Thursday, September 16, 2021

#ရေပွက်ပမာ


အမေရိကန်နိုင်ငံမှာ ၂၀၀၁ခုနှစ် စက်
တင်ဘာလ ၁၁ရက်နေ့က ဖြစ်ပွားခဲ့
တဲ့ ၉/၁၁အကြမ်းဖက်မှုရဲ့ အနှစ်၂၀
ပြည့်ကာလနဲ့ပတ်သက်ပြီး သတင်း
သုံးသပ်ချက်တွေ အမျိုးမျိုး ထွက်
ပေါ်ခဲ့ပါတယ်။တချို့ကလည်း၉/၁၁
ကြုံတွေ့ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံ
တွေကို ပြန်ဖော်ထုတ်ကြတာ တွေ့ရ
ပါတယ်။ 

၉/၁၁ ဖြစ်ရပ်ကြောင့် သက်ရောက်မှုခံခဲ့ရသူတွေထဲမှာ ကျွန်တော်လည်းပါခဲ့ပါတယ်။ အဲဒီညက ဂြိဟ်တုရုပ်မြင်သံကြား CNN သတင်းမှာ နယူးယောက်က WTC တိုက်ညီနောင်ကို လေယာဉ်နဲ့ အသေခံဝင်တိုက်နေတဲ့ ဖြစ်ရပ်က ကြားဖြတ် ပေါ်လာတော့ လူကြီးတွေဆီ အထူးသတင်းနဲ့ သုံးသပ်ချက် တင်နိုင်ဖို့ တစ်ညလုံး ရုပ်မြင်သံကြားထိုင်ကြည့် အင်တာနက်သတင်းတွေ စောင့်ကြည့်ပြီး အလုပ်ရှုပ်နေခဲ့ရတာ သတိရမိပါတယ်။ အဲဒီတုန်းက လူတိုင်းသိချင်တဲ့ အဓိကမေးခွန်းက ဘယ်သူလုပ်တာလဲ ဆိုတဲ့မေးခွန်းပါပဲ။ တစ်ညလုံး မွှေနှောက်ရှာဖွေပြီးတဲ့နောက် မနက် ၈နာရီလောက်မှာ လူကြီးရှေ့ရောက်သွားပြီး သတင်းပို့ရှင်းလင်းတင်ပြချိန်မှာတော့ အယ်ကေဒါအဖွဲ့နဲ့ အိုစမာဘင်လာဒင်တို့ အကြောင်းကိုပါ အတန်အသင့် ပြည့်ပြည့်စုံစုံတင်ပြနိုင်ခဲ့ လို့ တော်ပါသေးတယ်။ အဲဒီနောက်မှာတော့ ၂၀၀၁ခုနှစ် အောက်တိုဘာလမှာ အမေရိကန်က အာဖဂန်နစ္စတန်ကို  Operation Enduring Freedom ဆိုပြီး ဝင်တိုက်လိုက်ပြန်တော့ မဆုံးနိုင်တဲ့ဇာတ်လမ်းနဲ့ အလုပ်ရှုပ်သွားပြန်ပါတော့တယ်။ 

#အဝင်နဲ့အထွက် 

အခုတော့လည်း အနှစ်၂၀အကြာမှာ ဒါတွေက သမိုင်းဖြစ်သွားခဲ့သလို အခြေအနေတွေကလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ အာဖဂန်ကို သိမ်းပိုက်ခဲ့တုန်းက အင်အားကြီးမားလှတဲ့ အမေရိကန် ကြည်းတပ်ရဲ့ သံချပ်ကာတင့်ကားတပ်တွေ၊ ခြေလျင်တပ်တွေ တစ်ခုမှမပါပဲ၊ မြင်းစီးပြီး ချီတက်တဲ့ အာဖဂန်ဒေသခံ တာလီဘန်ဆန့်ကျင်ရေး အင်အားစုတွေကို အမေရိကန် စီအိုင်အေအထူးတပ်ဖွဲ့က နောက်ကွယ်ကနေ ပံ့ပိုးထိန်းချုပ်ပြီး တိကျပဲ့ထိန်း လေကြောင်းပစ်ကူ နဲ့တင် တာလီဘန်တွေကို ရက်အနည်းငယ်အတွင်း ထွက်ပြေးဆုတ်ခွာ သွားရအောင် တိုက်ထုတ်ပစ်နိုင်ခဲ့တာ သတိရမိပါတယ်။ အဲဒီစစ်ပွဲ ဟာ အမေရိကန်တွေ တစ်ဦးတစ်ယောက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အနိုင်ရခဲ့တဲ့ တစ်ခုတည်းသော Zero Casualty War ဖြစ်တယ်လို့ ကြွားနိုင်ခဲ့ကြတာလည်း မှတ်မိပါတယ်။ 

