Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၇) နိဂုံးပိုင်း


လောက်ကိုင်၏ဇာတ်သိမ်း(သို့မဟုတ်)သွေးနှင့်ရင်းသည့်အောင်ပွဲ
═══════════════════

" ကောင်းမြတ် ... လုပ်ပြစမ်း .. မင်း လုပ်ပြစမ်း "

ကောင်းမြတ်ဆိုသည်မှာ ခမရ-၁၀၉ ၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးကောင်းမြတ်( ယခု တဆရ-၂/၁၀၀၀) ဖြစ်သူကို အားပေးနေခြင်းဖြစ်ပါသည် ...။

၉၉ တပ်မမှူးသည် ရှေ့တန်းကျကျ တိုက်ပွဲ၀င်နေသော သူ၏ သားတော်မောင် စစ်သည်များအား စက်ထဲတွင် အားပေးကြုံးဝါးသံက ကြားက နားထောင်ရသူ ကျနော်တို့ပင် ကြက်သီးမွှေးညှင်း ထစေသည် ....။

ကျနော်တို့ လက်ထဲတွင်ကိုင်ထားသော မြေပုံများ၊ ဘောပင်များ၊ ရောင်စုံခဲတံများပစ်ချပြီး သေနတ်ဆွဲကာ သူတို့နှင့်အတူ ကျားတက်ထိုးချင်စိတ်များပင် ပေါက်လာသည် ....။

တိုက်ပွဲကား ပြင်းထန်လှသည် ... ။
ရန်သူကိုးကန့်များကလည်း စွမ်းအားရှိသမျှ ခုခံသည် ...။

ကျနော်တို့ အမြောက်တပ်များ၏ ပစ်မှတ်များကို အဆက်မပြတ် တိကျစွာပစ်ခတ်နိုင်မှု ..

မြေပြင်ချေမှုန်းရေးတပ် တပ်မ.၉၉ သူရဲ ကောင်းများ၏ ရဲဝံ့စွန့်စားစွာ တိုက်ခိုက်မှုတို့ကြောင့် ကိုးကန့်သောင်းကျန်းသူများသည် ညနေ မှောင်ရီပျိုးချိန် ၆ နာရီ မိနစ် ၂၀ ခန့်တွင် ၄င်းဆင်ဦးကင်းဘန်ကာမည်းမည်းကြီးအား လုံး၀စွန့်ခွာသွားတော့သည် .... ။

စက်ထဲတွင် ၁၀၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကောင်းမြတ်၏ ကျယ်လောင်သော အသံဝါကြီးက ပေါ်လာသည် ... ။

" အဘ ... ရပြီ အဘ .... ကျနော်တို့ ဆင်ဦးကင်း ရပြီ အဘ "

" ဟေး းးးးးးးး ...... "

ကွပ်ကဲရေးရုံးဖွင့်ထားသော ကော်ရစ်တာတွင် တိုက်ပွဲအစအဆုံးအား စစ်ကားတစ်ကား ကြည့်နေရသလို ရင်တစ်ထိတ်ထိတ် ကြည့်နေရသော ကျနော်တို့ G-3 များသည် မုန့်ဖိုးရသော ကလေးငယ်များသဖွယ် ပျော်ရွှင်စွာ ထခုန် အော်ဟစ်ကြသည် ...။

ဘေးနားတွင် တိုင်းမှူးကြီးကိုယ်တိုင် ရှိနေသည်ကိုပင် ဂရုမပြုမိတော့ ...။

ကျနော်နှင့်ဘေးမှ တိုင်းမှူး၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအောင်ခိုင်စိုး(စတသ-၄၈) တို့သည် တစ်ယောက်နှင့် တစ်ယောက် မတိုင်ပင်ထားပါဘဲ လက်ဝါးချင်း ခပ်ပြင်းပြင်းရိုက်မိကြသည် ... ။

အားလုံး၏ မျက်လုံးများတွင်လည်း ၀မ်းသာ မျက်ရည်များပင် ဝဲလို့ ....။

တိုင်းမှူး၏မျက်နှာသည်လည်း ကြည်နူးမှုအပြည့်ဖြင့် ပြုံးပြုံးကြီး ...။

ကျနော့် တပ်မမှူးမျက်နှာသည်လည်း ပြုံးပြုံးကြီး ... ။

သံချပ်ကာတပ်မမှူး ဗိုလ်မှူးချုပ်ဇော်လွင်ဦး သည်လည်း ပြုံးပြုံးကြီး ....။

နောက်မှ ကျနော်တို့ပင် ဒီလောက်ပျော်ရွှင်ကြလျှင် ...
ရှေ့မှတိုက်နေသော ကျနော်တို့ သူရဲကောင်း ရဲဘော်များ
ဘယ်လောက်တောင် ပျော်ရွှင်လေမလဲ မသိ ......။

