Sunday, September 5, 2021

ထောက်ခံကြသူများ 🍁


ဘယ်နိုင်ငံရေးအင်အားစုမှာမဆို 'ထောက်ခံသူ' (Supporters) ဆိုတာ အင်အားတစ်ခုအနေနဲ့ တည်ရှိနေတာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံ နီးလာတာနဲ့အမျှ အာဆီယံဟာ ဝရမ်းပြေး NUG တွေအပေါ် အဖက်မလုပ်စတမ်း ဆက်ဆံလာတယ်။ အဲဒါကလည်း မဆန်းဘူး။ 

ဇွန်လ (၁၄) ရက် (၂၀၂၁) ရက်စွဲနဲ့ သူ့ထောက်ခံသူတွေက အာဆီယံအလံကြီးကို မီးတင်ရှို့သွားတဲ့သတင်းက နိုင်ငံတကာသတင်းတွေမှာရော၊ YouTube နဲ့ Dailymotion မှာပါမကျန် ဗီဒီယိုဖိုင်တွေ ပျံ့နှံ့နေခဲ့ပါတယ်။ 

Myanmar: Protesters burn ASEAN flag ဆိုတဲ့ ခေါင်းစဉ်က Euronews သတင်းဌာနမှသည် အခြား သတင်းဌာနတွေထိ ပျံ့ကုန်တယ်။ သိပ်ကိုရိုင်းစိုင်းပြီး ရှက်စရာကောင်းတဲ့အပြုအမူဖြစ်ပါတယ်။ အဲဒီလို အလံမီးရှို့တဲ့လုပ်ရပ်ကို များသောအားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာပဲ တွေ့ရများတယ်။ အလံတွေကို ချနင်းတယ်။ အမေရိကန်၊ အစ္စရေးအလံတွေ အနင်းခံကြရတာ များပါတယ်။ ဒီလို အာဆီယံအလံကို မီးရှို့ချနင်းတဲ့ အသိဉာဏ်နိမ့် ထောက်ခံသူတွေဟာ အာဆီယံကို ရန်သူလိုသဘောထား စော်ကားပြီး သူတို့အုပ်စုရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ရိုက်ချိုးခဲ့ကြတာဖြစ်တယ်။ ဒီတော့ အနည်းဆုံး အကြမ်းဖက် NUG ဟာ အာဆီယံရဲ့ထောက်ခံမှုကို ဆုံးရှုံးပါတယ်။

တရားဝင်မှုမရှိဘဲ လူထောက်ခံမှုသက်သက်ကို အားကိုးရပ်တည်နေရတဲ့လူတွေက ရိုင်းစိုင်းတဲ့ထောက်ခံသူတွေကို ထိန်းကျောင်းနိုင်ခြင်းမရှိဘဲ ကျွန်တော်မြင်သလောက်ကတော့ အာဆီယံကို ရန်လုပ်နေတာပဲ။ အာဆီယံကိုတောင် မစည်းရုံးနိုင်မှတော့ ကုလသမဂ္ဂကို အိပ်မက် မက်မနေသင့်တော့ဘူး။ ထောက်ခံသူတွေက အသိဉာဏ်နိမ့်တယ်ဆိုလို့ ဦးဆောင်သူတွေက အရည်အချင်းရှိလား ဆိုတော့လည်း ထူးမခြားနားပါပဲ။ 

ကြီးကြီးကျယ်ကျယ်တွေ လှုံ့ဆော်တယ်။ ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်။ အခု Covid ရောဂါကာလအတွင်း ကုန်ဈေးနှုန်းတွေ အနည်းနဲ့အများ တက်လာကြတော့မယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်းတွေအတွက် NUG ရဲ့တာဝန်ယူမှုက ဘာလဲ။ အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းအင်အားထုကြီးက မနည်းမနောပါ။ ပိုပြီးကြပ်တည်းလာတော့မှာ။ အရင်က ဆောင်းပါးတစ်ပုဒ်မှာ အလုပ်လက်မဲ့ဖြစ်ခြင်းရဲ့ အကျိုးဆက်တွေကို သုတေသနဆောင်းပါးတွေကို ကိုးကားပြီး ကျွန်တော် ရေးခဲ့ဖူးပါတယ်။ 

ဝင်‌ငွေမရှိတော့တာနဲ့တစ်ပြိုင်နက် စပြီး ဆင်းရဲပါပြီ။ စားဝတ်နေရေးခက်ခဲပြီ။ ဆေးဖိုးလိုလာပြီ။ မိသားစုကို စောင့်ရှောက်နေရရင် တစ်အိမ်လုံး ဒုက္ခရောက်ပြီ။ "အလုပ်မလုပ်ပါနဲ့၊ အိမ်မှာပဲနေပါ၊ ပြည်သူက တင်ကျွေးမှာပါ" ဆိုတဲ့အသံတွေ ကြားသေးလား။ လောလောဆယ်တော့ အိမ်စောင့်အစိုးရက ပိတ်ရက်ရှည်ကြီးနဲ့ လစာထုတ်ပေးနေတာပဲတွေ့တယ်။ စီးပွားရေးကျဆင်းမှုနဲ့ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှု တိုးတဲ့အခါ အတော်ခက်ခဲတဲ့ ကာလကြီးကို ရင်ဆိုင်ရလိမ့်မယ်လို့ မြင်ပါတယ်။ ပိုဆိုးတာက တော်လှန်ရေးကို အကြောင်းပြပြီး လက်နက်တွေရောက်နေတာပဲ။ ရာဇဝတ်မှုတွေကို လက်ယပ်ခေါ်နေတာနဲ့တူတယ်။ မြို့သိမ်းတိုက်ပွဲဆိုတာ လက်တွေ့မကျမှန်း ဝရမ်းပြေးတွေနားလည်တော့ နောက်ကျသွားပြီ။