အခုတော့လည်း အဝင်တုန်းက အလွယ်တကူ အလျင်အမြန်အောင်ပွဲခံနိုင်ခဲ့သလောက် အထွက်မှာတော့ ဗရုသုက္ခနဲ့ အလျင်အမြန်ထွက်ပြေးသွားကြရလို့ လေယာဉ်တွေ၊ကားတွေတောင် သယ်ရွှေ့မသွားနိုင်အောင် ဖြစ်ခဲ့တာတွေ့ရပါတယ်။ တစ်နည်းပြောရင်တော့ အလာတုန်းကလည်း ဘာမှမပါ လက်ဗလာနဲ့၊ ထွက်သွားတော့လည်း ဘာမှမပါ လက်ဗလာနဲ့ တရားကျစရာ ကောင်းလှပါတယ်။ 

ဒါပေမဲ့ အဝင်နဲ့အထွက် ကွာဟချက် အနှစ်၂၀မှာ အမေရိကန်နိုင်ငံရဲ့ အနေအထားက လုံးလုံးလျားလျား ကွာခြားသွားတာကတော့ အမှတ်ထင်ထင် သတိပြုမိစရာပါပဲ။ 

၂၀၀၁ခုနှစ်တုန်းက အမေရိကန်ဟာ ဘုန်းမီးနေလတောက်ပခဲ့ပြီး လုပ်သမျှတင့်တယ်နေတဲ့ အချိန်ပါ။ ၂၀၂၁ကျတော့ စီးပွားပျက်ကပ် ရောဂါကပ်တွေနဲ့ ပြည်တွင်းနိုင်ငံရေးမှာလည်း အကွဲအပြဲတွေနဲ့ ဖရိုဖရဲအားနည်းနေတဲ့ လူမမာသည်ကြီး ဖြစ်နေပါပြီ။ နိုင်ငံကြီးတစ်ခုရဲ့ လောကဓံက ကမ္ဘာ့နိုင်ငံရေးမှာ တရားကျစရာကောင်းလှပါတယ်။ 

အမေရိကန်နိုင်ငံရဲ့ အဖြစ်ကိုကြည့်ရင်း စိတ်ထဲမှာ ဝင်လာတဲ့ အတွေးက နှစ်ခုရှိပါတယ်။ တစ်ခုကတော့ သံဝေဂ အတွေးပါ။ "တက်ကြွားကြွကြွ မြင့်လွန်းလှလည်း လျောကျနောက်ဆုံး ရှိချေ၏။" ဆိုတဲ့ တရားလင်္ကာလေးနဲ့ " ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း။" ဆိုတဲ့ အနန္တသူရိယ အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာလေး ကို ပြေးပြီး သတိရမိတာပါ။ အနှစ်၂၀ဆိုတာ လူ့ဘဝမှာတောင် ဘာမှမကြာလိုက်တဲ့ ဆယ်စုနှစ်ကလေး ၂ခုမျှသာမို့ နိုင်ငံတစ်ခုအတွက်ဆိုရင်တော့ ရေပွက်ပမာ ခဏတာ အတွင်း အတက်အကျ ကြမ်းလွန်းမှုကို တရားရမိတာဖြစ်ပါတယ်။ 

