Thursday, September 2, 2021

နားလည်မှု အရေးကြီးပါတယ်


            လိုင်းပေါ်မှာ တင်နေကြတဲ့ ပို့စ် တွေအပေါ် ဝေဖန်ထောက်ပြကြတဲ့အခါ မိမိရဲ့ ပိုင်းဖြတ်နိုင်စွမ်းဟာ အရေးကြီးပါတယ် ။ လိုင်းပေါ်မှာ ကိုယ်သန်ရာ သန်ရာ နည်းတွေနဲ့  မတူကွဲပြားတဲ့ ရေးဟန်တွေ နဲ့  တင်ပြကြပါတယ် ။ 

- တချို့က ဒဲ့

- တချို့က စောင်းပါးရိပ်ခြေ

- တချို့က အူကြောင်ကြောင်
(သတင်းကောင်းရပြီ နောက်မှပြောမယ် ဆိုတာမျိုး)

- တချို့က အစိုးရကို နောက်ကတွန်းတယ် 
(လုပ်ရမယ့်ကိစ္စကို တိုက်တွန်း)

- တချို့က အစိုးရကို ရှေ့ကဆွဲတယ် 
(လုပ်သင့်တဲ့ ကိစ္စကို လမ်းကြောင်း)

- တချို့က ပြည်သူ့အခက်အခဲ ဒဲ့ပြော ကူညီစေချင်တယ် 

- တချို့က မဝံ့မရဲ ပြောကြတယ်

       အဲသလို ဗွက်ပေါက်နေတဲ့ အထဲက ခင်ဗျားတို့ရဲ့ ဗဟုသုတ ၊ အတွေးအမြင်တွေ နဲ့ ချင့်ချိန်ယုံကြည်ကြရမှာ fb လောက ရဲ့ အရှိတရားပါပဲ ။ 

       ဥပမာ တနေ့က မင်းသမီးနန္နာလှိုင်ရဲ့ ခင်ပွန်း သူဌေးဦးဇေသီဟ က ပို့စ် တင်လိုက်တယ် ။ သူတောင် ဆင်းရဲသွားလို့ ငပိရည်နဲ့ ထမင်းစားနေရပြီ ဆိုတဲ့ ပို့စ် ကို တွေ့လိုက်မိပါတယ် ။ 

     အောက်က မန့်တွေ ဖတ်ကြည့်လိုက်ပါ တကယ့်ကို ရေးထားတာတွေက စိတ်ပျက်စရာ အတိပါပဲ ။ 

     ဟိုသူဌေးက သူပြောချင်တာကို သွယ်ဝှိက်ပြောထားတာပါ ။ဒါကို ဒဲ့စဥ်းစားပြီး လူတွေက ပေါက်ကရ မန့် နေကြတယ် ။ သူဆိုလိုတာက သူတို့လို သူဌေးတွေတောက် မွဲနေပါပြီ ဆင်းရဲသားတွေဆိုရင် ငတ်သေတော့မယ် စတေဟုမ်း ဆိုပြီး အမိန့်ချည်း ထုတ်မနေပါနဲ့ ထောက်ပံ့ပါအုံး ဆိုပြီး အစိုးရကို မက်ဆေ့ ပေးထားတာ ဗျ ။

     အဲသလို မြင်အောင် ကြည့်ကြစမ်းပါ ၊ သူတို့အဆင့်က နောက်ထပ် ဆယ်ဘဝ စားလည်း မကုန်တော့ဘူး ဗျ ။ ပြည်သူအတွက် သူရေးထားတာ လှောင်စရာ မဟုတ်ဖူးဗျ ။ 

