Wednesday, December 1, 2021

ငါတို့တော်ဖို့ပဲ လိုပါတယ်


           ဒီကနေ့ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ကြည့်ပြီး စိတ်အားငယ်နေသူတွေ ရှိကြပါတယ် ။ တကယ်တန်းကျတော့ ကျနော်တို့တိုင်းပြည်ရဲ့ ရေ မြေ အနေအထားအရ အရမ်းကြီး အားငယ်စရာ မလိုပါဘူး ။

           ဟစ်တလာလက်ထက် တကမ္ဘာလုံးကို စိန်ခေါ်တိုက်ခိုက်သွားတဲ့အချိန်က ဂျာမဏီရဲ့ လူဦးရေဟာ သန်း ၆၀ ဝန်းကျင်ပဲ ရှိတာပါ ။

           နာမည်ကျော် အစ္စရေးဟာ စတည်ထောင်ခါစ စစ်ပွဲကြီးတွေ တရကြမ်းဆင်နွဲနေရချိန်က လူဦးချိန် နှစ်သန်းလောက်ပဲ ရှိခဲ့တာပါ ။ သူ့ဝန်းကျင်က လူဦးရေ သန်းထောင်ချီနေတဲ့ အာရပ်ကမ္ဘာနဲ့ တိုက်ခဲ့ရတာပါ ။

       ယနေ့ဆိုရင် ကုလသမဂ္ဂမှာ အစ္စရေးမကောင်းကြောင်း တင်သွင်းထားတဲ့ အစီရင်ခံစာကို ကုလစင်မြင့်မှာပဲ ဆွဲဖြဲပြီး အမှိုက်ပုံးထဲ ထည့်ပြရဲတဲ့အထိ စိန်ခေါ်နိုင်ပါပြီ ။ သူ့လို တိုင်းပြည်ပေါက်စက အမေရိကန်လို နိုင်ငံမျိုးကို နဖားကြိုးထိုးနိုင်ထားတယ် ဆိုတာ လေ့လာသူတွေ သိကြပါတယ် ။ 

        ကဲ ကျနော်တို့နိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်ကြရအောင်ဗျာ ။ အခုချိန်မှာ စက်ာပူကို ကျော်မယ်ဆိုတာကိုက ဟာသ သဖွယ် ဖြစ်နေပြီး လာအိုထက်နောက်ကျနေရတာ ရင်နာစရာပါပဲ ။ 

        နယ်မြေအကျယ်အဝန်း ၂၆၁၂၂၈ စ / မိုင် ဆိုတာ အရှေ့တောင်အာရှမှာ အင်ဒိုပြီးရင် အကျယ်ဆုံးပါ ။ လူဦးရေ ၅၄ သန်းဆိုတာ ဟစ်တလာ တကမ္ဘာလုံးကို (ရုရှား အမေရိကန် ဥရောပ အာဖရိက) တပြိုင်နက်တည်း စစ်ထိုးနိုင်တဲ့ အင်အားနီးပါး ။ 

        ရေအမြဲခဲနေတဲ့ မြောက်ဖက်အဖျား တောင်တန်းရှိတဲ့ ဒေသကနေ ၊ ကန္တရဆန်တဲ့ အလယ်ပိုင်းဒေသ မှ ပင်လယ်ကမ်းစပ် မြစ်ဝကျွန်းပေါ် ဒေသထိ တဆက်စပ်တည်း ပိုင်ထားတဲ့ ရှားပါးတိုင်းပြည် ။ 

   BIMSTEC . GMS . ASEAN 

        ပထဝီအနေအထားကြည့်အုံး မဟာဗျူဟာအရ အာဆီယံမှာ အဓိကအရေးပါတဲ့ အိန္ဒိယပင်လယ် နဲ့ ဖစိဖိတ်သမုဒ္ဒရာ အစပ် မှာ တည်ရှိနေတယ် ။ 

