Saturday, September 25, 2021

ဓမ္မလား အဓမ္မလား ( ဆောင်းပါးရှည်)


ကိုယ့်ကိုယ်ကိုယ်တော့ ဓမ္မသမားလို့ကြွေးကြော်တယ်။
ကိုယ်နဲ့အကြောင်းမညီညွှတ်သူ၊ သဘောထားချင်းမတူညီသူတွေကိုတော့ အဓမ္မသမားတွေလို့ အပြစ်ဖို့၊ စွပ်စွဲ ၊ ပုတ်ခတ်
အပုတ်ချကြပါလေရော၊ ကိုယ်လုပ်သမျှဓမ္မ၊ ကိုယ်ပြောသမျှ
ဓမ္မ၊ ကိုယ်ကြံစည်သမျှဓမ္မလို့ တစ်ဖက်သတ်၊ တစ်ယူသန်တွေရဲ့စကားတွေ ကြားနေရတယ်။
တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ဓမ္မသမားလို့သတ်မှတ်
မရသလို တစ်ဖက်သားကိုလည်း အဓမ္မသမားတို့ စွပ်စွဲ ပုတ်ခတ် သတ်မှတ်လို့မရပါဘူး။

တရားသဖြင့် လုပ်ဆောင်နေတာ၊ တရားသဖြင့်ပြောဆိုနေတာ၊ တရားသဖြင့်ကြံစည်နေတာကဓမ္မပါ။
မတရားနည်းနဲ့လုပ်ဆောင်နေတာ၊ကိုယ်ကိုယ်တိုင်လုပ်ဆောင်
ပြောဆို၊ ကြံစည်တာတွေက ဓမ္မလား၊ အဓမ္မလားဆိုတာ
ကိုယ့်ကိုယ်ကိုယ်လည်း ဆန်းစစ်လို့ရပါတယ်။
ကိုယ်လုပ်သမျှအလုပ်၊ ကိုယ်ပြောသမျှစကား၊ ကိုယ်ကြံစည်
သမျှအကြံအစည်တွေက ဓမ္မလား၊ အဓမ္မလားဆိုတာကို
ဖော်ညွှန်းနေတဲ့ အညွှန်းပြတွေပဲမဟုတ်ပါလား။
အချို့က ကိုယ်လုပ်တဲ့အလုပ်၊ ကိုယ်ပြောတဲ့စကား၊
ကိုယ်ကြံစည်တဲ့ အကြံအစည်ကအဓမ္မဖြစ်နေပြီး 
ကိုယ့်ကိုယ်ကိုယ်ဓမ္မသမားလို့ ပြောနေကြပြန်တယ်။အဲဒီလို
ပြောသူတွေကတော့ အဇ္ဈတ္တထဲကကိန်းအောင်းနေတဲ့အဓမ္မ
ကိုဖုံကွယ်ထားဖို့၊ ဗဟိဒ္ဓအပြင်ပိုင်းမှာ ဓမ္မအရေခြုံထားသူများ
ပါပဲ။ အရေခြုံဓမ္မသမားတွေရဲ့ လုပ်ဆောင်မှု၊ ပြောဆိုမှု၊
ကြံစည်မှုတွေက ကောင်းကျိုးချမ်းသာကို တစိုးတစိမျှမပေး
ပါဘူး။ ကောင်းကျိုးမပေး၊ ကောင်းကျိုးမပြုသူတွေက
ဘယ်လိုပင်ဓမ္မအရေခြုံထားလင့်ကစားအဓမ္မရုပ်လုံးက
ပေါ်နေတာပါပဲ။ အဓမ္မရုပ်လုံးကိုဓမ္မအရေခြုံပြီး ဖုံးကွယ်ထား
လို့မရပါဘူး။ ယနေ့ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ
လည်းပဲ အဓမ္မသမားတွေက ဓမ္မသမားပါလို့ကြွေးကြော်နေပြီး
ဓမ္မသမားတွေကိုတော့ အဓမ္မသမားတွေပါလို့ ပုတ်ခတ်စွပ်စွဲ
နေကြပါရော။ တကယ်တော့ သူခိုးကလူဟစ်နေတာပါ။

