ဒီနေ့ ထုတ်ဝေလိုက်တဲ့ စင်ကာပူအခြေစိုက်
New Naratif အွန်လိုင်းသတင်းဌာနရဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာ အမေရိကန်နိုင်ငံသား လက်နက်ကျွမ်းကျင်သူ ဝါသနာရှင်တစ်ဦးက မြန်မာနိုင်ငံက စစ်အစိုးရဆန့်ကျင်တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေနဲ့ တခြားလက်နက်တွေ ပြုလုပ်နည်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှု နည်းလမ်းတွေကို
NUG က စစ်ကောင်စီအပေါ် စစ်မကြေညာမီ လအနည်းငယ်အလိုကတည်းက အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချပေးနေခဲ့ကြောင်းနဲ့ အဲသည်သင်တန်းကို
NUG ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ လာရောက်ပြီး ထောက်ခံအားပေးခဲ့တဲ့အကြောင်း စုံစမ်းဖော်ထုတ် ရေးသားထားချက် ပါဝင်လာပါတယ်။ ဆောင်းပါးရှင်က အေးမင်းသန့် (ယခု ဖရွန့်တီးယားမဂ္ဂဇင်းရဲ့ မန်နေဂျင်းအယ်ဒီတာ) ဖြစ်ပါတယ်။
မာ့ခ် အန်ဒရေ လီကွီယူ အမည်ရှိတဲ့
အမေရိကန် နိုင်ငံသားက Zoom အက်ပလီကေးရှင်းက
တစ်ဆင့် လအတန်ကြာ ပို့ချခဲ့တဲ့ ဖျက်ဆီးဖောက်ခွဲရေး သင်တန်းတွေက တချို့လက်နက်တွေဟာ စစ်သား၊ အရပ်သား မခွဲခြားဘဲ ထိခိုက်သေကျေစေနိုင်တဲ့ ဖျက်ဆီးနိုင်စွမ်းရှိ လက်နက်တွေ ပါဝင်တဲ့အတွက် ဒီအကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံအားပေးခဲ့တဲ့ NUG အပေါ်မှာဖြစ်စေ၊ ခုခံရေးစစ်ပွဲအဖြစ်
၎င်းတို့က ပုံဖော်ထားတဲ့ လက်နက်ကိုင်တော်လှန်ရေး အပေါ်မှာဖြစ်စေ နိုင်ငံတကာက ဝေဖန်မှုတွေ၊ အမြင်မကြည်လင်မှုတွေ ရှိလာနိုင်တာဖြစ်ပါတယ်။
ဒေါက်တာဆာဆာက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတစ်ဆင့် New Naratif သတင်းဌာနကို ဒီဆောင်းပါး ရေးသားထုတ်ဝေခြင်း မပြုဖို့ ဖိအားပေးခဲ့ပြီး ရေးသားထုတ်ဝေမယ်ဆိုရင် အွန်လိုင်းမှာ သတင်းမှားတွေ ရေးသားဖော်ပြမှု၊ အသရေဖျက်မှုတို့နဲ့ တရားစွဲမယ်လို့ လည်း ခြိမ်းခြောက်ခဲ့တယ်လို့ အဲသည်သတင်းဌာနရဲ့ အယ်ဒီတာက ဆိုပါတယ်။
ဒီလုပ်ရပ်က NUG ဟာ အရင်ဒီချုပ်ပါတီရဲ့ ခြေရာနင်းပြီး မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်း၊ အစိုးရကိုဝေဖန်တဲ့ သီးခြားလွတ်လပ်တဲ့ မီဒီယာတွေကို နှိပ်ကွပ်နေခြင်း ဖြစ်လို့ စိတ်ပျက်စရာကောင်းကြောင်း ဖရွန့်တီးယား မဂ္ဂဇင်းက မှတ်ချက်ပြုပါတယ်။
အမဲလိုက်မုဆိုးနဲ့ စက်ပြင်ဆရာတစ်ဦးသူ
လီကွီယူဟာ ပြီးခဲ့တဲ့ မတ်လနဲ့ သြဂုတ်လတွေအတွင်း လက်နက်ပြုလုပ်နည်းသင်တန်း အနည်းဆုံး ခြောက်ကြိမ်ကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တွေ၊ ပြောက်ကျားစစ်သည်တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးသူတွေကို အွန်လိုင်းကတစ်ဆင့် လက်တွေ့ သရုပ်ပြ ပို့ချပေးခဲ့ ပါတယ်။
သင်တန်းတစ်ကြိမ်ကို နှစ်နာရီကျော် ကြာမြင့်ပြီး သင်တန်းတစ်ခုမှာ သင်တန်းသား ၄၀ ဦးခန့် တက်ရောက်ကြတယ်လို့ ဆိုပါတယ်။
ဒီသင်တန်းတွေမှာ အအေးသံဗူးခွံတွေ၊ ပီဗွီစီပိုက်တွေ၊ မူလီတွေ၊ ဝက်အူတွေ၊ အမိုနီယမ်နိုက်ထရိတ်လို ပစ္စည်းတွေနဲ့ ပေါက်ကွဲအားပြင်းတဲ့ လက်လုပ်ဗုံးတွေ ကအစ မော်တာကျည်တွေအထိကို ဘယ်လိုပြုလုပ်တယ် ဆိုတာ လက်တွေ့သင်ကြားပြသပါတယ်။
