Wednesday, December 8, 2021

၁၉၉၀ ခုနှစ် ဝန်းကျင်တုန်းက ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံမြို့မှာ အမှန်တရားအတွက် နောက်မဆုတ်တမ်းခေါင်းမာခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ဒေါသကြောင့်....


တရားစီရင်ရေး လမ်းကြောင်းပေါ်က အဂတိလိုက်စားမိတဲ့ ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် 
အလုပ်ပြုတ်ကုန်ကြတဲ့ ထူးခြားဖြစ်ရပ်မျိုး ရှိခဲ့ဖူးတာ တစ်ချို့တွေ မှတ်မိကြပါလိမ့့်မယ်။

အမှုကတော့ ပုဒ်မ ၃၀၂ လို့ 
သိကြတဲ့ လူသတ်မှုပါ။

သေဆုံးတဲ့ ဘက်ကသူနဲ့ သတ်သူ (သို့) တရားလိုနဲ့ တရားခံကြားက ဆင်းရဲချမ်းသာ ကွာဟချက် ၊ 
ပြစ်မှုကျူးလွန်သူ ဘက်က အသိုင်းအဝိုင်းအင်အား
တောင့်တင်းမှုကလည်း ဒီအမှုရဲ့အစပိုင်းမှာ အတိုင်းအတာတစ်ခုအထိ အဆုံးအဖြတ်ပေးခဲ့တယ်။

ဒါကလဲ "ငွေများတရားနိုင်"လို့အဆိုရှိတဲ့
 (၁၉၉၀ ဝန်းကျင်) မြန်မာပြည်မှာ ထူး၍မဆန်းသော အကြောင်းအရာတွေဆိုတာ အားလုံးသိကြပါလိမ့်မယ်။

အမှုရဲ့အစမှာတော့ တစ်လမ်းတည်း အတူနေကြတဲ့လူငယ်အချင်းချင်း ရန်ဖြစ်စကားများရာမှာ 
အုပ်စုတောင့်တဲ့ဘက်က ဝိုင်းချုပ်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ လူငယ်က ဓားနဲ့ ထိုးသတ်မိရာက လူသတ်မှုဖြစ်ခဲ့တာပါ။

သို့သော် ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတဲ့လူငယ်ဟာ ဖခင်မရှိတော့ပဲ အမေတစ်ခု သားတစ်ခု နေထိုင်နေတာဖြစ်ပြီး 
သတ်သူဘက်ကတော့ အသိုင်းအဝိုင်း စီးပွားဥစ္စာ 
ပြည့်စုံတဲ့ အခြေအနေမျိုးရှိခဲ့ပါတယ်။

တရားခံကို လူသတ်မှုနဲ့ ရုံးထုတ်နေတဲ့ ကာလတွေမှာ 
သားဖြစ်သူ သေဆုံးသွားလို့ တစ်ဦးတည်း ကျန်ခဲ့တဲ့ မုဆိုးမကြီးကို တရားခံဘက်က လူကြီးမိဘတွေ 
အိမ်တိုင်ယာရောက် လာပြီး 

"သေသူလည်း သေပြီမို့ ကျူးလွန်မိတဲ့လူငယ်ပါ ထပ်ပြီးဘဝမပျက်ရအောင် ကျေအေးပေးဖို့" 

တောင်းပန်နားချကြတော့ ...
အငြိုးအတေးနည်းပါးပြီး ကရုဏာသက်တတ်ကြတဲ့ တောသူတောင်သားတို့ ထုံးစံအတိုင်း ခွင့်လွှတ်ကြေအေးဖို့ သဘောတူလိုက်တယ် ဆိုပါတော့။

သို့သော် တရားရုံးနဲ့ပတ်သက်ရာပတ်သက်ကြောင်း 
အဖွဲ့အစည်းတွေကိုတော့ ပါးစပ်နဲ့ တောင်းပန်လို့မရတဲ့မြန်မာပြည်ရဲ့အစဉ်အလာအတိုင်း
 မျက်မြင်သက်သေ စုံလင်ပါသော်လည်း လူသေမှု 
ပုဒ်မ ၃၀၄ နဲ့ အမှုပိတ်ဖို့ ဒီအချိန်ကငွေကျပ် ၁၀ သိန်း နီးပါးပေးပြီး ချုပ်ရက်မှ ထုတ်နှုတ်ခံစားခွင့်နဲ့ လူသတ်မှုကျူးလွန်တဲ့ လူငယ်ဟာ သိပ်မကြာတဲ့ 
ကာလတစ်ခုအတွင်း ပြန်လွတ် လာခဲ့ပါတယ်။