ယနေ့ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ရင်
NLD ပါတီအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ
ရွေးကောက်ပွဲမဲသမာမှုဖြစ်စဉ်က စလိုက်တဲ့မီးပွားပါ။
မဲမသမာမှုဖြစ်စဉ်ကလည်း အံ့ဩတုန်လှုပ်ချောက်ချားဖွယ်
ကောင်းလောက်အောင် ကြောက်ခမန်းလိလိဆိုးရွားလွန်းလှ
ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့က ဒို့တာဝန်အရေးသုံးပါးနဲ့
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်သဝေမတိမ်းစေရအောင် ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။
ဒီတော့ လယ်ပြင်မှာဆင်းသွားသလို အထင်းသားပေါ်နေတဲ့
မဲမသမှုဖြစ်စဉ်ကို ညှိနှိုင်းအဖြေရှာပေးဖို့ မြန်မာ့တပ်မတော်ကတင်ပြခဲ့ပါတယ်။
ဒါပေမဲ့ အာဏာရ NLD ပါတီအစိုးရအနေနဲ့ မြန်မာ့တပ်မတော်ကတင်ပြလာတာကို မသိကျေးကျွန်ပြုထားလိုက်
ပါတယ်။ ဖြေရှင်းမပေးဘူး။

NLD ပါတီအစိုးရအနေနဲ့က ဒီမိုကရေစီယဉ်ကျေးမှုနဲ့အညီ
အပြန်အလှန်လေးစားရမှာကို အလေးမထားဘဲ 
ထင်ရာစိုင်းပြလိုက်တာပါပဲ။ မဲမသမှုဖြစ်စဉ်ကိုဖြေရှင်း
မပေးဘဲ လွှတ်တော်ကိုဇွတ်ခေါ်ပြီး နိုင်ငံတော်အာဏာကို
မတရားအဓမ္မနည်းနဲ့ မရမက အရယူဖို့ကြိုးပမ်းတော့တာပါပဲ၊
နိုင်ငံတော်အာဏာကို ငမ်းငမ်းတက်ရယူချင်တဲ့ဇောကလည်း
ငယ်ထိပ်တက်နေတာကိုး၊ NLD ပါတီအာဏာရအစိုးရအနေနဲ့က ဒီမိုကရေစီယဉ်ကျေးမှုကို သွေဖည်ဆန့်ကျင့်ပြီး
လွန်စွာမှားယွင်းတဲ့အမှားကြီးကို ကျူးလွန်လာတယ်။ဒီတော့
မြန်မာ့တပ်မတော်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
အညီ နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ခေတ္တဝင်ရောက်ပြီး
ထိန်းပေးရရှာပါရော။

ပကတိအခြေအနေကို ရိုးရှင်းစွာကြည့်မယ်ဆိုရင်
မြန်မာ့တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို
အသက်နဲ့ထပ်တူတန်ဖိုးထားပြီး လေးစားကာကွယ်
စောင့်ရှောက်တယ်။ NLD ပါတီအာဏာရအစိုးရက 
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမ်းကျိန်သစ္စာဆိုပြီး
အစိုးရတာဝန်ကို ရယူခဲ့တာ ဖြစ်လင့်ကစား ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအရပ်ရပ်ကို မလေးမစား
မထီမဲ့မြင်ပြုတယ်။ ထင်ရာစိုင်းတယ်။ ဒါတွေကိုလည်း
ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားမြင်တွေ့နေရပါတယ်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအတွက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံတော်ရဲ့ အသက်ပါ၊
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာရအစိုးရရော
နိုင်ငံသူနိုင်ငံသားများအားလုံးကပါ အသက်တမျှတန်ဖိုးထားပြီး လေးစားလိုက်နာကြရမှာပါ။စောင့်ရှောက်ကာကွယ်ကြရမှာပါ။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးင်္သးကလည်း နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုလို့
မရပါဘူး။ လေးစားလိုက်နာကြရမှာပါ။
နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို မထီမဲ့မြင်၊ 
မသိကျေးကျွန်းပြုပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ကြီး
ကို ယိမ်းယိုင်တိမ်းစောင်းအောင် ကြံစည်ဆောင်ရွက်ခြင်းက
မတရားတဲ့အမှုကို ပြုမှုဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကမ္ဘာ့အလယ်မှာ
အချုပ်အခြာအာဏာပိုင်နိုင်ငံတော်အဖြစ် တည်တည်တံ့တံ့
ခံ့ခံ့ထည်ထည်ရပ်တည်နေနိုင်အောင် ကြိုးပမ်းဆောင်ရွက်
ခြင်းက တရားတဲ့အမှုကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်အာဏာကို အဓမ္မရယူလိုတဲ့ NLDပါတီအနိုင်ရ
အစိုးရရဲ့ အဓမ္မလုပ်ဆောင်မှုတွေကြောင့်
မြန်မာ့တပ်မတော်ကနိုင်ငံတော်အာဏာကိုခေတ္တထိန်းပြီးတဲ့
နောက်မှာတော့ NLDပါတီကိုလိုလားသူအချို့က
မကြားဝံ့မနာသာအဖျက်လုပ်ငန်းတွေကိုလုပ်ဆောင်လာကြ
ပြန်ရော။ ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ရင်နင့်စရာ၊
 ခံပြင်းစရာအကောင်းဆုံးကတော့ သာ့သနာ့ဝန်ကို
ဆောင်တော်မူနေကြတဲ့ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို စော်ကားပုတ်ခတ်လာတာတွေပါပဲ။ ငါနဲ့မတူ ငါ့ရန်သူ
ဆိုပြီး အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးတာတွေ၊
အကြောင်းမဲ့သတ်ဖြတ်တာတွေကိုလည်း လက်ရဲဇက်ရဲ
လုပ်ဆောင်လာကြတယ်။ ဒီတော့ အချုပ်အခြာအာဏာပိုင်တဲ့
နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်ပေးကြရပြန်ရော။