#ဘဝင်လေဟပ်သည့်ရောဂါ 

နောက်အတွေးတစ်ခုကတော့ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို နိုင်ငံရေးသိပ္ပံအမြင်နဲ့စေ့ငုမိရင်း စဉ်းစားမိတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ရင်း State Narcissism ဆိုတဲ့ စကားလုံးလေးက ခေါင်းထဲကို ပြေးဝင်လာပါတယ်။ Narcissism ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် အရှိတရားထက်ပို အထင်ကြီးပြီး ဘဝင်လေဟပ်သွားတဲ့သဘောပါ။ State Narcissism ဆိုတော့ နိုင်ငံနဲ့ချီပြီး ဘဝင်လေဟပ်သွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

၂၀၀၁ခုနှစ်တုန်းကတော့ အမေရိကန်အနေနဲ့ ဘဝင်လေဟပ်မယ်ဆိုလည်း ဟပ်နိုင်တဲ့ အနေအထားပါ။ ၁၉၉၀ပြည့်လွန်နှစ်တွေမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ အရှေ့အုပ်စုပြိုကွဲသွားတယ်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ အရှေ့အလယ်ပိုင်းက ဂြိုဟ်ကြွလာတဲ့ ဆက်ဒမ်ဟူစိန်ရဲ့ အီရတ်န်ုင်ငံကို ပြားပြားဝပ်သွားအောင် ပညာပေးနိုင်ခဲ့တယ်။ ပြိုင်ဘက်မရှိ တစ်ခုတည်းသော ကမ္ဘာ့ မဟာ အင်အားကြီးဖြစ်လာတဲ့ အမေရိကန်နိုင်ငံ ဟာ သူ့ရဲ့ဦးဆောင်မှုနဲ့ ကမ္ဘာကြီးကို သာယာအေးချမ်းကြွယ်ဝတဲ့ ဒီမိုကရေစီထွန်းကားသော ကမ္ဘာ့ပုံစံအနေအထား အသစ် New World Order ထူထောင်တော့မယ်လို့ အဲဒီတုန်းက အမေရိကန်သမ္မတဖြစ်တဲ့ ဂျော့ခ်ျဘုရ်ှက ခပ်ကြွားကြွားပြောကြားခဲ့တာရှိသလို ရှေးရိုးစွဲလက်သစ်neocon သမိုင်းဆရာ ဖရန်စစ် ဖူကူးယာမ ကလည်း လူ့ဘောင်သမိုင်းမှာ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ်ဟာ ဂိတ်ဆုံးပဲ၊ သူ့နောက် ဝါဒအသစ် အတွေးအခေါ်အသစ် ထပ်ပေါ်စရာမရှိတော့ဘူး ဆိုတဲ့ သမိုင်း၏နိဂုံးနှင့် နောက်ဆုံးလူသား End of History and the Last Man ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပါသေးတယ်။ 

အဲဒီကတည်းက ဖူကူးယာမ ရဲ့ဆရာ ဆင်မျူယယ်ဟန်တင်တန်က ယဉ်ကျေးမှု အသိုက်အဝန်းနှစ်ခု၏ တွန်းတိုက်မှု Clash of Civilizations ဆိုတဲ့စာအုပ်ကို ရေးပြီး ရှေ့မှာဖြစ်လာနိုင်တဲ့ ဘာသာရေး၊လူမျိုးရေး ယဉ်ကျေးမှု မတူတဲ့ အသိုက်အဝန်းတွေ အကြား ပေါ်ပေါက်လာမယ့် ပဋိပက္ခတွေအကြောင်း သတိပေးခဲ့ပါတယ်။ 

အခုတော့ ဟန်တင်တန်ပြောခဲ့တဲ့ တွန်းတိုက်မှုတွေအကြားမှာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုတွေ နေရာအနှံ့ ကျယ်ပြန့်လာပြီး သွေးချောင်းစီးမှုတွေ ဖြစ်ခဲ့တာတွေ့ရပါတယ်။ အာဖဂန်နစ္စတန်ကတော့ ထိပ်တိုက်ပဋိပက္ခအကြီးအကျယ် ဖြစ်ခဲ့တဲ့ နေရာပါပဲ။ဒီနေရာမှာ သဘောထားပြင်းထန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီဖြန့်ကျက်ရေးဝါဒီ အမေရိကန်နဲ့ သဘောထားပြင်းထန်တဲ့ ဘာသာရေးအရိုးစွဲဝါဒီ တာလီဘန်တို့အကြား ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုပါ။ 