ဒါ့အပြင် အလွယ်တကူရရနိုင်တဲ့ ပစ္စည်းတွေနဲ့ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်နိုင်မှုတွေ၊ တိုက်ပွဲအတွင်း ရှင်သန်နိုင်ရေး နည်းလမ်းတွေ သင်ကြားပေးပြီး ဖတ်မှတ်လေ့လာစရာ အီးဘုတ်တွေကိုလည်း မျှဝေပေးတယ်လို့ ဆိုပါတယ်။
အောင်မြင်နိုင်ဖို့အတွက် အကြမ်းဖက်မှုတွေ လုပ်ရမယ်၊ အကြမ်းဖက်မှုကို အဆုံးသတ်နိုင်ဖို့ ပိုပြီးကြမ်းတမ်းတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ရမယ်လို့လည်း ထည့်သွင်းဟောပြောခဲ့ပါသေးတယ်။
ဇွန်လ ၁၄ ရက်နေ့မှာ ပို့ချတဲ့ သင်တန်းတစ်ခုမှာ NUG ဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာဆာဆာ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး မိနစ် ၂၀ ကျော်ကြာအောင် ချီးကျူးဂုဏ်ပြုစကားတွေ၊ ထောက်ခံအားပေးမှုတွေနဲ့ ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီ ရရှိရေးနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ NUG ထိပ်တန်း ခေါင်းဆောင် တစ်ဦးက အင်အားကြီး မြန်မာ့တပ်မတော်ကို လက်နက်စွဲကိုင်တော်လှန်ဖို့
အတွက် မြန်မာနိုင်ငံအကြောင်း လုံးဝမသိရှိတဲ့ အမေရိကန်လက်နက်ဝါသနာရှင်တစ်ဦး ပို့ချတဲ့ လက်နက်ပြုလုပ်နည်းသင်တန်းကို လာရောက်ခြင်းဟာ NUG အစိုးရကဆင်နွှဲမယ့် ကာကွယ်ရေးစစ်ပွဲအပေါ် မေးခွန်းထုတ်မှုတွေ ပေါ်ပေါက်လာစေပါတယ်။
ပြီးခဲ့တဲ့မေလမှာ NUG ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် PDF ကို ဖွဲ့စည်းခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာ တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဲသည်ကျင့်ဝတ်တွေမှာ တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကို ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားခြင်း၊ တိုက်ခိုက်ခြင်း မပြုလုပ်ဖို့၊ အရပ်သားနေရာတွေကို မတိုက်ခိုက်ဖို့ဆိုပြီး ပါဝင်တာဖြစ်ပါတယ်။
အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ NUG ရဲ့ ကတိကဝတ်ဟာ စင်ပြိုင်အစိုးအရကို အများလက်ခံလာစေမယ့် အဓိကအချက်ဖြစ်နေပါတယ်။ NUG ဟာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို တရားစွဲဆိုနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် NUG က တပ်မတော်ကို စစ်ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက အကြမ်းဖက်မှုတွေဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေရဲ့ အကြောင်းတရားသာဖြစ်ပြီး ဒီဒုက္ခဆင်းရဲတွေကို ဖြေရှင်းပေးမယ့် အဖြေမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
လီကွီယူ ကိုယ်တိုင်ကလည်း သူဟာ အကြမ်းဖက်တိုက်ခိုက်ဖို့ ဟောပြောနေပေမယ့် ဒီလုပ်ရပ်တွေဟာ တခြားသူတွေ ကြိုးပမ်းရရှိထားတဲ့ သံတမန်ရေးဆိုင်ရာ အောင်မြင်မှုတွေကို ထိခိုက်ပျက်စီး စေနိုင်တယ်လို့ သင်တန်းသားတွေကို သတိပေးပါတယ်။
