄၉၊ ဇန်နဝါရီလ ၁၆ ရက်နေ့ မြန်မာ့တပ်မတော်မှ ကရင်အမျိုးသား ဗိုလ်စောဂျက် ခေါင်းဆောင်ပြီး
ရေတပ်သင်္ဘောနှစ်စီး ပုန်ကန်ကာ ကေအင်ဒီအို ၂၀၀၀ ခန့်က ပုသိမ်မြို့ကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။ ထိုဇန်နဝါရီလထဲ ၂၇ ရက်နေ့မှယ တောင်ငူတွင် စခန်းချထားသည့် အမှတ် ၁၊ ကရင် သေနတ်ကိုင်တပ်ရင်း
တစ်ရင်းခုလုံးက အစိုးရနှင့် တပ်မတော်ကိုပုန်ကန်ပြီး တောင်ငူမြို့ကို သိမ်းပိုက်ခဲ့ကြသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အင်းစိန်တဝိုက်ရှိ သမိုင်း၊ ခဝဲခြံ၊ စော်ဘွားကြီးကုန်း စသည့် ဆင်ခြေဖုံးရပ်ကွက်များတွင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်များ တိုက်ပွဲငယ်များ စတင်ဖြစ်ပွားခဲ့သည်။

တိုင်းပြည်၏ ဆူပူအုံကြွမှု အခြေအနေ ပိုမိုဆိုးရွားလာချိန်တွင် ၁၉၄၉၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ဦးစီးချုပ်စစ်သေနာပတိ အဖြစ်မှ
အနားပေးပြီး ဗိုလ်ချုပ်နေဝင်းကို စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့သည်။

၁၉၄၉၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် တိုင်းပြည်၏ဆူပူအကြမ်းဖက်မှုများကို ဖန်တီးနေသော KNDO အဖွဲ့အား တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။ ရန်ကုန်မြို့၊ အလုံရှိ ကရင်ရပ်ကွက် ပြဿနာ ပေါ်ပေါက်ကာ ကရင်ရပ်ကွက် မီးရှို့ခံခဲ့ရသည်။ KNDO များက အင်းစိန်ကို သိမ်းပိုက်ခဲ့သည်။ KNDOအဖွဲ့ အင်းစိန်ကိုသိမ်းပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ပြည်မြို့ရှိ ကရင်သေနတ်ကိုင်တပ်ရင်းက လက်နက်သိမ်းမခံပဲ အစိုးရကို
ပုန်ကန်ပြီး ပြည်မြို့ကို သိမ်းပိုက်ခဲ့ကြသည်။

ပြည်တွင်းဆူပူသောင်းကျန်းမှု့များကို နှိမ်နင်း၍ မအောင်မြင်သေးခင် ၁၉၅၀၊ မေလ ၂၅ ရက်နေ့တွင် တရုပ်ဖြူတပ်များက နယ်စပ်မြို့ဖြစ်သည့် ကြူကုတ်ကိုဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထိုအခါဦးနုဦးဆောင်သော အစိုးရအဖွဲ့က ၁၉၅၃၊ မတ်လ ၁ ရက်နေ့တွင် KMT တရုပ်ဖြူ ကျူးကျော်မှု ပြဿနာကို ကုလသမဂ္ဂထံ တင်ပြရန် ဖဆပလ အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့သည်။ ၁၉၅၃၊ ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံမှ တရုပ်ဖြူတပ်များ ထွက်ခွာရေးအတွက် သဘောတူညီချက် မူကြမ်း ရရှိပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။

၁၉၅၅၊ စက်တင်ဘာလ ၂၈။ ။ စစ်ဦးစီးချုပ်ကို ကာကွယ်ရေးဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်ကို ဒုတိယ
ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ လေတပ်ဦးစီးချုပ်ကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ပြောင်းလဲ
သတ်မှတ်ခဲ့သည်။ ၁၉၅၅၊ နို၀င်ဘာလ ၁၈နေ့တွင် ပြည်တွင်းစစ် ဖြစ်ပေါ်နေ၍ ပြည်သူတရပ်လုံး ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည့် အခြေအနေမှ ကယ်တင်ရန်ဆိုသည့် ကြွေးကြော်ချက်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) ကို ဖွဲ့စည်းခဲ့ကြသည်။