အစပိုင်းမှာတော့ အဲဒီအချိန်က အင်အားအကြီးဆုံး ဖြစ်တဲ့ အမေရိကန်ရဲ့ အတိအကျ ပဲ့ထိန်းပြီး ကြဲချတဲ့ ဗုံးမိုးရွာမှုကြောင့် ထုပေနာပေ အကြမ်းခံ ပါတယ်ဆိုတဲ့တာလီဘန်တွေ လေထဲမှာ ခေါင်းပေါင်းစ ကြွက်မြီးတန်းအောင် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ 

ဒီအောင်ပွဲတွေက မြင်းကို ချိုတပ်ပေးလိုက်သလို၊ ကျားကို အတောင်ပံတပ်ပေးလိုက်သလိုဖြစ်ပြီး အမေရိကန် မူဝါဒ ချမှတ်သူတွေကို ဘဝင်လေဟပ်သွားစေခဲ့တာပါပဲ။ 

#အမေရိကန်အိပ်မက် 

တကယ်တော့ အမေရိကန်တွေ ဘဝင်လေဟပ်ခဲ့တာကတော့ အခုမှ မဟုတ်ပါဘူး။ သမိုင်းနဲ့ချီပြီး ကြာခဲ့ပါပြီ။ အမေရိကန်တွေဟာ ပဒေသရာဇ်စနစ်ကို ဖြိုချပြီး လူလူချင်း တန်းတူ တန်ဖိုးထားတဲ့ဒီမိုကရေစီစနစ်ကို ကမ္ဘာမှာ စပြီးကျင့်သုံးနိုင်ခဲ့တဲ့အတွက် ကမ္ဘာမှာ အကောင်းဆုံး၊ စီးပွားရေး၊နည်းပညာစတဲ့ ကဏ္ဍတွေမှာလည်း ထိပ်တန်းရောက်တဲ့အတွက် ကမ္ဘာပေါ်မှာ အတော်ဆုံး ဆိုတဲ့ The Best and Brightest People  အယူအစွဲက ရှေးကတည်းက ခိုင်မြဲနေခဲ့တာဖြစ်ပါတယ်။ဘဘဘလ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ရှိသမျှလူတိုင်းက ပဒေသာပင်မြေကပေါက်သလို ရောက်တာနဲ့ကြီးပွားနိုင်တဲ့ ပြည်တော်သာနိုင်ငံ welfare state ကြီးကို ရောက်ချင်လိုက်တာ ဆိုတဲ့ အမေရိကန်အိပ်မက် American dream ရှိနေကြတယ်လို့လည်း စွဲမြဲ ခံယူခဲ့ကြတာဖြစ်ပါတယ်။ဒါကလည်း အချိနိအတိုင်းအတာတစ်ခုအထိ အမှန်တရားဖြစ်လို့ အမေရိကန်တွေ ယူစွဲမှတ်သားခဲ့ကြတာလည်းမှားတယ်လို့ မဆိုနိုင်ပါဘူး။ 