ပြောက်ကျားစစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်
တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိလာစေနိုင်ပြီး အဲသည်အချိန်မှာ နိုင်ငံတကာရဲ့ ထင်မြင်ချက်နဲ့ အများပြည်သူထင်မြင်ချက်တွေ တစ်ဆစ်ချိုးပြောင်းလဲသွားနိုင်တဲ့အတွက် သတိထားထားကြဖို့ ၎င်းကပြောပါတယ်။
သင်တန်းတစ်ခုအတွင်းမှာတော့ ၎င်းက တပ်မတော်နဲ့ ရင်ဆိုင်တိုက်ခိုက်ရာမှာ တော်လှန်ရေးသမား ၃,၀၀၀ လောက်အထိ ကျဆုံးနိုင်ကြောင်းနဲ့ ဒီအရေအတွက်ဟာ ဧရာမစစ်ပွဲကြီးတစ်ပွဲမှာဆိုရင် အလွန်နည်းပါးတဲ့ အရေအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကိုလည်း အထင်အမြင်သေးသူတစ်ဦးဖြစ်တဲ့အပြင် “ဆိုင်းဘုတ်ထောင် ဆန္ဒပြနေပြီး ရည်ရွယ်ချက်အောင်မြင်စေနိုင်မယ့် ဘာတိုးတက်မှုမှ လုပ်မပြနိုင်တဲ့ လူမျိုးတွေကို သင်တန်းပို့ချပေးဖို့ အရမ်းဝန်လေးတယ်” လို့ ပြောကြားခဲ့ပါတယ်။
လီကွီယူရဲ့ လက်နက်ပြုလုပ်နည်းသင်တန်းကို ဖိတ်ကြားခံရတဲ့အတွက် တက်ရောက်ခဲ့သူ အမည်မဖော်လိုသူ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုရဲ့ ဦးဆောင်သူတစ်ဦးကတော့ အကြမ်းဖက်မှုတွေ သင်ကြားပို့ချနေကြောင်း သိရှိတာနဲ့ သင်တန်းက ချက်ချင်းနုတ်ထွက်ခဲ့ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့က လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တယ်။ အကြမ်းဖက်မှုကို တိုက်တွန်းအားပေးမှု မပြုဘူး။ အစိုးရမဟုတ်တဲ့ တိုက်ခိုက်ရေးသမားတွေ လက်နက်ကိုင်လာပြီဆိုရင် စစ်ပွဲရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေက မြန်မာလူငယ်တွေကို သူတို့ရဲ့ အသက်တွေ စတေးပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်ဖို့နဲ့ တိုက်တွန်းနှိုးဆော်နေတာ မြင်ရတာဟာ ဆင်ခြင်တုံတရားကင်းမဲ့ရာကျပြီး ပြဿနာလည်း အကြီးကြီးရှိတယ်” လို့ ၎င်းပုဂ္ဂိုလ်က ပြောပါတယ်။
ဒေါက်တာဆာဆာနဲ့ လီကွီယူတို့အကြား ဆက်စပ်မှုကို သတင်းဌာနက မေးမြန်းတဲ့အခါ ဒေါက်တာဆာဆာက သူနဲ့ လီကွီယူတို့အကြား ရင်းနှီးမှုအနည်းငယ် မျှသာ ရှိကြောင်း၊ သူ့အနေနဲ့တော့ စစ်အစိုးရဘက်တော်သား မဟုတ်သူ ဘယ်သူနဲ့မဆို ဝမ်းမြောက်ဝမ်းသာ ပြောဆိုမှာ ဖြစ်ကြောင်း၊ လီကွီယူဟာ ဒေါက်တာဆာဆာအတွက် ဖြစ်စေ၊ NUG အတွက်ဖြစ်စေ အကြံပေးအဖြစ် ဘယ်တုန်းကမှ မလုပ်ခဲ့ကြောင်း အီးမေးလ်နဲ့ ပြန်လည်ဖြေကြားပါတယ်။
လီကွီယူရဲ့ သင်တန်းကို တက်ရောက်ခဲ့သူ ငါးဦးကို သတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အခါ ၎င်းတို့က လီကွီယူဟာ စီအိုင်အေက တာဝန်ရှိသူတစ်ဦးလို့ ယူဆပြီး သင်တန်းတက်ခဲ့ကြတာဖြစ်ကြောင်း ပြောဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့ရဲ့ ဦးဆောင်သူပုဂ္ဂိုလ်ကလည်း သင်တန်းသား လူငယ်အများအပြားဟာ အမေရိကန် စစ်ဘက်အရာရှိတွေက သင်တန်းပို့ချခြင်းဖြစ်တယ်လို့ ယုံကြည်နေခဲ့ကြကြောင်း ပြောဆိုပါတယ်။ လီကွီယူကို သတင်းဌာနက မေးမြန်းရာမှာတော့ စီအိုင်အေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့က ဇင်ဘာဘွေမှာ အမေရိကန်နိုင်ငံသားတစ်ဦး ရှာဖွေကယ်ဆယ်ရေး အတွက် ၎င်းကို ငှားရမ်းခံခဲ့ရဖူးကြောင်း၊ ဒါပေမဲ့ ဘယ်တုန်းကမှ စစ်ထဲမဝင်ခဲ့ဖူးကြောင်း ပြန်လည်ဖြေကြားပါတယ်။