          BIMSTEC အဖွဲ့ကြီးမှာ အဖွဲ့ဝင်နိုင်ငံတွေ ပေါင်းစပ်ချိတ်စပ်နိုင်ဖို့ မြန်မာမပါရင် အဆင်ပြေချောမွေ့မှာ မဟုတ်တော့ပါဘူး ။ ဥပမာ BIMSTEC အဖွဲ့ဝင် အိန္ဒယရဲ့ အရှေ့မျှော်မူဝါဒအရ မြန်မာကနေတဆင့် ဖြတ်သွားမှ ရပါမယ် ၊ ဘဂ်လား ရဲ့ တရုတ်ချိတ်အတွက် မြန်မာက အတိုဆုံးလမ်းကြောင်းပါ ၊ ယိုးဒယားကတော့ ရှည်လျှားတဲ့ နယ်စပ်လိုင်းကြောင့် မြန်မာနဲ့ အဆင်မပြေလို့ ကျနော်တို့ ညစ်ပတ်ကြရင် ဖင်ဟောင်းလောင်း နဲ့ ဖြစ်သွားပြီး 
BIMSTEC အဖွဲ့ကြီးရဲ့ ရပ်တည်မှု ပျက်ယွင်းသွားစေသည်အထိ မြန်မာက အရေးပါလှပါတယ် ။

       နောက်ထပ် မဟာမဲခေါင်ခွဲအသင်းအခြေအနေကြည့်ပါ ။ တရုတ်ရဲ့ ယူနန်ပြည်နယ်အတွက် ထွက်ပေါက်က မြန်မာပါပဲ ။ ထိုင်းအနေနဲ့ လာအို မြန်မာကသာ ပိတ်ဆို့လိုက်ရင် တရုတ် နဲ့ ထိုင်း လမ်းကြောင်း ဖောက်နိုင်ဖို့ ခက်သွားပါပြီ ။ ကမ္ဘောဒီးယားကတော့ ပထဝီ အရ သိပ်အရေးပါတာ မတွေ့ရပါဘူး ။ 

        နောက်ဆုံး သိပ်အရေးပါတယ် ထင်နေတဲ့ ASEAN ကရော ကျနော်တို့ အတွက် သူတို့ လိုအပ်တာထက် သူတို့အတွက် ကျနော်တို့က ပိုလိုအပ်နေတာ သိထားရပါမယ် ။ 

         ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်ရှိတဲ့ တရုတ် နဲ့ အိန္ဒိယ တို့ရဲ့ စျေးကွက်ကြီးထဲ ထိုးဖောက်ဖို့ဆိုတာ ASEAN ထဲမှာ မြန်မာ့တည်နေရာက အကောင်းဆုံးပါပဲ ။ သယ်ယူစရိတ်သက်သာစွာနဲ့ ASEAN ထုတ်ကုန်တွေကို စျေးကွက်ထိုးဖောက်နိုင်ဖို့ဆိုတာ မြန်မာမရှိရင် အိပ်မက်ပမာ ဖြစ်ရမှာပါ ။ 

         ကောင်းပြီ မြန်မာသည် အခုလိုမျိုး ဒေသတွင်း အဖွဲ့အစည်းတွေ ဖြစ်တဲ့ BIMSTEC . GMS . ASEAN တို့ရဲ့ ဆုံမှတ် အချက်အခြာဖြစ်နေတဲ့အတွက် အသုံးချချင်တဲ့ နိုင်ငံကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာရပါတယ် ။ 

        အကောင်းအဆိုး ဒွန်တွဲနေတဲ့ အနေအထားမှာ ကျနော်တို့ လိမ္မာပါးနပ်ရင် လိမ္မာပါးနပ်သလောက် တိုးတက်နိုင်မှာ ဖြစ်သလို မိုက်မဲ တွေဝေရင်လည်း မိုက်မဲတွေဝေမိသလောက် ပေးဆပ်ဆုံးရှုံးမှု ကြီးမားလိမ့်မယ်ဆိုတာ သတိကြီးစွာ ထားရပါမယ် ။ 

         ကျနော်တို့ လူမျိုးတွေရဲ့ အားသာချက် အားနည်းချက်တွေကို မထောက်မညှာ တဲ့တဲ့ရှုမြင်သုံးသပ်ပြီး အကောင်းဖက်သို့ ပြောင်းလဲရပါလိမ့်မယ် ။ 