တကယ်တမ်းတော့ဒီအမှုဟာ ဒီနေရာမှာ ပြီးသင့်ပါပြီ။

တစ်ဦးတည်းသော သားကိုဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ယောက်အတွက်လည်း တစ်လမ်းတည်း အတူနေတဲ့ လူသတ်သမား လူငယ်ကိုမြင်တိုင်း 
သူ့သားကို သတိရမိရုံက လွဲလို့ အတန်အသင့် 
တရားနဲ့ ဖြေနိုင်တဲ့ အခြေအနေပါ။

သို့သော် လူသတ်ပြီး ထောင် ဟုတ်တိပတ်တိ မကျခဲ့တဲ့ လူငယ်ကတော့ လမ်းထဲမှာ အရင်ထက်ပိုတဲ့ မိုက်ကြေးခွဲရမ်းကားမှုတွေ ရှိလာခဲ့ပါသတဲ့။ 
(ဂျိုကြွလာတယ် ဆိုပါတော့ဗျာ)

တစ်နေ့တော့ ဒီလူရမ်းကားဟာ သူနဲ့ရွယ်တူ လူငယ်တစ်ယောက်ကို မိုက်ကြေးခွဲ ခြိမ်းခြောက်တဲ့ စကားတစ်ခွန်းကို တစ်ကောင်ကြွက် မုဆိုးမကြီး အိမ်ရှေ့မှာ ပြောမိတာကို မုဆိုးမကြီး နားနဲ့ ဆတ်ဆတ်ကြားလိုက်ရပါတယ်။

"ဒီအိမ်က ကောင်ကို ငါသတ်လိုက်တာ သိလား 
(အိမ်ကို လက်ညှိုးထိုးလျက်) လူသတ်ပြီး ၁၀ သိန်းပေးရင်လွတ်တယ်၊ လူတစ်ယောက် အသက်က ၁၀ သိန်းပဲတန်တယ်၊
မင်းလဲ ကြပ်ကြပ်သတိထား "ဆိုတဲ့ စကားပါ။

သူ့သားရဲ့သေခြင်းတရားဟာ ၁၀ သိန်းပဲ တန်တယ်လို့ တိုက်ရိုက် အဓိပ္ပာယ်သက်ရောက်နေတဲ့ 
ဒီစကားကိုကြားရတဲ့ အမေအိုကြီးရဲ့ စိတ်ဟာ ဝမ်းနည်းပူဆွေးမှု အပေါ်မှာ 
ထုထည်ကြီးမားတဲ့ ဒေါသပါ ထပ်ဆင့် ခဲ့ပုံရပါတယ်။

ဒီလို စိတ်အခြေအနေမျိုးမှာ လူဟာ သေမထူးနေမထူးစိတ်မျိုး ဝင်လာတတ်တယ် ဆိုရမလားပဲ ...

အမေအိုကြီးဟာ နောက်တနေ့ မနက်မှာပဲ
 "ငါ ဒီအမှုကို ဗိုလ်ချုပ်ခင်ညွန့်ကို တက်တိုင်မယ်" လို့ ကြိမ်းဝါးပြီး ရှိစုမဲ့စုငွေလေးကို ကျစ်ကျစ်ပါအောင်
ဆုပ်ရင်း လိုင်းကားစီးပြီး ရန်ကုန်တက်လာခဲ့ပါသတဲ့။

(တောသူတောင်သားတွေဆိုတော့ခါ TV မှာမြင်တွေ့နေကြ ဦးခင်ညွန့်လောက်သာ သိကြတာပေါ့ဗျာ၊
 သူလက်လှမ်းမှီ သလောက် စဉ်းစားခဲ့ပုံရပါတယ်)

ဒီလိုနဲ့ ဒလ ဘက်မှ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းကို ကူးပြီး ရန်ကုန်မြို့ကိုရောက်လာတဲ့ အမေအိုကြီးဟာ ဝန်ထမ်းလို့ ယူဆရတဲ့ ယူနီဖောင်းဝတ် လူတိုင်းမှန်သမျှကို
"ဗိုလ်ချုပ်ခင်ညွန့် ဘယ်မှာနေသလဲ" ဆိုတဲ့မေးခွန်း ကိုသာတွင်တွင်ကြီးမေးပြီး မရမက လိုက်စုံစမ်းခဲ့ပါတယ်။