၁၉၅၇ ခုနှစ်တွင် အိမ်နီးချင်းယိုးဒယားနိုင်ငံတွင် ဖီးမာရှယ်ဆရစ်တာနာရပ်ခေါင်းဆောင်သော စစ်တပ်ကအာဏာသိမ်းလိုက်သဖြင့် ၀န်ကြီးချုပ် မာရှယ် (ဟောင်း) ပီဘူဆွန်ဂယမ်မှာ ရန်သူ ကမ္ဘောဒီးယားနိုင်ငံသို့ မိုးကြိုးငှက် (Thunder Bird) အမည်ရှိကားနှင့် ထွက်ပြေးရသောဓာတ်ပုံ မြန်မာသတင်းစာများ တွင်  “မှန်ကင်းတလှည့်၊ ထင်းတလှည့်” ခေါင်းစဉ်ဖြင့် ပါလာပါသည်။ ထိုစာကို မြင်မြင်ချင်း ဦးနုများစွာ တုန်လှုပ်ခြောက်ခြားသွားရလေသည်။

နောက်နှစ်ရက်အကြာတွင် ၀န်ကြီးချုပ်ဦးနုက မိန့်ခွန်းပြောရာတွင် ဒုတိယကမ္ဘာစစ်ကြီးအပြီး ယခင် ကိုလိုနီနိုင်ငံအများ လွတ်လပ်ရေးရလာကြောင်း၊ လွတ်လပ်စနိုင်ငံအများစုမှာ လက်ဝဲ၀ါဒဘက်သို့ ယိမ်းကြကြောင်း၊ သို့ပါလျှက်နှင့် လုံး၀လက်ဝဲနိုင်ငံအဖြစ်သို့ မရောက်မခြင်း လက်ဝဲအုပ်စုက မကျေနပ်၍ ကွန်မြူနစ်သူပုန်များပေါ်လာကြောင်း၊ အမေရိကန် ခေါင်းဆောင်သော အခြားအုပ်စုကလည်း ကွန်မြူနစ်မဖြစ်ပြီးရောဟုသဘောထားကာ၊ ကွန်မြူနစ်ဆန့်ကျင်သူဆိုလျှင် မည် သူ့ကိုမဆိုထောက် ခံအားပေးကြောင်း၊ ထို့ကြောင့် အမေရိကန်အကူအညီယူသော ဖွံ့ဖြိုးစနိုင်ငံအချို့တွင် ဒီမိုကရေစီ ဆိပ်သုဉ်းသွားပြီး စစ်အာဏာရှင်၊ ဖက်ဆစ်အာဏာရှင်စနစ်များ ပေါ်လာကြောင်းကိုတောင်အမေရိကနိုင်ငံများ၊ ယိုးဒယား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်စသောနိုင်ငံများကို ဥပမာပေး၍ဟောသွားပါသည်။

၎င်းမိန့်ခွန်းတွင် ၀န်ကြီးချုပ်ဦးနုက အချို့နိုင်ငံများတွင် ဒီမိုကရေစီအစိုးရများသည် ကွန်မြူနစ်ကိုအကြောက်လွန်ပြီး  စစ်တပ် ကိုအားကိုးကာ ချဲ့ထွင်ကြကြောင်း၊  ၎င်းကိစ္စမှာ တစ္ဆေကြောက်ပြီး သရဲမွေးသည့်လူနှင့်တူကြောင်း၊  တနေ့တွင် ယခုတောင် အမေရိကနိုင်ငံများ၊ ယိုးဒယား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်စသောနိုင်ငံများက ပြသွားသည့်ဥပမာအတိုင်း ကွန်မြူနစ် တစ္ဆေကိုဟန့်တားနိုင်သော်လည်း စစ်ဖက်ဆစ်၏ဂုတ်ချိုးခြင်းခံလိုက်ရမည်ဖြစ်ကြောင်း စကားပြောတရား ဟောကောင်းသူ ပီပီ ဥပမာ၊ ဥပမေယျ အစုံစုံဖြင့် ပြောသွားခဲ့ပါသည်။ 