ကိုးကန့်သောင်းကျန်းသူများ ထိုဘန်ကာကြီးအား စွန့်ခွာသွားသည်နှင့် တပြိုင်နက် ကျနော်တို့ အမြောက်များသည်လည်း ရန်သူဆုတ်ခွာရာလမ်းကြောင်းများနောက်သို့ ထက်ကြပ်မကွာ အမုန်းဆွဲ လိုက်ပစ်တော့သည် .... ။

အားရလိုက်သည့် ဖြစ်ခြင်း ....။

ရန်သူ၏ ဆင်ဦးကင်းဘန်ကာကြီးအား ရရှိလိုက်ခြင်းသည် ပွိုင့် ၂၂၀၂ တောင်ကုန်ကြီးတစ်ခုလုံးအား သိမ်းပိုက်လိုက်ခြင်းနှင့်မခြား အရေးပါလွန်းလှပါသည် .... ။

ထိုဘန်ကာကြီးကျသွားပြီးနောက် ရန်သူသည် ခိုင်မာအားကောင်း သော ခံစစ်ဆင်ခြင်းကို မလုပ်နိုင်တော့ ...။

သို့သော် မိမိနှင့် ရန်သူ၏စနိုက်ပါများသည် အပြန်အလှန်ပညာခန်းများပြိုင်နေကြဆဲ .... ။
တရုတ်လုပ် M-99 နှင့် ရုရှားလုပ် Dragunov စနိုက်ပါ ရိုင်ဖယ်တို့၏ ပညာခန်းများ ပြိုင်ကြသည် ... ။

သူပစ်လိုက် ကိုယ်ပစ်လိုက် .. ။
သို့သော် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ စနိုက်ပါသမားများက သာပါသည် ...။

ရန်သူကိုးကန့်သောင်းကျန်းသူများကို တစ်ယောက်ပြီးတစ်ယောက် အမှည့်ချွေတော့သည် ...။

ကိုးကန့်များ၏ Helmetများ ဖွားကနဲ ..ဖွားကနဲ ... ။

နောက်ပိုင်းလမ်းကြောင်းများကို လိုက်လံပစ်ခတ်နေသော အမြောက်သံများကလည်း ကြားနေရဆဲ ... ။

ထို့ည၏ ည ၉ နာရီကျော်ခန့်တွင် .... 
ရန်သူ၏ ပစ်အားသည် လုံးဝလျော့ကျသွားသည် .... ။

ရန်သူသည် စိတ်ဓာတ်ကြံ့ခိုင်မှု လုံး၀မရှိတော့ ... ။ ဦးကျိုးသွားသည် .... ။
သူ့ထက်ငါ ဦးအောင် ဆုတ်ခွာဖို့သာ ကြံစည်တော့သည် ....။

ထို့သို့ဖြင့် ကိုးကန့်သောင်းကျန်းသူများသည် ... ၂၀၁၅ ခုနှစ် မေလ ၁၄ ရက်နေ့ ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ပွိုင့်-၂၂၀၂ တောင်ကုန်းကြီးတစ်ခုလုံစအား လုံး၀စွန့်လွှတ်ကာ ဆုတ်ခွာသွားတော့သည် ....။

ထိုပွဲသည် တပ်မ ၉၉ ၏ အောင်ပွဲ ..။
 
အမြောက်တပ်ဖွဲ့၏ အောင်ပွဲ ...။

သံချပ်ကာ၏ အောင်ပွဲ ... ။

တပ်မတော်(လေ)၏ အောင်ပွဲဖြစ်ခဲ့သည် ....

ထိုတိုက်ပွဲကြောင့် တစ်ဘက် တရုတ်နိုင်ငံဘက်ခြမ်းတွင် စောင့်ကြည့်နေသော တရုတ်စစ်တပ်မှ တပ်မှူးများကိုယ်တိုင်ပင် အံ့သြကုန်သည် ... ။

မြန်မာစစ်တပ် ဒီတောင်ကုန်းကြီးကို ဘယ်လိုတိုက်ယူသွားလဲပေါ့ ...... ။

ဒီလောက် ကြီးမားကျယ်ပြန့်ပြီး တိုက်စစ်တပ်ဖြန့်ရန် ခက်ခဲသော တောင်ကုန်းကြီးကိုပင် ရအောင်တိုက်ယူပြသွားသော မြန်မာ့တပ်မတော် ....။