       နောက်ပြီး စစ်သတင်းတွေ တင်ကြရင်လည်း စိတ်ဓာတ်စစ်ဆင်ရေး သတင်း ၊ သတိပေးသတင်း ၊ အကြံပေးသတင်း ဆိုပြီး အမျိုးမျိုးရှိတတ်ပါတယ် ။ ကိုယ်သိထားတာ နဲ့ မကိုက်ညီလို့ ဆိုပြီး နဘားသားယား ငြင်းခုန်နေရင်လည်း အချင်းချင်း စကားများကြရုံပဲ ရှိပါမယ် ။ 

     ခွဲခြမ်းစိတ်ဖြာပြီး ကျော်သင့်ရင် ကျော်သွားကြပါ ။ အိမ်စောင့်​အစိုးရကို မတော်မတရား ဖားယား လော်နေတာကိုလက်ခံဖို့ ပြောခြင်းမဟုတ်ပါဘူး ။ 

       လိုင်းပေါ်တက်ပြီး လူသိရှင်ကြား ဝေဖန်ရေးသားပြီ ဆိုရင် ပြည်သူအကျိုးကိုပဲ ရှေ့ရှူရေးသားသင့်ပါတယ် ။ ပြည်သူ့အခက်အခဲကို အစိုးရ သိစေရန် နဲ့ အစိုးရ ဆောင်ရွက်ချက်တွေကို ပြည်သူ သိနားလည်စေရန် အားထုတ်ရေးသားသင့်ပါတယ် ။ 

      အဲဒီလို ရေးသားခြင်းကိုလည်း ဖတ်ရှုသူက နားလည်ဖို့ လိုအပ်ပါတယ် ။ ဒီလူက ဘာလဲဟ တော်ကြာ အစိုးရကို ဝေဖန်လိုက် တော်ကြာ အစိုးရ ကောင်းကြောင်း ရေးလိုက် နဲ့ ဆိုပြီး ဘက်တဖက်ထဲက ကြည့်ပြီး ဆုံးဖြတ် သုံးသပ်နေမယ်ဆိုရင်တော့ မှန်ကန်တဲ့ အနေအထားကို ခြုံငုံစဥ်းစားနိုင်မှာ မဟုတ်ပါဘူး ။ 

     ယခုဖြစ်နေတဲ့ အနေအထားဟာ .....

- အစိုးရ ဘာလုပ်လုပ် မှန်တယ် ဆိုတဲ့ အုပ်စု ၊

- အစိုးရ ဘာလုပ်လုပ် မှားတယ် ဆိုတဲ့ အုပ်စု ၊ 

- အစိုးရဘာလုပ်လုပ် မှန်ရင် လက်ခုပ်တီးပြီး မှားရင် ကလော်တုတ်တဲ့ အုပ်စု 

..........ဆိုပြီး ကွဲနေပါတယ် ။ 

       တတိယအုပ်စုက နှစ်ဖက်လုံးရဲ့ အဆဲခံတွေပါပဲ ။ နားလည်မှု တည်ဆောက်ကြဖို့ လိုနေပါပြီ ။ နားလည်မရှိရင် သို့တည်းမဟုတ် တဦး နဲ့ တဦး နားလည်မပေးနိုင်ကြပဲ ငါတကော ကော နေကြရင်ဖြင့် တနိုင်ငံလုံး စည်းလုံးဖို့ မပြောနဲ့ ချစ်လို့ ယူထားကြတဲ့ လင်မယားလည်း ကွဲ ကြမှာပါပဲ ။

      နားလည်မှုဖြင့်သာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါမယ် ။ 

       ( မင်းသားကြီး အကောင့် နဲ့ page 7 ရက် အပိတ်ခံထားရပါတယ် )      

  ကိုရွှေမျိုးဝင်း

(ကိုယ့်ဝေါလ်ထဲမှာ ချီးကျူး​နေလို့ အဟုတ်ထင်မနေ​ကြနဲ့ ကျန်တဲ့သူရဲ့ ဝေါလ် ထဲမှာ အဲဒီလူကပဲ ကဲ့ရဲ့နေ​ကြတာ အများကြီး)