         ပြုပြင်ပြောင်းလဲ ဖြည့်ဆီးရန် မလွယ်ကူလှတဲ့ သဘာဝရေမြေ အနေအထားနဲ့ တည်ရှိရာဒေသက ပြီးပြည့်စုံနေပါပြီ ။ ပြောချင်တာက ကျနော်တို့ ဘိုးဘွားတွေ ထားခဲ့တဲ့ တန်းစေ့လမ်းစေ့ အမွေအနှစ်သည် မနိမ့်ကျလှပါဘူး ။ 

       အခုဖြစ်နေတဲ့ ပြဿနာက ပြုပြင်ပြောင်းလဲရန် ဖြစ်နိုင်ခြေရှိသော တိုင်းရင်းသားတို့ရဲ့ စိတိနေ စိတ်ထားနဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ် ။ မူလဗီဇ အရ မြန်မာတွေဟာ သင်လွယ်တတ်လွယ်တဲ့ ဥာဏ်ရည်မြင့်ကြသော လူမျိုးစုဖြစ်ပါတယ် ။ 

             ယခု ဆိုးဝါးတဲ့ ပြဿနာက မူးရစ်ဆေး ၊ လောင်းကစား နဲ့ စာပေမဖတ်ကြတဲ့ အကျင့်ကြောင့် လူငယ်တွေ ပျက်ဆီးနေပြီး ပျင်းရိခြင်း ၊ အချောင်လိုချင်ခြင်း ၊ အပျော်အပါး အလွန်အကျွံတပ်မက်ခြင်း ၊ အကျိုးအကြောင်း ဆက်စပ်တွေးခေါ် မစဥ်းစားတတ်ခြင်း အစရှိတာကို ထိမ်းချုပ်ပြောင်းလဲနိုင်ရင် အဆင်ပြေပါပြီ ။ 

       အပြောလွယ် အလုပ်ခက်တဲ့ ကိစ္စတွေမို့ လက်လျော့စရာ မလိုပါဘူး ။ မြန်မာတို့ရဲ့ သူရဲကောင်းကိုးကွယ်တဲ့ စိတ်အခံကို အသုံးချ ၊ ပညာရေးကဏ္ဍကနေ စပြင် ၊ တိကျပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ ထိမ်းသိမ်းအုပ်ချုပ် ၊ မှန်ကန်မျှတ တဲ့ အုပ်စိုးသူ စီမံခွင့်အာဏာပေးခဲ့ရင်ဖြင့်..........

          ဂျာမဏီက ကမ္ဘာကို စိန်ခေါ်ပြခဲ့သလို ၊ အစ္စရေးက ကုလအစီရင်ခံစာကို ကုလစင်မြင့်ထက်မှာ ဆွဲဖြဲခဲ့သလို တင့်တယ်တဲ့ တိုင်းပြည် ဖြစ်လာနိုင်ပါတယ် ။ 

        စက်ာပူကျော်ရမယ်ဆိုတဲ့ အညံ့စားရည်မှန်းချက်လောက်ကိုမှ မဖြစ်နိုင်ဘူးဆိုပြီး လှောင်ပြောင်နေတဲ့ တိုင်းပြည်ဟာ အုပ်စိုးသူတို့ မှန်ကန်မျှတတဲ့ ပေါ်လစီ မူဝါဒတွေ နဲ့ တကယ်ဆောင်ရွက်လာရင်ဖြင့် တနေ့မှာ 
BIMSTEC . GMS . ASEAN +3 တို့ကို နဖားကြိုးထိုး ခိုင်းစားလာနိုင်ရမယ်လို့ ယုံကြည်မိပါတယ် ။ 

       ကိုရွှေမျိုးဝင်း

(မြင့်မားတဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့ဆိုရင် နိမ့်ကျတဲ့ဘုရင် မအုပ်ချုပ်မိစေဖို့တော့ အရေးကြီးပါတယ်)