Sunday, September 26, 2021

တံခါးခေါက်သံ ကျယ်လာပြီ

-----------------
စာရင်းအရ သံဃာနှစ်သိန်းလောက်ပဲ ရှိတော့တယ်လို့ သိရပြီးတဲ့နောက် တံခါးခေါက်သံကျယ်လာပါပြီ။
လွန်ခဲ့တဲ့ငါးနှစ်က သုံးရာနီးပါးရှိတဲ့ ကျောင်းက ယခုနှစ် နှစ်ရာလောက်ပဲရှိတော့တယ်။ အရင် ဝင်ခွင့်ဖြေတဲ့အကြိမ်တွေမှာ သုံးဆယ်ကျော်လောက်ရှိပေမယ့် ခုပထမဦးဆုံးအကြိမ် ၁၂ပါးပဲ လာဖြေပါတယ်။
နောက်လတွေလတွေမှာ ဝင်ခွင့်ဖြေမယ့်သူ ရှိပါဦးမလား။ 
တခြားမြို့ရွာတွေ စုံစမ်းကြည့်တော့ ပဲခူး မြို့မကျောင်းက ဟောင်းလောင်းကြီး။
စာသင်သံဃာမဆိုထားနဲ့၊ ကျောင်းဝေယျာဝစ္စလုပ်မယ့် ကိုရင်ဦးဇင်းကို မရှိတော့။ ကျောင်းတွေ တံခါးပိတ်ထားရတယ်။
အရင်က သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးရဲ့ ကျောင်းတိုက်ပါလို့ ပြောရင် ယုံနိုင်စရာမရှိ။
ဓနုဖြူမြို့ တောင်ပေါ်ကျောင်းဆိုတာ အရင်က စာသင်သားတွေနဲ့ စည်ကားခဲ့တဲ့နေရာ။
ခု အားနာပါရဲ့ အတွဲတွေစည်ကားတဲ့နေရာ။
(ပြစ်မှားစော်ကားလိုစိတ်မရှိပါ။အခြေအနေကို သိစေချင်ရုံသာ)
မန္တလေးမြို့က ဘုရားကြီးကျောင်းတိုက်။
အရင်က စာအံသံမစဲ ကုဋီတက်သူမစဲ
ရဟန်းသံဃာမစဲ မစဲသုံးပါးနဲ့ ပြည့်စုံသတဲ့။
ခု ပြောင်းပြန်။ စာသင်သားတွေနည်းလာလို့ စာအံသံစဲသွားပြီ။သူ့အချိန်နဲ့သူလောက်ပဲ စာအံကြတော့တယ်။
တောင်မြို့ ညဝါ လို့နာမည်ကြီးတဲ့တောင်မြို့။
တံခါးဖွင့်လိုက်ရင် ဟောဟန်ကား လို့ တံခါးကအသံထွက်တယ်လို့ ဥဒါန်းတွင်ခဲ့တဲ့မြို့။
ကြက်တွေလည်း အောက်အီးအီး အာမန္တာလို့ တွန်တယ်ဆိုပြီး စကားစဉ်ရှည် ပြောဆိုခဲ့တဲ့မြို့။
ခု ညဝါသံသိပ်မကြားရတော့။
မဟာဂန္ဓာရုံကျောင်းကလွဲရင် စာသင်သားတွေ သိပ်မရှိကြတော့။
ပခုက္ကူမရောက် စာမပေါက်ဘူး ဆိုပြီး ဂုဏ်သတင်းကြီးလှတဲ့ ပခုက္ကူမြို့ရဲ့ မဟာဝိသုတာရာမကျောင်းတိုက်ကြီး။
ဗီဒိုထဲ အိပ်နေတဲ့ ကျမ်းတွေကို စာသင်သားတွေရဲ့ နှလုံးသားထဲ ထည့်ပေးခဲ့တဲ့ နေရာ။
တိပိအဘိဓာန်ရေးတော့ တစ်ထောင့်တစ်နေရာက တာဝန်ယူခဲ့တဲ့ ကျောင်းတိုက်။
အဘယာရာမဆရာတော် မအူဆရာတော် ဆရာတော်ဦးနန္ဒဝံသ မဟာဂန္ဓာရုံဆရာတော်တို့လို ထိတ်ထိတ်ကြဲ စာတတ်ပေတတ်ဆရာတော်တွေကို မွေးထုတ်ပေးခဲ့တဲ့ရွှေကျောင်းတော်။
နှစ်မကြာသေးပေမယ့် ခုဒါတွေအားလုံးက သမိုင်းထဲ ရောက်သွားခဲ့ပြီ။ ပန်းတွင် မဉ္ဇူ  စာတွင် ပခုက္ကူလို့ ဆိုခဲ့ကြပေမယ့် ပခုက္ကူသွားမယ့်စာသင်သား သိပ်မရှိတော့။ 
စီးပွားရေးမြို့တော် ရန်ကုန်ကို ပြောရဦးမလား။
ကျောင်းတိုက်အသစ်တွေကသာ အစီအရီပေါ်လာတာ။ စာသင်သားအသစ်တွေက အစီအရီမပေါ်လာတော့။ သင်္ဃန်းကျွန်းထဲက ကျောင်းတစ်ချို့ဆို အရင်က သုံးရာလောက်ရှိဘူးတာ။ ခုနည်းနည်းပဲ။
မြို့တွေပြီးတဲ့ နောက် ရွာတွေ ကြည့်ဦးမလား။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်းခြောက်သောင်းကျော်ရှိတဲ့အထဲ ဗုဒ္ဓဘာသာရွာက ငါးသောင်းကျော်ရှိတယ်။
တစ်ရွာတစ်ကျောင်းတွက်ရင် ဘုန်းကြီးငါးသောင်းကျော်ရှိမယ်။
ကိုရင်ကျောင်းသားဦးဇင်းရှိတဲ့ကျောင်းပေါင်းက သုံးသောင်းပြည့်ပါ့မလား။
(ခန့်မှန်းခြေသာ ကိုယ်တိုင်စာရင်းမကောက်ဘူးပါ။)
ရောက်ဘူးသမျှ ရွာတွေမှာတော့ ကိုရင်ဦးဇင်းမရှိ။
တစ်ရွာလေးကျောင်းရှိရင် ဘုန်းကြီးလေးပါးပဲရှိတယ်။
မိမိဇာတိရွာသော်မှ ကျောင်းမှာ ဆရာတော်တစ်ပါးတည်း။
စဉ်းစားကြဖို့ အဖြေရှာကြဖို့ အချိန်တန်လာပြီ။
ရွာတွေက စာသင်သားတွေ မထွက်လာခဲ့ရင်
စာသင်တိုက်တွေက ဓမ္မာစရိယအောင်ပြီးသားတွေ မထွက်လာခဲ့ရင်
တံခါးခေါက်သံ ကျယ်လာပြီ။ 
  cred
ဦးမြင့်ခိုင်