Thursday, September 9, 2021

#မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ရင်ထဲမှပေါ်ထွက်လာသော အနာဂါတ်သာသနာတော် အတွက် ကဗျာတစ်ပုဒ်


ဒို့မြေဌာနီ
ရှေးခါဆီ၀ယ်
မထေရ်အပေါင်း
စံရာကျောင်းမှ
ငြိမ်းငြောင်းသာယာ
မိန့်အာဏာကို
ရပ်ရွာလူများ
လွန်လေးစားခဲ့.......။

ခုကားသို့နှယ်
မဟုတ်ကွယ်၍
နယ်ပယ်စီးပွား
သမီးသားတို့
ဘုန်းကြီးကျောင်းတွင်
စာ မသင်တော့........။

ထို့ပြင် မြို့နေ
ကလေးတွေက
ဒို့မေဘာသာ
ဒို့မေစာကို
သင်ရာကောင်းမျှ
မထင်ကြဘဲ
ပြင်ကလာပေး
စာပထွေးကို
အလေးဂရု
အရေးပြု၏။........။

သူတို့ဘာသာ
သူတို့စာမူ
ခေတ်ကား အလိုက်
လောက တိုက်ဝယ်
သိုက်မြိုက်ဖို့ရန်
အကြောင်းမှန်လည်း
နောင်သံသာတွက်
ကျိုး မဖက်၍
သက်သက် မျက်စိ
တစ်ဖက်ကြည့်တည်း.......။

ယခုလိုသာ
နှစ်ပေါင်းကြာလျှင်
မြန်မာပြည်ဖွား
တိုင်းရင်းသားတို့
ဘုရားကိုစွန့်
တရားစွန့့် ၍
စွန့်လိမ့်မှန်စွာ
မြတ်သံဃာတည်း......။

ထိုခါလူများ
ကိုယ်ကျင့်အားဖြင့်
တရားမပါ
အမှားစာကြောင့်
များစွာ ခုထက်
တိုး၍ပျက်လိမ့်......။

သို့တွက်များပြား
ဘုန်းဘုရားတို့
တရားကိုယ်ကျင့်
လုံအောင်ကျင့်၍
မလင့်စေရ
ကိုယ့်ဒေသ၌
သိပ်ပ ဝိဇ်ဇာ
ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင်
ပြသနိုင်မှ
ဘုန်းလှိုင် ဟောပြ
ဩဝါဒ ကို
စိတ်ကကြည်ဖြူ
လိုကျနာယူ၍
ကိုယ်မှု နှုတ်ပြောင်း
စိတ်လည်းကောင်း၍
နောက်နှောင်းသာသနာ
ပြည်မြန်မာသည်
ရှည်ကြာနေသို့
ထွန်းမည်ကို-----။

 အရှင်ဇနကာ ဘိဝံသ
(ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံ ဆရာတော်ကြီး)
ဘာသာသွေးစာအုပ် နိဂုံး...