အချိန်ကာလသည်ကား 1997-98 နဝတ တို့ လက်စောင်းထက်နေချိန်ကပါ ။ လက်ပန်းမြို့နယ် ထဲက (ထိန်တော ၊ မိုးညို ၊ ခမုံဆိပ် တခုခုပါပဲ ကာလကြာတော့ အတိအကျ မမှတ်မိ) ရွာတရွာ မှာ လူသတ်မှု ဖြစ်ပါတယ် ။
အင်းလေလံ ကိစ္စနဲ့ ပတ်သက်ပြီး ရွာအတွင်းရေးမှူးကို လူ ၅ ယောက်က လာသတ်ကြတာပါ ။ ပုခက်အတွင်းက ကလေးပါ မချန်ဖူး သတ်တယ် ။ အလည်လာတဲ့ အမျိုးသမီးကိုပါ သတ်ကြတယ် ။ အသတ်ခံရတာလည်း ၅ ယောက်ပဲ ။
သတ်တဲ့သူတွေထဲမှာ ဧည့်သည်အမျိုးသမီးရဲ့ တူပါနေတယ် ။ တိုတိုပြောရရင် တရားခံတွေ မိကြတယ် ။ တရားရုံးတင်ထားဆဲ ကာလမှာ နဝတအတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး တင်ဦး ရောက်လာတယ် ။ ခဝတ ဥက္ကဋ္ဌနဲ့ တွေ့ပြီး စကားပြောတော့.....
"ဟေ့ကောင် မင်းက ခဝတဥက္ကဋ္ဌ လုပ်နေပြီး အသားတွေ ပိုဖြူလာနေတယ် မင်း ကွင်းမဆင်းပဲ ဇိမ်ခံနေတာပဲ ကွ အလုပ်ကောင်းကောင်းလုပ် ကြားလား''
"ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီး ''
"နေအုံး မင်းနယ်က ငါးလောင်းပြိုင် လူသတ်မှု တရားခံတွေကော ''
"မိပါပြီ ဗိုလ်ချုပ်ကြီး တရားဥပဒေအရ ပြင်းထန်တဲ့ ပြစ်ဒဏ်ချဖို့ တရားစွဲထားပါပြီ ''
"ဘာကွ ဒီလို လူစိတ်မရှိတဲ့ကောင်တွေကို ဘာလို့ တရားစွဲနေရမှာ လဲ သတ်ပစ် ကွ သတ်ပစ် ကြားလား ''
အဲသလို ပြတ်သားစွာ ပြောခဲ့တဲ့ နဝတဗိုလ်ချုပ်ကြီး ဟာ အပြော နဲ့ အလုပ် ညီသလားဆိုတာ ပြန်ကြည့်ပါအုံး ။
ဗိုလ်ချုပ်ကြီးတင်ဦးဟာ အလုပ်တွေ တနေကုန်လုပ်ပြီး အိမ်ပြန် စားသောက်ပြီးတာ နဲ့ ည ၁၁ ဝန်းကျင် ရောက်ရင် သူ့ရဲ့ ဒရိုင်ဘာ အရာခံဗိုလ်ကြီးကို ခေါ်ပြီး နှစ်ယောက်တည်း ကားနဲ့ ရန်ကုန် မြို့ကို ပတ်မောင်းကြည့်တယ် ။
လမ်းပျက်နေတဲ့ နေရာ မှတ်စုနဲ့ မှတ်တယ် ၊ မီးပျက်တဲ့ လမ်း ရပ်ကွက် အတိအကျ နာရီ နဲ့ တကွ မှတ်သားတယ် ။ နောက်ရက်တွေ အစည်းအဝေး လုပ်ပြီ ဆိုတာ နဲ့......