ယထာဘူတကျကျကြည့်မယ်ဆိုရင် "အမျိုးဘာသာ၊ သာသနာ
က်ု စော်ကားပုတ်ခတ်သူ၊ တစ်မျိုးသားလုံးရဲ့ အမျိုးသားရေး
အကျိုးစီးပွားကိုပျက်စီးအောင် အကြမ်းဖက်ဖျက်ဆီးသူ
အဓမ္မသမားများကို မြင်တွေ့နိုင်သလို တစ်မျိုးသားလုံးရဲ့
အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်သူ၊ အမျိုးဘာသာ
သာသနာ အမျိုးသားရေးစရိုက်လက္ခဏာများနဲ့ အချုပ်အခြာ
အာဏာပိုင်နိုင်ငံတော်ရဲ့ပုံရိပ်ကိုမထိခိုက်စေရအောင်
ကာကွယ်စောင့်ရှောက်ပေးနေသူ" ဓမ္မသမားတွေကို
ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ ယနေ့ကာလမှာ
မည်သူတွေက ဓမ္မ၊ မည်သူတွေက အဓမ္မဆိုတာ
 ကွဲပြားလာပါပြီ။

ယနေ့ကမ္ဘာ့နိုင်ငံတော်များများမှာ ကမ္ဘာကပ်ရောဂါကူးစက်
မြန်ကိုဗစ်ရောဂါဆိုးကို ရင်ဆိုင်နေကြရတာပါ။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတိုင်းက နိုင်ငံအလိုက် အင်နဲ့
အားနဲ့ တားဆီး ထိန်းချုပ် ကာကွယ် ကုသပေးနေကြတာပါ။
မိမိတို့နိုင်ငံမှာလည်း လက်ရှိအိမ်စောင့်အစိုးရက နိုင်ငံတကာနဲ့ပူးပေါင်းကာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့အတူ
တက်ညီလက်ညီလက်တွဲပြီး ကိုဗစ်ရောဂါတားဆီးထိန်းချုပ်
နိုင်ရေးလုပ်ငန်းစဉ်များ ကြိုတင်ကာကွယ်ရေးဆိုင်ရာ
ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းစဉ်များ
ရောဂါကူးစက်သူများရောဂါပျောက်ကင်းရေးအတွက်
ကုသပေးရေးလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ပေး
နေပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုဲးကလည်း 
အမျိုးသားရေးအသိစိတ်နဲ့ အင်တိုက်အားတိုက်လက်တွဲ
ဆောင်ရွက်ပေးနေကြတာပါ။

ဒါပေမဲ့ ပူးပေါင်းမဆောင်ရွက်တဲ့အပြင် ကိုဗစ်ရောဂါဆိုးကို
တားဆီး၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသပေးနေတဲ့လုပ်ငန်းစဉ်
တွေ ပျက်ပြားအောင်နှောင့်ယှက်ဖျက်ဆီးနေတဲ့ 
မှောင်ခိုမိစ္ဆာတွေရဲ့နှောင့်ယှက်ဖျက်ဆီးရန်မှုရန်ပြု၊ ရန်လို
ရန်လုပ်လာတဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် မပျက်စီးသင့်
တာတွေပျက်စီးခဲ့ရပါတယ်။ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးခဲ့ရပါ
တယ်။ မသေဆုံးသင့်ဘဲသေဆုံးခဲ့ရပါတယ်။
ဒီလိုဖြစ်ပေါ်လာအောင် အကြမ်းဖက်ဖျက်ဆီးနေတဲ့
မှောင်ခိုလူ့မိစ္ဆာတွေက အခြားသူတွေမဟုတ်ပါဘူး။
သူတို့ကိုယ်သူတို့ ဓမ္မသမားတွေပါလို့ ကြွေးကြော်ပြီး
ဓမ္မအရေခြုံထားတဲ့ အကြမ်းဖက်အဓမ္မသမားတွေရဲ့ အစွယ်
အပွားတွေပါပဲ။