ထိုအချိန်က ဦးနု၏ စိတ်ထဲတွင် ကွန်မြူနစ် သူပုန်များ ရဲဘော်ဖြူသူပုန်များ KNDOသူပုန်များနှင့် တောခိုစစ်တပ်မှ ရဲဘော်များကို နှိမ်နင်းရန် တပ်မတော်ကို အားကိုးနေရသော်လည်း မိမိတို့ရရှိထားသော အာဏာကို တပ်မတော်က သိမ်းယူသွားမှာ ကြောက်လန့်၍ နေလေသည်။

၁၉၅၈၊ မေလ ၆ ရက်နေ့ ဦးနုနှင့် သခင်တင် အုပ်စုက သန့်ရှင်းဖဆပလ အဖြစ်၄င်း၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းက တည်မြဲဖဆပလ အဖြစ်၄င်း ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲခဲ့သည်။ ဖဆပလ ၂ခြမ်းကွဲပြီး တိုင်းပြည်အခြေအနေ ပိုမိုစိုးရွားလာသည်နှင့်အမျှ ရခိုင်ပြည်နယ် မောင်တောဒေသတွင်လည်း မူဂျာဟစ်များက တစ်စခန်းထလေတော့သည်။ 

၁၉၆၀ကနေဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်ဘင်္ဂါလီသူပုန်များ၊ KNUများ၊ KNDOများ၏ ရိုက်ခတ်မှု့ဒဏ်ကို မခံနိုင်တော့သော ဦးနုအစိုးရက ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကို ၁၉၆၂မှာ အာဏာလွှဲပြောင်းပေးကာ လုပ်ကိုင်စေခဲ့သည်။

ဦးနုလက်ထဲမှ ဦးနေဝင်းလွှဲပြောင်းယူခဲ့သော မြန်မာနိုင်သည် ကောင်းကွက် တစ်ကွက်မှမရှိပဲ ပြဿနာပေါင်းစုံနှင့် မီးဟုန်းဟုန်းတောက်နေသော ပျက်စီးနေသော နိုင်ငံကြီးသာ ဖြစ်လေသည်။ တပ်မတော်၏ ဦးဆောင်ဖြေရှင်းမှု့ကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားခဲ့ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို တော်လှန်ရေးကောင်စီ တစ်ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော်ကို ၁၉၇၄ ခုနှစ် မတ်လ ၂ရက်နေ့မှာ စတင်ကျင်းပခဲ့ပါသည်။ ယင်းလွှတ်တော်ကြီးတွင် နိုင်ငံတော် သမ္မတအနေဖြင့် ဦးနေ၀င်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစန်းယု၊ ၀န်ကြီးချုပ် အဖြစ် ဦးစိန်၀င်း ၊ ပြည်နယ်နှင့်တိုင်းမှ နိုင်ငံတော် ကောင်စီ၀င် ၁၄ဦး လွှတ်တော်အတွင်းမှ နိုင်ငံတော်ကောင်စီ ၁၄ဦး၊ ၀န်ကြီး အဖွဲ့၀င်၀န်ကြီးများ၊ တရားသူကြီးအဖွဲ့၊ ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့၊ လုပ်ငန်း စီစစ်ရေး အဖွဲအစရှိသည်တို့ကို ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဖွဲ့စည်းခဲ့ပါသည်။ တစ်ပါတီအာဏာရှင်စနစ် ဖြစ်သောကြောင့် ယင်းတာ၀န်ပေးမှုများ အားလုံးသည် ဗဟို ဦးစီး မှု စနစ်ဖြင့် ခန့်ထားပြီး လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံ ခဲ့ကြပါသည်။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး သူရတင်ဦး (လက်ရှိ NLDပါတီမှ နာယက) သည် အသက် အရွယ်အားဖြင့် ငယ် ရွယ်ပြီး ထာ၀စဉ် တက်ကြွ ကာ တပ်မတော်တစ်ခုလုံး၏ လေးစားကြည်ညိုမှုခံရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ ထိုသို့လေးစားကြည်ညိုမှု့ကို အခွင့်ကောင်းယူလာသော ဗိုလ်ချုပ်ကြီးတင်ဦးဟာ တိုင်းပြည်အာဏာသိမ်းရေး လျှို့ဝှက်သတင်းပေါက်ကြားခဲ့သဖြင့် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ဗိုလ်ချုပ်ကြီး တင်ဦး တာ၀န်မှ ရပ်စဲခံရပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး သူရကျော်ထင်သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။