သို့သော်လည်း ဒီအယူအစွဲကို ဆင့်ကဲ တိုးမြှင့်ပြီး ငါတို့က အင်အားအကြီးဆုံး ဓမ္မဝါဒီတွေ၊ ကမ္ဘာကြီးကို ငါတို့ကပဲဦးဆောင်စောင့်ရှောက်ရမှာ၊ ငါတို့ကိုတော့ လာပြီး ဘက်ပြိုင်အံတုတာ မလုပ်နဲ့၊ နည်းနည်းမှ သည်းခံမှာ မဟုတ်ဘူး။ ငါတို့နောက်ကိုမလိုက်ရင် ငါတို့ရန်သူဘက်သား။ ငါတို့လို ဓမ္မဝါဒီတွေဘက်မပါရင် မိစ္ဆာဝါဒီတွေပဲလို့ တရားသေမှတ်ယူတဲ့ Us VsThem, Good Vs Evil ဆိုတဲ့ အယူအစွဲတွေ ခိုင်မာနေတာကတော့ အမေရိကန်ကို စစ်အေးခေတ်ကတည်းက နေရာတကာမှာ ပြဿနာရှာလို့ "အမေရိကန် ငပွကြီးThe Ugly American၊ ကမ္ဘာ့ပုလိပ်ကြီး Globocop၊ ဗိုလ်ကျစိုးမိုးရေးသမား Hegemon"ဆိုတဲ့ နာမည်ဆိုးတွေလည်း မကြာခဏရစေခဲ့တာဖြစ်ပါတယ်။ ၉/၁၁ ဖြစ်ရပ်အပြီးမှာ သမ္မတ ဘုရ်ှက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်နွှဲဖို့ War on terror ကို ကြေညာခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေကို သူ့ဘက်လိုက်မလား၊ တစ်ခြားဘက်လိုက်မလား ကြိုက်တာရွေး လို့ ခပ်ပြင်းပြင်း ဩဇာပေးခဲ့တာ ဒီစိတ်နေစိတ်ထားက အခြေခံတာပဲဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ၂၀၀၁ခုနှစ်မှာ အာဖဂန်ကို အလွယ်တကူ စရိတ်သက်သက်သာသာနဲ့ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ဘဝင်လေဟပ်တဲ့အရှိန်က ပိုမြင့်သွားပြီး ၂၀၀၃ခုနှစ်မှာ အီရတ်ကို အပြစ်မရှိအပြစ်ရှာ သိမ်းပိုက်လိုက်ပြန်ပါတော့တယ်။ အဲဒီမှာလည်း သာလွန်လေကြောင်း အင်အားသုံးပြီး အလွယ်တကူ သိမ်းနိုင်ခဲ့သလို ဆက်ဒမ်ဟူစိန်ကိုလည်း တွင်းထဲက မြေကြွက် ဖမ်းသလိုဖမ်းပြီး ကြိုးပေးစီရင်နိုင်ခဲ့တဲ့အတွက် အမေရိကန်တွေရဲ့ ဇာတိပုည ဂုဏ်မာန တွေ ကောင်းကင်ထိမြင့်တက်ခဲ့တဲ့ ရွှေထီးဆောင်းကာလလို့ဆိုနိုင်ပါတယ်။ 

#သဲနွံထောင်ချောက် 

သို့သော်လည်း အငိုလွယ် အရှိုက်ခက် ဆိုတာလို အာဖဂန်နဲ့ အီရတ်စစ်ပွဲနှစ်ခုနိုင်လိုက်တာဟာ အဲဒီနှစ်နိုင်ငံရဲ့ အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ပြဿနာ ဝန်ထုပ်ဝန်ပိုးကို ဝင်ထမ်းလိုက်ရတာဖြစ်ပြီး ကန္တာရထဲမှာ သဲနွံ quick sand နစ်သလို ရေရှည် စစ်နွံနစ်ရတော့မယ့် ထောင်ချောက်ဖြစ်သွား လိမ့်မယ်ဆိုတာကိုတော့ အမေရိကန် ရွှေဉာဏ်ရှင်များ မသိနိုင်ခဲ့ကြပါဘူး။ သူတို့က အာဏာရှင် အစွန်းရောက်နိုင်ငံတွေကို ဝင်သိမ်ူလိုက်ရက် ဖိနှိပ်ခံပြည်သူတွေက သပြေပန်းနဲ့ လက်ကမ်းကြို ကြမှာဖြစ်ပြီး ဒီမိုကရေသီထူထောင် ရွေးကောက်ပွဲလုပ်ပေးပြီးတာနဲ့ အရာအားလုံး အိုကေသွားလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ဒါပေမဲ့ တကယ်တမ်းကျတော့ အထင်နဲ့အမြင်က တက်တက်စင် လွဲခဲ့ပါတော့တယ်။ 

ပိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုတာလိုပဲ၊ အမေရိကန် သုတေသနဌာနတွေ အဆိုအရ ၂၀၀၁ကစပြီး အီရတ်မှာ စစ်အသုံးစာရိတ် ဒေါ်လာ၂ထရီလီယံ၊အာဖဂန်မှာ ၂.၂၊ ဆီးရီးယား ပါကစ္စတန်ပေါင်းရင် ၆.၄ ထရီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီစစ်တွေမှာ ဘာတွေများ ရလဒ် ထွက်ခဲ့ပါသလဲ။ သေချာတာကတော့ အမေရိကန်စစ်သား ၈၀၀၀ကျော်ကျဆုံးခဲ့ပြီး ဒေသခံ အပြစ်မဲ့အရပ်သား ၈သိန်းကျော်သေဆုံးကာ သန်းနဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ကုန်ကြတာပါပဲ။ သိသလောက်တော့ ဒီလောက်အကုန်အကျခံပေမဲ့ အဲဒီနေရာတွေမှာ ငြိမ်းချမ်းရေးလည်းမရခဲ့တဲ့အပြင် ဒီမိုကရေစီဆိုတာလည်း အစစ်အမှန် မထွန်းကားနိုင်ခဲ့ပါဘူး။ 

#ခေါက်ရှာငှက်ပျံလောကဓံ 

၂၀၀၉ခုနှစ်မှာ Washington concensus လို့ ခေါ်တဲ့ အထိန်းအကွပ်မဲ့ဈေးကွက်စနစ် ကြောင့် အမေရိကန်က စတင်ခဲ့တဲ့ စီးပွားပျက်ကပ်ကြီး ပေါ်ပေါက်ခဲ့ရာက အင်အားနိုင်ငံရေးမှာ ကြီးမားတဲ့အလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။  ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး အမေရိကန်လည်း အခြေခံကျတဲ့ စီးပွားရေးက အထိနာခဲ့လို့ ဘက်ပေါင်းစုံမှာ အင်အားချိနဲ့သွားခဲ့ပါတယ်။နိုင်ငံတကာမှာ တပ်အင်အားတွေ အများကြီးချထားဖို့ စာရိတ်မတတ်နိုင်တော့တာမို့ ၂၀၁၁ခုနှစ် သမ္မတအိုဘားမားလက်ထက်မှာ တပ်အင်အားအများစုကို  အီရတ်ကနေ ဆုတ်ခွာခိုင်းခဲ့ရပါတယ်။  အာဖဂန်မှာလည်း စစ်အင်အားတွေ ဝိတ်လျှော့ခဲ့ရပါတယ်။ အဲဒီအခါမှာ ကြောင်မရှိ ကြွက်မြူးဆိုတာလို အီရတ်နဲ့ဆီးရီးယားမှာ IS တွေထကြွလာခဲ့သလို အာဖဂန်မှာလည်းတာလီဘန်တွေ သောင်းကျန်းလာခဲ့ပါတယ်။ 

နိုင်ငံအင်အားမှာ စီးပွားရေးအင်အားက အခြေခံကျတယ်ဆိုတာ သိပေမဲ့ သမ္မတထရမ့်လက်ထက်မှာ  တရုတ်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်ခဲ့လို့ ထိခိုက်နစ်နာခဲ့သလို ကမ္ဘာအနှံ့ ပြန့်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့်လည်း အမေရိကန်စီးပွားရေးက ကျဆင်းခဲ့ရပြန်ပါတယ်။ 

သမ္မတဘိုင်ဒင် တက်လာချိန်မှာတော့ နိုင်ငံရဲ့အနေအထားက ဟန်လုပ်ပြီး မာန်ထုတ်နေရပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိတာမို့ အာဖဂန်နစ္စတန်ကနေ နောက်ကြောင်းပြန်လှည့် မကြည့်နိုင်တော့ဘဲ ဒရောသောပါးဆုတ်ခဲ့ရတော့တာပါပဲ။ အီရတ်မှာကျန်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်၂၅၀၀လောက်ကိုလည်း ၂၀၂၁နှစ်ကုန်ပိုင်းမှာ အပြီးရုပ်သိမ်း တော့မယ်လို့ ဆ်ုပါတယ်။ 