ဓမ္မမှန်းမသိ၊ အဓမ္မမှန်းမသိဘဲ ရမ်းတုတ်ပြီး အင်မတန်
ကြမ်းကြုတ်တဲ့ အကြမ်းဖက်အဖျက်သမားတွေက
မျက်ကန်းတစ္ဆေမကြောက်လုပ်နေကြတယ်။ 
လုပ်အောင်လည်း မြှောက်ပင့်သွေးထိုးပေးနေကြတယ်။
မြှောက်ပင့်သွေးထိုးပေးထားတဲ့အတိုင်း ထောင်ချောက်ထဲ
ဇွတ်တိုးနေကြပြန်ပါရော။ အမှန်နဲ့အမှား မခွဲခြားဘူး။
အကြောင်းနဲ့အကျိုးကို မဆင်ခြင်ဘူး။ အဆိုးနဲ့အကောင်းကို
မသိဘူး။ သိအောင်လည်း မလေ့လာဘူး။
မလေ့လာတော့မသိဘူး။ မျက်စိနှစ်လုဲးစလုံး နားနှစ်ဖက်စလုံး
ကောင်းနေပါရဲ့နဲ့ အမြင်တွေ ဝေဝါးနေတယ်။
အကြားတွေထွေပြားနေတယ်။
ကိုယ့်ကိုယ်ကိုယ် ဓမ္မသမားပါလို့ လက်မထောင်ပြီး
ငါ့စကားနွားရပြောနေကြတယ်။
" ငှက်မသိတော့ ဆက်ရက်ချိုးထင်" လို့ ဆိုထုံးပြုထားတဲ့
မြန်မာ့ဆိုရိုးစကားနဲ့တစ်ထပ်တည်းပဲ။
ဘာငှက်ညာငှက်ဆိုပြီး ငှက်အမျိုးအစားမခွဲခြားတတ်တော့
ဆက်ရက်ကို ဆက်ရက်ငှက်လို့မသိဘူး။
ချိုးငှက်လို့ထင်နေပါရော​လား။ ဆက်ရက်မှန်းမသိ၊ 
ချိုးမှန်းမသိသလိုမျိုးပါပဲ။

ယခုအခါမှာတော့ နိုင်ငံတော်ရဲ့တစ်မျိုးသားလုံးရဲ့
အကျိုးစီးပွားပျက်စီးအောင် ဘက်ပေါင်းစုံကနေဖျက်ဆီးနေ
တဲ့ အဓမ္မသမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်ဆိုးတွေကို
မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။တစ်ပြိုင်နက်တည်းမှာပဲ
နိုင်ငံတော်နဲ့တစ်မျိုးသားလုံးရဲ့အမျိုးသားရေးအကျိုးစီးပွားကို
မဆုတ်မနစ်နဲ့ ကျားကုတ်ကျားခဲသယ်ပိုးဆောင်ရွက်နေတဲ့
မြန်မာ့တပ်မတော်နဲ့ တပ်မတော်သားအားလုံး 
မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ ရဲတပ်သားအားလုံး ရဲ့
 ဖြူစင်မွန်မြတ်တဲ့ စေတနာကိုလည်း မျက်ဝါးထင်ထင်တွေ့
မြင်နေရပါပြီ။ အဓမ္မလုပ်ရပ်တွေကို လုပ်ဆောင်နေပြီး
ဓမ္မသမားတွေပါလို့ ကြွေးကြော်လို့မရနိုင်သလို
ဓမ္မလုပ်ရပ်တွေကို ဆောင်ရွက်ပေးနေတဲ့ သူတွေကိုလည်း
အဓမ္မသမားတွေပါလို့ စွပ်စွဲလို့ရနိုင်ပါရိုးလား ။

......................................

အားလုံးကို နှုတ်ဆက်ပါတယ် မင်္ဂလာပါ ။

🇲🇲🇲🇲🇲🇲မိုးမြင့်ထက်က ကြယ်တစ်ပွင့်