တကယ့်ကို တုံးတိုက်တိုက် ကျားကိုက်ကိုက် ရဲ့ဝံ့စွန့်စားသွားသော မြန်မာ့တပ်မတော် .. ။

ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ယူသွားသော မြန်မာ့တပ်မတော် .. ။

တပ်မတော်တရပ်သည် မည်မျှပင် နောက်ဆုံးပေါ်လက်နက်ကောင်းများ တပ်ဆင်ထားပါသည်ဆိုစေကာမူ ရဲဝံ့စွန့်စားသော ဇွဲသတ္တိသာမရှိပါက ဒီလိုတောင်ကုန်းကြီးကိုတိုက်ယူရန် လုံးဝ ခက်ခဲပါဘိတောင်း .... ။

ယခု မြန်မာ့တပ်မတော်၏ ရဲတင်းပြောင်မြောက်လွန်းချက်ကြီးက လက်လန်သည် ...။

၉၉ ၏ တိုက်စွမ်းရည်က လက်ဖျားခါလောက်သည် ...။

နောက်ရက်များတွင် ....
နိုင်ငံတကာစာမျက်နှာများတွင် ၄င်းတောင်ကုန်းကြီးပေါ်သို့ အမြောက်ကျည်ဆံများစွာ တဖွေးဖွေးကျရောက်ပေါက်ကွဲနေသည့်ဓာတ်ပုံများသည် မြန်မာ့တပ်မတော်အတွက် သိက္ခာပြည့်၀သည့် အောင်ပွဲပုံရိပ်တစ်ရပ်ဖြစ်လာသည် ... ။

အရှေ့တောင်အာရှ၏ တိုက်စွမ်းရည်အမြင့်ဆုံးနေရာတွင် ရပ်တည်နေဆဲ မြန်မာ့တပ်မတော်၏ မြေပြင်တပ်ဖွဲ့များသည် ... 

၂၀၁၅ ခုနှစ် မေလ ၁၄ ရက်နေ့တွင် သမိုင်း၀င် ပွိုင့် ၂၂၀၂ တောင်ကုန်းကြီးအား ခြေမြန်တပ်မ၊ အမြောက်ပစ်ကူ ၊ သံချပ်ကာပစ်ကူ ၊ လေတပ်ပစ်ကူများဖြင့် ရဲဝံ့စွန့်စားစွာ တက်ရောက်သိမ်းပိုက်ပြနိုင်ခဲ့ပါသည် ..။

©©©©©©©©©©©©©©©©

ကြာခဲ့ပါပြီ ... ။

အဖြစ်အပျက်များသည် သုံးနှစ်ကျော် လေးနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ ..။

ခုချိန်ထိ ကြိုကြားကြိုကြား တိုက်ခိုက်နေကြဆဲ .....။

အသက်ပေးခဲ့သူတွေလည်း ပေးခဲ့ရပြီ ... ။

အောင်ပွဲဆက်သူတွေလည်း ဆက်နေကြဆဲ ...။

ရဲဝံ့စွန့်စားခဲ့သော တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးများ ၊ တပ်မတော်သား မိသားစုများ၏ မျက်ရည်တို့ဖြင့် ကြေကွဲဖွယ်ရာ သမိုင်းစာမျက်နှာများကို ရေးထိုးခဲ့ဖူးပါသည် ..။

ရေးထိုးလည်း ရေးထိုးနေရဆဲဖြစ်ပါသည် ... ။

စစ်သားမိသားစုများ၏ မျက်ရည်များ ငိုကြွေးဆဲ/ ငိုကြွေးမြဲ ...။

စစ်တို့မည်သည် တစ်ဘက်တည်းမှ အမြဲနိုင်မရှိသလို အမြဲရှုံးလည်း မရှိပါ ... ။
 
ရန်သူတို့ သေကြသလို မိမိတုိ့သည်လည်း သေကြေကြသည် ...။ 
စိတ်ဒဏ်ရာ ကိုယ်ဒဏ်ရာများဖြင့် စစ်သားတို့ ပေးဆပ်ကြရသည် ...။

ခိုင်မာသေချာသော အမှန်တရားတစ်ခုကတော့ ငြိမ်းချမ်းရေးအား တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုများထက် လိုလားတောင့်တသူ မရှိနိုင်ပါ ... ။

အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီး မငြိမ်းချမ်းပါက သွေးစွန်းသော တိုက်ပွဲများကို သူတို့၏ အသက်၊ သွေးတို့ဖြင့်ရင်းကာ ထိပ်ဆုံးက တိုက်ပွဲ၀င်ရသူများက တပ်မတော်သားများပင်တော့သည် ....။