ဒေသတွင်းလုံခြုံရေးဆိုင်ရာ ပိုင်းခြားသုံးသပ်သူ အန်တိုနီဒေးဗစ်က တပ်မတော်အပေါ် စစ်ကုန်ဖွင့်ပြီး ထိုးစစ်ဆင်နွှဲခြင်းဟာ PDF တပ်ဖွဲ့ဝင် လူငယ်တွေ ရာပေါင်းများစွာကို အချည်းနှီးသေဆုံးစေမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးအပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို နှစ်ပေါင်းများစွာ နောက်ကြောင်းပြန်လှည့် သွားစေလိမ့်မယ်၊ ဒါဟာ ဧရာမ မဟာဗျူဟာမြောက် မှားယွင်းချွတ်ချော်မှုကြီး ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
မြန်မာနိုင်ငံအရေး သုတေသီတစ်ဦးဖြစ်သူ ကင်ဂျိုးလစ်ဖ်ကတော့ NUG အနေနဲ့ စစ်အစိုးရကို တိုက်ပွဲဝင်သူ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ပွဲစည်းမျဉ်းတွေနဲ့ ကျင့်ဝတ်တွေ ချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေသင့်တယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင်တွေထဲမှာ စုန်းပြူးတွေ ပါလာနိုင်ကြောင်း၊ ဒါပေမဲ့ အဲသည်လူတွေနဲ့ အခြားသူတွေရဲ့ မှားယွင်းမှုတွေကို အရေးယူကိုင်တွယ်ဖို့
NUG မှာ လုပ်ငန်းစဉ်တွေ ရှိထားတယ်၊ အရေးလည်းယူနေတယ်ဆိုတာ လက်တွေ့သက်သေပြဖို့လိုတယ်လို့
၎င်းက ပြောပါတယ်။
NUG ဟာ ကျင့်ဝတ်ချိုးဖောက်တဲ့ တပ်ဖွဲ့ဝင်တွေအပေါ် ဘယ်လိုအရေးယူနေသလဲ၊ အရပ်သားတွေကိုပါ ထိခိုက်သေကြေစေတဲ့ မကြာသေးမီက ဖောက်ခွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ရှိမရှိ သတင်းဌာနရဲ့ မေးမြန်းမှုကိုတော့ ဒေါက်တာဆာဆာက ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။
(Credit - Aung Myin Tun)
Dr. Sasa Visits a Bomb-Making Class
Months before Myanmar’s shadow government declared war on the military, an American gun enthusiast taught activists to build crude bombs that could kill soldiers and civilians alike. Amid a global charm campaign, opposition leader Dr. Sasa praised their efforts.
9 September 2021
Author Aye Min Thant
On 14 June, a man wearing a white T-shirt, baseball cap and blonde goatee turns on his webcam, revealing a dimly lit room full of construction materials, safety equipment and a jumble of small containers, some of them labelled as gunpowder.
Speaking into the camera, he recounts spending several hours that day “putting some things together”: mortar casings, a selection of cannons and homemade firearms known as zip guns.
https://newnaratif.com/dr-sasa-visits-a-bomb-making-class/share/wtbyqoret/3527a03559e66e67ab5b25eec94880d6/
https://newnaratif.com/dr-sasa-visits-a-bomb-making-class/share/wtbyqoret/3527a03559e66e67ab5b25eec94880d6/