Sunday, September 26, 2021

နှစ်ခါ ရူးတဲ့ ပြည်သူ


         တခါတုန်းက ပြည်မြို့နေ ပြောင်းလာပြီး ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ကြီးပွားနေတဲ့ လင်မယား နှစ်ယောက်ရှိတယ် ။ နာမည်တွေ ရှိပေမယ့် မြန်မာပီပီ ပြည်သူ နဲ့ ပြည်သား လို့ပဲ လွယ်လွယ်ခေါ်ကြတယ် ။ 

      ပြည်သူက မိန်းကလေး ဖြစ်ပေမယ့် နိုင်ငံရေး ဝါသနာပါတယ် ။ သို့သော် သူ့ဝါသနာက တမျိုး ပါတီစွဲမရှိဘူး ၊ သိချင်ရုံ စိတ်ပူရုံ ငံစပ်စပ် အဆင့်ပေါ့ဗျာ ။ 

      လက်ဖက်ရည်ဆိုင် လာသမျှ ကာလာစုံ နိုင်ငံရေးသမားတွေနဲ့ တွေ့သမျှ လေကန်လိုက် ဝေဖန်လိုက် လုပ်နေရတာ ဝါသနာပါနေလေရဲ့ ။ 

      ၂၀၁၇ ရခိုင်ပြဿနာ ဖြစ်တော့ အနီ ၊ အစိမ်း နဲ့ တပ်မတော်က တဖက် ရခိုင်တွေက တဖုံ ကြားထဲက တယောက်နဲ့တယောက် အပြစ်ပုံချရင်း ရခိုင်တွေ အပြုံလိုက် သေနေကြတာ တပ်မတော်တာဝန်လား NLD  အစိုးရတာဝန်လား တွေးမိတွေးရာ တွေးရင်း ခေတ္တရူးသွားဖူးတယ် ။ 

          တော်တော်ကုလိုက်ရပြီး အခုဆို ပုံမှန်ဖြစ်နေပါပြီ ။ သို့သော် ဝါသနာကတော့ အမြစ်မပြတ်ပါဘူး ။ အခုလည်း ဖေဖော်ဝါရီ တစ်ရက်နေ့က စပြီး ရှုတ်ထွေးလာနေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို လာပြောသမျှ နားထောင်ရင်း အူချာပေါက်နေလေရဲ့ ၊ သူ့ဆိုင်ကိုလာတဲ့ လူတွေကလည်း ဘက်အသီးသီးက ဖြစ်နေတာကိုး ။ 

        အနီတွေက ပြောကြတယ် ၊ သူတို့နိုင်ပြီတဲ့.......

(နိုင်ပြီသာ ပြောနေတာ တောထဲမှာလည်း သေနေကြတာ မြို့ပေါ်မှာ အဖမ်းခံနေရတာ အများကြီး)

      တပ်မတော်လော်ဘီတွေက ပြောနေတယ် အဘ အကွက်တွေ လှသတဲ့.....

(သူတို့ကသာ လှနေတာ တနေ့ တနေ့ ကွဲလိုက်တဲ့ ဗုံး ၊ သတ်လိုက်တဲ့လူ သာမက ဘုန်းကြီးတွေပါ ယဲ့ယဲ့ကျန်တော့တယ် ၊ ကြီးလိုက်တဲ့ ကုန်စျေးနှုံး ၊ ဘဏ်ပြဿနာဆို အခုထိ ရူးချင်ယောင်ဆောင် ရာခိုင်နှုံးတောင်းစားနေတုန်း) 

        အစိမ်းက ပြောတယ် ဒီတခါ ငါတို့နိုင်မှာ တဲ့........

(ပြောလို့သာ ပြောနေကြတာ ၂၀၂၄ ဆိုရင် အစိမ်းပါတီဝင်ဆိုလို့  ဦးသန်းဌေး နဲ့ CEC ကျန်ရင် ကံကောင်း)

        ကြားက အမျိုးသားရေး သမားတွေက ပြောတယ် ဘာသာ သာသနာ အတွက် စိတ်အေးပြီတဲ့...