နောက်မှ နစ်နာပေးဆပ်ရသည်က စစ်ဘေးဒေသမှ ပြည်သူများ ...။

စစ်ပွဲကြောင့် တိုင်းပြည်စီးပွားရေး နောက်ကောက်ကျမှုကို ခံစားရသော ပြည်သူလူထုများ ...။

စစ်ပွဲတိုင်းသည် မကောင်းပါ ... ။ မည်သို့မှ မကောင်းပါ ...။

မည်သို့ပင်ဆိုစေကာမူ ... မြန်မာ့တပ်မတော်သည် ပြည်ထောင်စု၏ အချုပ်အခြာ ခိုင်မြဲရေးအတွက် အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ရစေကာမူ ပြည်ထောင်စု၏ ရန်သူမှန်သမျှအား တိုက်ထုတ်ရင်း .. ကာကွယ်ရင်း ပြည်ထောင်စုကြီးအား ထာ၀ရကာကွယ်စောင့်ရှောက်နေမည်မှာ ဧကန်မလွဲ ဖြစ်ပါသည် .. ။

မှတ်ချက် ။ ကျနော်သည် Pro စာရေးဆရာတစ်ဦးမဟုတ်သည့်အတွက် ဒီ post သည် ပြီးပြည့်စုံသော ရေးသားချက်များမဟုတ်ကြောင်း ၀န်ခံအပ်ပါသည် ။

ထို့ပြင် တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ စစ်သတင်းလုံခြုံမှုအတွက် အထူးထိန်းသိမ်းရေးသားပါသည်။

စစ်မြေပြင်အချက်အလက်သိတိုင်း ချရေးခြင်းကိုလည်း (အထူး)ရှောင်ကြဉ်ပါသည် ။
 
ရှေ့တန်းမှ မိမိရဲဘော်ရဲဘက်များအား မိမိအရေးအသားကြောင့် ထိခိုက်နစ်နာမှု အဖြစ်မခံနိုင်ပါ ။

တိုက်ပွဲ၀င်အရာရှိ/စစ်သည်များအား ဂုဏ်ပြုလိုစိတ်ဖြင့် ဇာတ်ကောင် အမည်နာမများ ဖော်ပြထားရှိခြင်းကိုတော့ နားလည်ပေးနိုင်မည်ထင်ပါသည် ။

မည်သို့ပင်ဆိုစေကာမူ တပ်မတော်နှင့် တပ်မတော်သားများ၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့မှုများကို တတ်စွမ်းသရွေ့ မိမိကလောင်စွမ်းဖြင့် ၁၀၀ ဖိုးတင်ပြလို့ ဖတ်ရှုမိသူ ပြည်သူလူထုရင်ထဲတွင် ၁၀ ဖိုးလောက် ကျန်ခဲ့ပြီး ခံစားနားလည်ပေးနိုင်သည်ဆိုလျှင်ကိုပဲ ရေးသားရကျိုးနပ်ကာ ကျေနပ်မိကြောင်း တင်ပြလိုက်ရပါသည် ။)

၂၀၁၅ ခုနှစ်ကာလများအတွင်း ကိုယ့်တွေ့ဖြတ်သန်းခဲ့ရသော လောက်ကိုင်ဒေသ တိုက်ပွဲများမှ ပွိုင့် ၂၂၀၂ တောင်ကုန်းတိုက်ပွဲအား ပြန်လည်ခံစားရေးသားတင်ပြပါသည်။

အသည်းမကောင်းပဲ ပွဲတောင်းခဲ့ကြသည့် ကွန်လုံ(၁၉၇၁)နှင့် လောက်ကိုင်(၂၀၁၅) တင်ပြချက် ဤတွင်ပြီးဆုံးပါပြီ။

လိုအပ်သည့်အချက်အလက်များကို ပံ့ပိုးကူညီခဲ့ကြသော ဆရာသောင်းမြင့်နှင့် ဆရာလင်းထင်မောင်မောင်တို့အား အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

#မင်းမော်

.........................................................

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅)
အပိုင်း(၁)မှ အပိုင်း(၆)အထိ

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=574963149613252&id=349604805482422

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=575477416228492&id=349604805482422

အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=576032046173029&id=349604805482422

အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=576590452783855&id=349604805482422

အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=577094176066816&id=349604805482422

အပိုင်း(၆)
https://m.facebook.com/story.php?story_fbid=577660062676894&id=349604805482422