ထိုအချိန်တွင် ဦးတင်ဦးနှင့် အကြံအစည်တူခဲ့သော ဗိုလ်ကြီး အုန်းကျော်မြင့်သည် တိုင်းပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်သည် တစ်ပါတီအာဏာရှင် စနစ်ကြောင့် ကျဆုံးနေသည်ကို ထောက်ပြပြီး နီးစပ်ရာ အရာရှိများကို အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းရန်အတွက် ကြံစည်လေတော့သည်။ ဗိုလ်ကြီး အုန်းကျော်မြင့်သည် ၄င်းနှင့် နီးစပ်သော တိုင်းမှူးများ၏ ကိုယ်ရေအရာရှိများ၊ စစ်ရုံးမှ ၄င်းနှင့် ရင်းနှီးသောဦးစီးအရာရှိများကို ရင်ဖွင့်ပါတော့သည်။ ထိုအချိန်က ထိုလုပ်ကြံမှု့တွင် ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဦးတင်ဦး၊ ဦးတင်ဦးတပည့် စစ်တက္ကသိုလ် အပတ်စဉ် ၅ဆင်း ဦးဝင်းထိန်တို့ ပါဝင်ခဲ့သည်။ ဗိုလ်ကြီး အုန်းကျော်မြင့်၏ အာဏာသိမ်း အာဏာပြန်ယူအုပ်ချုပ်မည့် အကြံအစည် အထမမြောက်ခင် အားလုံးအဖမ်းခံခဲ့ရတယ်။ အုန်းကျော်မြင့်ကို ကြိုးမိန့်၍ ဦးတင်ဦးက ထောင်၇နှစ်ကျကာ ဝင်းထိန်က တာဝန်မှ ရပ်စဲခြင်းခံခဲ့ရသည်။

တိုင်းပြည်ဆူပူမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသော ဦးနုအစိုးရ။ 

တိုင်းပြည်ဆူအကြမ်းဖက်မှု့တွေကြားက အခက်အခဲပေါင်းများစွာနဲ့ တိုင်းပြည်ကို ပြန်တည်ထောင်ခဲ့တဲ့ ဗိုလ်နေဝင်း။

တိုင်းပြည်အေးချမ်းပြီး ကောင်းစားချိန်ရောက်မှ အာဏာရူးပြီး အာဏာလုချင်တဲ့ လူတစ်စု။

တိုင်းပြည်အတွက် ဘယ်သူတွေပေးဆပ်ခဲ့သလဲ ?
အဲ့ဒီအချိန်မှာ တပ်မတော်သာ မရှိခဲ့ရင် ဘာတွေဖြစ်လာနိုင်လဲ ?
ဘယ်သူတွေဟာ ဘယ်ခေတ်ကတည်းက အချောင်လိုချင်နေသလဲ ?
လက်ရှိအချိန်အထိ တပ်မတော်အပေါ် အာဏာရှင်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လုပ်ကြံမှု့တွေဟာ မပြီးဆုံးသေးဘူး ဆိုတဲ့အကြောင်း ခင်ဗျားတို့ အခုခေတ်လူငယ်တွေ သိလောက်သင့်ပြီ ထင်ပါတော့တယ်ဗျာ

18.9.2021
အဲမွန် ဒယာ