တရားလွန် မဲခိုးလို့ တပ်မတော်က အာဏာဝင်ထိန်းလိုက်တယ်။ ဒါကို မကျေနပ်ပါဘူး ဆိုပြီး စင်ပြိုင်အစိုးရ ထထောင်ပြီးတဲ့နောက် ...
အကျိုးဆက်တွေကို တာဝန်ခံရဲသလား လို့ မေးချင်တယ်။ ဒီနေ့ဖြစ်ရပ်တွေဟာ အသိဉာဏ်နိမ့် လူတန်းစားတွေကို လျှော့တွက်ခဲ့တဲ့ အိမ်စောင့်အစိုးရနဲ့ အစိုးရဖြစ်ရပြီးရော အာဏာရူးနေတဲ့အုပ်စုမှာ (၅၀/၅၀) တာဝန်ရှိပါတယ်။ တစ်ဖက်တည်းကို အပြစ်ပုံချလိုက်လို့လည်း မရပြန်ပါဘူး။ 

ဒီတော့ ကျွန်တော် အဓိကပြောချင်တာက - 

- NUG ရဲ့ Diplomatic အရှုံးတွေဟာ မိုက်ရိုင်းရမ်းကားတဲ့ သူ့ထောက်ခံသူတွေကြောင့် ဖြစ်ရတာဖြစ်ပြီး တပ်မတော်ရဲ့ စစ်ကြောင်းထိုးတဲ့ဒဏ်၊ စခန်းသိမ်းတဲ့ဒဏ်ကို တောခိုဂျန်ဇက်တွေ လှိမ့်နေအောင်ခံနေရတာကလည်း NUG ရဲ့ အာချောင်မှုတွေကြောင့်ပါ။ 

- ထောက်ခံသူတွေက တည်ငြိမ်ပြီး NUG က အာမချောင်တော့ရင် ဘာဆက်ဖြစ်မလဲ။ မြန်မာတွေရဲ့ ကောက်ရိုးမီးစိတ်ဓာတ်နဲ့တွေ့ပြီး အားလုံးကို မကြာမီ မေ့လျော့ကြမှာပဲ။ 

- ဒီတော့ ရွေးစရာမရှိတဲ့ ထောက်ခံသူတွေနဲ့ ဦးဆောင်သူတွေဟာ ရှုံးနေတဲ့ပွဲကြီးကို ငါတို့နိုင်မှာ - လို့ ကြွေးကြော်ရင်း ဆက်က နေကြရတာပါပဲ။

- ရောဂါကပ်ဘေးတွေကြောင့်ရော နိုင်ငံရေး မတည်ငြိမ်မှုကြောင့်ပါ တိုင်းပြည်ရဲ့ စီးပွားရေးက အကျဘက်ကို ဦးတည်လာလိမ့်မယ်။ လူတွေ ပိုကြပ်တည်းလာမယ်။ ပျော်ပျော်ကြီး အလုပ်လက်မဲ့ ဖြစ်ကုန်ကြတဲ့လူတွေ ပိုဆိုးနိုင်ပါတယ်။

- ဒီတော့ စားဝတ်နေရေးပြဿနာကို လက်နက်နဲ့ ဖြေရှင်းတာတွေဖြစ်မလာခင် အစိုးရအနေနဲ့လည်း လုံခြုံရေးကို အခုထက်ပို အားထည့်ပေးဖို့ လိုပါလိမ့်မယ်။ တချို့ကိစ္စတွေက အစိုးရရဲ့ ပျော့ပြောင်းမှုကြောင့် ရောင့်တက်လာကြတာတွေပါပဲ။ တရုတ်ကိုယ်စားလှယ်နဲ့လည်း တွေ့ပြီးပြီဆိုတော့ EAO တွေကိစ္စလည်း ထူးမယ်လို့ မျှော်လင့်ရတယ်။

အရင်က ကျွန်တော် ခန့်မှန်းဖူးတာက ဩဂုတ်တစ်လတော့ လုံခြုံရေးအထူး ဂရုစိုက်ရလိမ့်မယ် လို့ပါ။ စက်တင်ဘာလမှာတော့ အကြမ်းဖက်တွေ အားပျော့လာနိုင်ပါတယ်။ Diplomatic အရှုံးတွေကြောင့်ရယ်၊ စစ်ပန်းသလို ပန်းလာကြတဲ့ ထောက်ခံသူတွေကြောင့်ရယ်၊ တဖြည်းဖြည်း ငြိမ်ကျသွားနိုင်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ ပြီးရင် ပိုပြီး သိသိသာသာ မြင်ရမှာ သေချာတယ်။

ကျွန်တော်ကတော့ ရိုးရှင်းစွာပဲ ခံယူထားပါတယ်။ ဘယ်အဖွဲ့ကို ထောက်ခံသည်ဖြစ်စေ၊ တည်ဆဲဥပဒေနဲ့အညီနေထိုင်ပြီး နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိသွားမှာပါပဲ။ 

သန့်နေစိုး (1. Sept. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is an analysis on Diplomatic relations between Myanmar and the ASEAN. The role of NUG is being emphasized. Authentic sources from AFP, Euronews, YouTube and other media referring. Nothing violates the community standards of Facebook. Before you act like dumbass in removing post, please visit the following links, 

https://www.euronews.com/amp/2021/06/14/myanmar-protesters-burn-asean-flag

https://www.euronews.com/2021/06/14/myanmar-protesters-burn-asean-flag

https://twitter.com/maywongcna/status/1401188205521608710

https://www.dailymotion.com/video/x81y5a6

https://youtu.be/udLqCLxQI5k