အတော်များများက အိမ်ပြန်ဖို့ သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားဖို့ ဖျောင်းဖြကြပေမယ့် 
သားဇောကပ်နေတဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုမှဖျောင်းဖြလို့မရပဲ 
"ဦးခင်ညွန့်နဲ့ တွေ့ပြီးတိုင်ရမှအိမ်ပြန်မယ်" လို့သာ
အခါခါပြောနေခဲ့တယ်လို့ ဆိုပါတယ်။

လူပေါင်းမြောက်များစွာကိုမေးပြီး နောက်ဆုံးမှာတော့ 
ဆန္ဒာဓိပတိ အားကြီးလွန်းတဲ့ အမေအိုကြီးဟာ
 မေခ လမ်းက ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အိမ်လိပ်စာနဲ့
ဝင်ချိန်ထွက်ချိန် အတိအကျကိုပါ လမ်းညွှန်ပေးသူနဲ့ တွေ့ခဲ့ပါတယ်။

အဲဒီနေ့က ဗိုလ်ချုပ်ခင်ညွန့်ရဲ့အိမ်အပြန်လမ်းမှာတော့ လမ်းအလယ် အတည့်တည့်ကနေ လမ်းပိတ်ပြီး 
ကားတန်းကို တားထားတဲ့ အဘွားကြီးတစ်ယောက်နဲ့ထိပ်တိုက် တိုးခဲ့တာပေါ့ဗျာ။

PSO တွေ ကားပေါ်ကဆင်းပြီး လမ်းဖယ်ပေးဖို့တောင်းပန်တော့လည်း လုံးဝ လမ်းဖယ်မပေးပဲ
"အမေ့ သားလေး မတရားအသတ်ခံရတာ ဦးခင်ညွန့်နဲ့တိုင်ချင်လို့ တွေ့ခွင့်ပေးပါ" လို့သာ တွင်တွင်တောင်းဆိုနေတော့...
 ဦးခင်ညွန့်လည်း မနေသာပဲ ကားပေါ်ကဆင်းလာရတော့တယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ခင်ညွန့့် (သနားသွားပုံရ) ကားပေါ်က ဆင်းလာပြီး
 "အမေ ဘာဖြစ်လို့လဲ ကျနော်ဘာကူညီပေးရမလဲ" ဆိုတဲ့စကား အဆုံးမှာတော့ အမေအို ကြီးဟာ ငိုကြီးချက်မနဲ့ ဖြစ်ကြောင်းကုန်စင်ကို တိုင်ပါတော့တယ်။

(ကျမ သားအသက်ဟာ ၁၀သိန်းပဲတန်သလားဆိုတဲ့မေးခွန်းလည်း ကြိမ်းသေပါမှာပေါ့ )

အမေအိုကြီး အိမ်အပြန်မှာတော့ 
"အမှန်တရားအတိုင်း ဖြစ်စေရမယ်" ဆိုတဲ့ ကတိတစ်လုံး ဦးခင်ညွန့်ဆီက ရခဲ့ပါသတဲ့။

နောက်တစ်နေ့မှာပဲ စစ်ထောက်လှမ်းရေး တပ်ခွဲတစ်ခွဲ အခင်း ဖြစ်ပွားရာ မြို့ကို ရောက်လာပြီး 
အမှုကို အသေးစိတ် ပြန်တည်ဆောက်ပါတော့တယ်။

နောက်ဆုံးမှာ အမှုကို လမ်းကြောင်းအမှန်ပေါ်ကို 
ဆွဲတင်ပြီး တရားခံကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့တဲ့ အပြင်...
အမှု အသွားအလာ တစ်လျှောက်မှာ အဂတိ လိုက်စားတယ်လို့ ယူဆရတဲ့ တရားသူကြီး၊ ဥပဒေ အရာရှိ၊ မြို့နယ်မှူး စခန်းမှူးတွေ အပါအဝင် ဝန်ထမ်း 
တစ်ဒါဇင်လောက် အလုပ်ပြုတ်ခဲ့ ရတယ်။
 
သူ့ကို ကျွန်တော်အကြိုက်ဆုံး အချက်က..

 သူ ... လက်ညှိုးညွှန်ရင်.. ပြည်သူ့အတွက် လမ်း ဖြစ်စေတာဘဲ..

ဘယ်သူတွေ ဘာပဲ ပြောပြော... ပြည်သူ့အသံကို သူ.. နားထောင်ခဲ့ 
ပါတယ်။

via Ko Kyaw Maungg
#မှိုင်းဝေ