(ပြောသာ ပြောနေရတယ် ဘုန်းကြီးတွေတောင် သက်န်းခါးတောင်းကျိုက် ထွက်ပြေးနေရပြီ မပြေးနိုင်လို့ အသတ်ခံနေရတာ ၁၃ ပါး)

        ပြည်ပက အဖျက်သမားတွေက ပြောတယ် ပြည်သူကို ကာကွယ်ဖို့ PDF ဖွဲ့တာတဲ့.....

(လုပ်နေတာက အရပ်သား ပြည်သူတွေကို ဘုန်းကြီးကစ ကလေးပါမချန် သတ်နေတဲ့ အဖွဲ့)

        အရပ်သားတွေက တပ်မတော်ကို ကာကွယ်ပေးဖို့ တောင်းဆိုပြတယ်......

(တပ်မတော်က တဦးခြင်း ကာကွယ်ပေးဖို့ ခက်ခဲသတဲ့ ကြည့်နေ ကြည့်ရှောင်တဲ့ တာဝန်ကျေလိုက်တဲ့ အစိုးရ)

        ပြည်သူတွေက တပ်မတော် ကိုင်တွယ်တာ ပျော့ပြောင်းလို့ အားမရဘူး တဲ့.....

(PDF နဲ့  သူပုန်တွေက ရက်စက်တဲ့ စစ်တပ် တဲ့)

        ဘောအလွန်မတွေက ၂၁ ရာစုမှာ ၈၈ လို လုပ်မရဘူး အဘအကွက်တွေ အရမ်းလှသတဲ့..... 

(သူတို့ကသာ ပြည်သူကို ကာကွယ်ပေးဖို့ တွန့်ဆုတ်နေတာ PDF လူယုတ်မာတွေက အခုဆို စျေးသည်သတ် ၊ တက္ကစီဆရာသတ် ၊ ဆိုင်ကယ်စျေးသမားသတ် ဝန်ထမ်းသတ် နဲ့ တွေ့တဲ့သူသတ်ရင်း လူသတ်လက်ရည် တက်လာနေလေရဲ့)

        ကြားနေပြည်သူတွေလည်း PDF ကြောက်ရ အစိုးရ ဥပဒေကြောက်ရ နဲ့ စားကောင်းခြင်း မစားရ အိပ်ကောင်းခြင်း မအိပ်ရ နဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတဲ့ ကာလကြီးပေါ့.....

.....PDF တွေက ပြောသတဲ့ အခုလို ဒုက္ခရောက်နေတာ တပ်မတော် အာဏာရူးလို့တဲ့....

....တပ်မတော်က ကြေငြာတယ် NLD အာဏာရူးပြီး မဲခိုးလို့ အခုလိုဖြစ်ရတာ PDF တွေ အကြမ်းဖက်လို့ ပြည်သူတွေ သေနေတာ တဲ့......

....ပြည်သူတွေက ပြောတယ် PDF က ယုတ်မာ ရက်စက်သလောက် တပ်မတော်က ပြည်သူကို ကာကွယ်မပေးလို့ ဖအေပျောက်နေရတယ် တဲ့.....

      ဆိုင်ပိုင်ရှင် ပြည်သူတယောက်လည်း ယခု အဖြစ်အပျက်တွေ အပေါ် ဆိုင်ကို လာသမျှ လူပေါင်းစုံရဲ့ ဆင်ခြေတွေ ကြားထဲကနေ တရားခံ အစစ်ကို တွေးတော အဖြေရှာရင်း ဒုတိယအကြိမ် ရူးသွားရကြောင်း သတင်းရရှိခဲ့ပါတယ် ။ 

     ကိုရွှေမျိုးဝင်း

(အကွက်ပျောက်နေကြတော့ ခန့်မှန်းရတာ ရူးချင်တယ်)