ဒီလို အာဖဂန်နစ္စတန်မှာ ပရမ်းပတာ အခြေအနေတွေ ချန်ထားပြီး လက်လွတ်စပယ် ဆုတ်ခွာသွားခဲ့တာနဲ့ပတ်သက်ပြီး အတော်ကလေး ပြစ်တင်ပြောဆိုခဲ့ကြရာမှာ အမေရိကန်နဲ့ဆွေမျိုးအရင်းကြီးဖြစ်တဲ့ ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးကတောင် အမေရိကန်ဟာ စူပါပါဝါ မဟုတ်တော့ဘူးလို့ဝေဖန်လာခဲ့တာ တွေ့ရပါတယ်။ 

အမေရိကန်ထွက်သွားလို့ အင်အားလစ်ဟာသွားတဲ့ အာဖဂန်မှာ တရုတ်က အစားထိုးဝင်လာတာကိုတွေ့ရသလို၊ နိုင်ငံရေးအရ ဖိအားပေးခံရပြီး အားနည်းသွားတဲ့ အမေရိကန်သမ္မတဘိုင်ဒင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို သူကနေစပြီး ဖုန်းခေါ် ဆွေးနွေးကာ လေပြည်ထိုးလာရတာတွေ့ရပါတယ်။ အင်အားနည်းသွားရင် လူမလေး ခွေးမခန့်ဖြစ်လာတတ်တာ သဘာဝပဲမို့ စားနပ်ရိက္ခာအကြပ်အတည်းဖြစ်နေတဲ့  မြောက်ကိုရီးယားကတောင်မှပဲ  တာဝေးခရုဇ်ဒုံးပျံနဲ့ တာတိုပစ်ဒုံးတွေကို စမ်းပြလာတာတွေ့ရပါတယ်။ 

အနှစ်၂၀အတွင်းမှာ တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံကြီးလို့ ဝင့်ကြွားနေခဲ့တဲ့ နိုင်ငံကြီးရဲ့ အင်အားယိုင်နဲ့ကျဆင်း ပြောင်းလဲသွားတာကြည့်ရင် ငါနဲ့ ငါသာ နှိုင်းစရာလို့  မိုးမမြင် လေမမြင် ထင်ရာစိုင်းနိုင်ခဲ့ချိန်မှာ အဆင်အခြင်နည်းစွာ ဆုံးဖြတ်လုပ်ဆောင်ခဲ့တဲ့ အမှားတွေက ဆက်တိုက် အကျိုးဆက်တွေ ဖြစ်ပေါ်လာစေခဲ့ပြီး သင်္ချာ ပညာရပ်မှာ ထင်ရှားတဲ့ catastrophe theory အရ အမြင့်တက်လာရာက အခြေအနေတစ်ခုမှာ မထိန်းနိုင်တော့ဘဲ လျောကျသွားရတဲ့ အဖြစ်မျိုးကြုံခဲ့ရတယ်လို့ သုံးသပ်မိပါတယ်။ တရားတော်အရ ကြည့်ရင်တော့ ဘယ်အရာမှ ထာဝရမမြဲ၊ ကိုယ့်အလိုအတိုင်း မဖြစ်နိုင်တဲ့ လောကကြီးမှာ  ကမ္ဘာ့ထိပ်ဆုံးနေရာကို ဘယ်လောက်ပဲ အမြဲပိုင်ဆိုင်ထားချင်ပေမဲ့လည်း၊ ကံကြမ္မာ အကြောင်းမသင့်တဲ့အခါ ခေါက်ရှာငှက်ပျံလောကဓံ နဲ့ ကြုံရနိုင်တာဖြစ်ကြောင်း သံဝေဂပွားမိရပါတော့တယ်။
#ဆရာဦးကိုကိုလှိုင်
#Photo