Monday, December 6, 2021

တရားဥပဒေရဲ့ သက်ညှာမှု ရခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံဟောင်းနဲ့ နိုင်ငံတော်သမ္မတဟောင်း


၁။ ဒီကနေ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးဝင်းမြင့်တို့ကို တရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်က နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ ၂၅ ကို ချမှတ်ခဲ့တာဖြစ်ပါတယ် ။ 

၂။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဆိုတာ ပြည်သူတွေ သိပ်ရင်းနှီးခဲ့တဲ့ ပုဒ်မ တစ်ခုဖြစ်သလို NLD ပါတီအာဏာရစဉ်အခါက အတိုက်အခံတွေအပေါ်မှာ ပေါပေါ ပဲပဲ သုံးခဲ့ကြတဲ့ ဥပဒေလက်နက်တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ- NLD ပါတီ အစိုးရ တာဝန်ရှိသူတွေအပေါ် "အစိုးရအဖွဲ့ရုံးတွေ ဗုံးကျဲခံလိုက် "ဆိုပြီး စကားလုံး တစ်လုံးစာမျှ သုံးနှုန်းခဲ့ဖူးတဲ့ ဘူးလက် လှဆွေနဲ့ NLD ပါတီအစိုးရတာဝန်ရှိသူတွေက "သူခိုး"တွေပါလို့ ပြောခဲ့တာနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူတို့ကို ထောင်ဒဏ်တသက်တကျွန်း(နှစ် ၂၀)အထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုထောင်ချခဲ့ဖူးတာဖြစ်ပါတယ် ။ 

၃။ အာဏာထိမ်းဖြစ်စဉ် ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်စေဖို့ အတွက် NLD ပါတီရုံးချုပ်က ထုတ်ပြန်တဲ့ စာတွေ၊ နိုင်ငံတော်သမ္မတရုံးနဲ့နိုင်ငံတော်အတိုင်ပင်ခံရုံးချုပ်က ထုတ်ပြန်တဲ့ စာတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ကို တိုက်ရိုက်ချိုးဖောက်တာဖြစ်လို့ တရားစွဲဆိုခံရခြင်းဖြစ်ပါတယ် ။ ဒီပုဒ်မရဲ့အမြင့်ဆုံး ပြစ်ဒဏ်က ၂ နှစ်၊ ငွေဒဏ်၊ ၂ နှစ်+ငွေဒဏ်ဖြစ်ပါတယ် ။ 

၄။ နောက်တမှုကတော့ ကိုဗစ်ဖြစ်နေတဲ့ကာလမှာ လူဦးရေ (၅၀)အထက် စုဝည်းခြင်းမရှိရဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာကို နိုင်ငံတော်သမ္မတဟောင်းနဲ့ အတိုင်ပင်ခံတို့ ချိုးဖောက်တဲ့ ပြစ်မှုဖြစ်ပါတယ် ။ နေပြည်တော်မှာ ကားအစီးပေါင်း ရာကျော် အင်အားပြတဲ့အချိန်မှာ နိုင်ငံတော်သမ္မတဟောင်း နဲ့ အတိုင်ပင်ခံဟောင်းတို့ တက်ရောက်ပြီး အားပေးအားမြှောက်ပြုခဲ့တဲ့ ပြစ်မှု တစ်ခုဖြစ်ပါတယ် ။ 

၅။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၊ အခန်း (၈) ပြစ်မှုနဲ့ ပြစ်ဒဏ်များ ၊ ပုဒ်မ ၂၅ မှာ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်မှန်းသိသိနဲ့ တမင်ပေါ့ဆစွာပြုလုပ်လျှင် ထောင်ဒဏ် ၃ နှစ်ထက် မပိုတဲ့ ပြစ်ဒဏ် ချမှတ်ခံရမည်လို့ သတ်မှတ်ထားပေမဲ့လည်း နိုင်ငံတော်သမ္မတဟောင်းနဲ့ အတိုင်ပင်ခံဟောင်းတို့အနေနဲ့ ၂ နှစ်သာ ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ် ။ 

၆။ မိမိအာဏာရှိစဉ်အခါက တသက်တကျွန်း(ထောင်ဒဏ် နှစ် ၂၀ )လောက် ထိ ကျခံရမဲ့ ပုဒ်မ မျိုးကို နိုင်ငံရေးရည်ရွယ်ချက်ခေါင်းစဉ်တပ်ပြီး ထောင်ချခဲ့တဲ့ NLD ပါတီခေါင်းဆောင်တွေအနေနဲ့ တူသောအကျိုးကို စတင်ပြီး ခံစားရပြီလည်း ဖြစ်ပါတယ် ။ မဖမ်းမခံနိုင်တဲ့ ဆရာတော် ဦးဝီရသူကို ဝရမ်းပြေး တံဆိပ် ကပ်ခဲ့သလို ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်လုပ်ခဲ့တာမျိုး၊ ငွေစာရင်းအကောင့်တွေ ပိတ်သိမ်းခဲ့တာမျိုးလုပ်ခဲ့သလို ဦးဌေးအောင်ကို လည်း သာမန်နိုင်ငံတော်ကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ)နဲ့ ဆွဲခဲ့တာမျိုးမဟုတ်ဘဲ သမ္မတ ကခွင့်ပြုမှ တရားစွဲဆိုခွင့်ရှိတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုခဲ့ကြတာဖြစ်ပါတယ် ။ 

၇။ ဘာပဲဖြစ်ဖြစ် တရားစွဲဆိုခံထားရတဲ့ ပုဒ်မ ၂ ခုအတွက် ၄ နှစ်ဆိုတဲ့ ပမာဏာက ပြစ်မှု တစ်ခုတည်းအတွက်နဲ့ ထောင်ဒဏ် တသက်တကျွန်း၊ နှစ်(၂၀) အထိ ချမှတ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေနဲ့ စာရင်တော့ အများကြီး ခံသာပါသေးတယ်လို့ ယူဆချင်စရာပါပဲ ။ 

(ဖိုးစီ)