"ကဲ ဦးကိုလေး ခင်ဗျားရဲ့ လမ်းတွေ ကောင်းနေပြီလား ''
"ကောင်းပါပြီ ဗိုလ်ချုပ်ကြီး ××××လမ်းက ×××နေ့ မှာ ပြင်ဆင်ပြီးပါပြီ ၊ ××××လမ်းက ×××နေ့ မှာ အသစ်ခင်းပြီး ပါပြီ''
"သေချာရဲ့လား ''
"ဟုတ်ကဲ့ သေချာပါတယ် ''
"ခင်ဗျားက အောက်ကလူတွေ လိမ်တာကို ခံနေရတာပဲ ကိုယ်တိုင် မစစ်ဆေးပဲ လျှောက်ပြောမနေနဲ့ ကျုပ်လိုက်ကြည့်ပြီးပြီ ခင်ဗျား ပြောတဲ့ လမ်းတွေ မပြီးသေးဖူး ကိုယ်တိုင် စစ်ဆေးပါ ''
ဟုတ်ကဲ့ ခင်ဗျ ''
"ကဲ EPC ဆရာကြီး ရန်ကုန်မှာ မီးတွေ မှန်ပြီလား ''
"ဟုတ်ကဲ့ ဗိုလ်ချုပ်ကြီး ''
"အင်း ဟုတ်ကဲ့တဲ့ ကျုပ် ည ဖက်တွေ လိုက်ကြည့်တော့ ××××လမ်းတွေ မှာ မီးပျက်နေတာ တွေ့ရတယ် ခင်ဗျားလည်း ကိုယ်တိုင်ကွင်းဆင်းကြည့်အုံး ''
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး ''
ဟုတ်ကဲ့ ကျနော်တို့ လေးစားခဲ့ကြရတဲ့ နစတ အတွင်းရေးမှူး (၂) ဆိုတာ အဲသလို ပုဂ္ဂိုလ်ကြီးပါ ခင်ဗျာ ။ သူလို ခေါင်းဆောင် သူလို ဗိုလ်ချုပ်ကြီးကို ဘယ်ဌာနဆိုင်ရာက လူလိမ်တွေ လိမ်လို့ရမလဲ ဗျာ ။
သူနဲ့ ပတ်သက်တဲ့ ကောလဟာလကိုလည်း ပြောပြချင်ပါတယ် ။ ရဟတ်ယာဉ်ပျက်ကျပြီး ကျဆုံးခဲ့ရတာ သူ့ရဲ့ အလုပ်လုပ်ချင်တဲ့ ဆန္ဒဇောကြောင့် ဆိုတာ အမှန်တရားပါပဲ ။
ရဟတ်ယာဉ်မှူးက ရာသီဥတု မကောင်းသေးပါဘူး တင်ပြပေမယ့် နောက်တနေရာက ခရီးစဉ်မှာ သူ့ကို စောင့်ကြိုနေသူတွေ အပေါ် အားနာစိတ် နဲ့ မကြာခဏ ထွက်မရသေးဖူးလားမေးနေလို ရဟတ်ယာဉ်မှူးက ရလောက်ပြီ လို့ ယူဆပြီး စွန့်စားပျံသန်းရင်း ဖြစ်သွားရတာပါ ။
အဲဒီကာလတုန်းက ဦးသန်းရွှေ နဲ့ ဦးခင်ညွှန့်တို့ကပဲ လုပ်ကြံသလိုလို တပ်တွင်းပြိုကွဲအောင် ဝါဒ ဖြန့်ကြပါသေးတယ် ။ နံပါတ် ၄ အဆင့်ကို အပေါ်က ၁ ၊ ၂ ၊ ၃ အဆင့်က လုပ်ကြံမလားဗျာ ။ တွေးကြည့်ကြပေါ့ ကိုတင်ဦးရေ ခင်ဗျားနားတော့ဗျာ ဆိုတဲ့ စကားတခွန်း နဲ့ ပြီးရမယ့် ခေတ်လေ ဗျာ တွေးကြည့်ကြပေါ့ ။
ဒါက ကြုံလို့ ရှင်းပြတာပါ ။ ပြောချင်တာက နစတ ခေတ်တုန်းက အဲလို လူကြီးတွေ တက်ညီလက်ညီ အားကျိုးမာန်တက် လုပ်ခဲ့ကြလို့ တိုင်းပြည်သာယာအေးချမ်းခဲ့ပါတယ် ။
အခုခေတ် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးဆိုရင် လမ်းမှာ ခလုတ်တိုက်သွားရင်တောင် သူ့ကို သိတဲ့သူ တသောင်း တယောက် မရှိပါဘူး ။ ဘာတွေ လုပ်နေသလဲတော့ မသိပါဘူး ၊ လက်မှတ်ထိုး အမိန့်ထုတ်နေတာ သူ့ဘဝ ဖြစ်နေတာပဲ တွေ့ရတယ် ။
ဘယ်ခရီးစဉ်မှ ထွက်ခွာ စစ်ဆေး ကြီးကြပ် လုပ်ကိုင်တာ မတွေ့ရလို့ ဒူလာဆေးတောင် လက်ဆောင် ဝယ်ပေးကြရပါမယ် ။
အောက်က လိမ်နေလို့ မသိတာလား.. ? ဟုတ်ကဲ့ အထက်က ကွင်းမဆင်းပဲ အသားဖြူအောင် ဇိမ်ခံနေကြလို့ပါ ခင်ဗျာ ။
စစ်ကိုင်းတိုင်းမှာ ရွာပျက်အောင် အသတ်ခံနေကြရတယ် ၊ သတင်းပေးကြတယ် ပေးတဲ့သူတွေ ထပ်အသတ်ခံရတယ် ။ ဟုတ်ကဲ့ ရဲ နဲ့ ထွေအုပ် အသုံးမကျလို့ပါဆိုတာ ပြည်သူတွေ သိကြပါတယ် ၊ နေပြည်တော်က အသားဖြူနေတဲ့ ပုဂ္ဂိုလ်ကြီးတွေ မသိကြပါဘူး ။
ဘာပဲပြောပြော နဝတ ဗိုလ်ချုပ်ကြီး တင်ဦးကို လွမ်းတယ် ။ ယခုဗိုလ်ချုပ်တွေ အလုပ် နဲ့ တူတဲ့ အလုပ် မလုပ်ကြတာကို ပြည်သူတွေ အားမရကြဖူး ။
ကိုရွှေမျိုးဝင်း