Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၆)


သွေးဖြင့်ရေးခဲ့ရသော ပွိုင့် ၂၂၀၂သမိုင်း
═══════════════════

သူတို့ကား ... ၉၉ ။

မြန်မာ့တပ်မတော်၏ တပ်မ ကိုးဆယ့်ကိုး .... ။

သူတို့သည် ဒီတိုက်ပွဲကြီးအား ဦးဆောင်တိုက်ခိုက်ရန်အတွက် တပ်မတော် အကြီးအကဲများ အစီအစဉ်ဖြင့် မကြာခင် ရက်ပိုင်းကမှ လောက်ကိုင်မြေသို့ မာန်ဟုန်ပြင်းပြင်းနှင့် ခြေချခဲ့ကြသူများဖြစ်သည် ..။

တိုက်စစ် စတင်ပြီး မကြာမီပင် ...
ခမရ ၁၀၉ မှ ဒုဗိုလ်မှူးကြီး ကောင်းမြတ် နှင့် ဗိုလ်မှူးရန်နိုင်စိုး ဦးဆောင်သော တပ်မတော်၏ ဦးဆောင်ချေမှုန်းရေးတပ်တို့သည် ပွိုင့် ၂၂၀၂ တောင်ကုန်း၏ တပ်ဖြန့်ရန်ခက်ခဲသော ရှေ့မျက်နှာစာ(ကျနော်တို့အခေါ် ဆင်နှာမောင်းတောင်ကြော )အတိုင်းပင် ရဲရဲ၀င့်၀င့် ထိုးဖောက်ကာ စတင်ချေမှုန်းတော့သည် ... ။

ပွိုင့် ၂၂၀၂ တောင်ကြောကြီးတစ်ဝုိက်တွင် လက်နက်ကြီး လက်နက်ငယ်သံများက တစ်တောလုံး တစ်တောင်လုံး ဆူညံနေသည် .. ။

ပွိုင့် ၂၂၀၂ ရန်သူ့စခန်း ပတ်ပတ်လည်နေရာယူထား သော အမြောက်စခန်းအသီးသီးမှ အမြောက်စစ်သည်များသည်လည်း သမိုင်း၀င် တိုက်ပွဲကြီးအား ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ဆင်နွဲနေရခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူစွာ အားကြိုးမာန်တက် ပစ်ခတ်နေကြသည် .. ။

ကျနော်တို့ အမြောက်တပ်များအား ရှေ့တန်းကျကျကွပ်ကဲနေသူ အမြောက် နည်းဗျူဟာမှူးကား ဗိုလ်မှူးကြီးဇော်၀င်း(ယခု ဗိုလ်မှူးချုပ်ဇော်၀င်း) ......
သူသည် ကျနော်တို့ အမြောက်တပ်ဖွဲ့တွင် အမြောက်ပညာရပ်တို့အား အရည်ကြိုသောက်ထားသည့်နှယ် ကျွမ်းကျင်လှသူ ဘေဒကကဝေ တစ်ဦးလည်း ဖြစ်သည်။ ( ဘေဒက=အမြောက်လက်နက်၊ ကဝေ=တစ်ဘက်ကမ်းခတ်သူ) .. ။

အခြားသော တိုက်ပွဲ၀င်အမြောက်တပ်မှူးများကား ဗိုလ်မှူးကြီးကိုဦး၊ ဒုဗိုလ်မှူးကြီးညွှန့်ဆန်း၊ ၁၀၆ မမနောက်ပွင့်ကိုမှ ပစ်ရတာ အားရတာ ဆိုသော ဗိုလ်မှူးရဲဇော်၀င်း(စတသ-၄၅)၊ ဗိုလ်မှူးသီဟစိုင်းမောင်(စတသ-၄၆)၊ ၁၂၀ မမများ၏ အရှင်သခင် ဗိုလ်မှူး နေသူရိန်လင်း(စတသ-၄၆)၊ ၁၀၅ မမ များကို ထိန်းကျောင်းသူများမှာ ဗိုလ်မှူးသော်ဇင်စိုး(စတသ ၄၁) ဗိုလ်ကြီးနိုင်လင်းအောင်(စတသ-၄၇)... တို့ဖြစ်ကြသည် .... ။

တိုက်စစ် စတင်ပြီး နာရီပိုင်းအကြာ ....

ပွိုင့် ၂၂၀၂ တောင်ကုန်းကြီးအား ပစ်ခတ်သည့် အမြောက်ကျည်ဆံ ရာပေါင်းများစွာ၏ ထိချက်များကြောင့် တောင်ကုန်းကြီးသည် မုန့်ပြားသလက် ကြက်ယက်ထားသလို မွစာကြဲသွားတော့သည် ... ။

ကျည်ကျချက်များမှ ဖုန်လုံး၊ မီးခိုးလုံးကြီးများသည် တောင်ကုန်းကြီးပေါ်တွင် အလုံးလိုက် အလုံးလိုက် တက်လာသည် .. ။

ဗိုလ်ကြီး စွမ်းရည်အောင်( နောင် သီဟသူရဘွဲ့) ဦးဆောင်သည့် ခမရ-၁၀၉ ချေမှုန်းရေး ပွိုင့်တပ်ခွဲသည် ထိချက်တိကျလှသော အမြောက်ကျည်များကျရောက်နေသည့်ကြားမှပင် ပွိုင့် ၂၂၀၂ တောင်ကြောကြီး၏ ရှေ့မျက်နှာစာ ဆင်နှာမောင်းတောင်ကြောအတိုင်း တရွေ့ရွေ့ ချဉ်းကပ်တိုက်ခိုက်နေသည် ...

ရန်သူ၏ ပြန်လည်ပစ်ခတ်သော လက်နက်ကြီး/လက်နက်ငယ် ကျည်များကလည်း တဖွဲဖွဲ ...

ဖုန်ကြားရှင်၏ သားကြီးသြရသဖြစ်သူ စစ်တိုက်တော်ပါသည်ဆိုသော ဖုန်တာရွှင်သည် မြန်မာ့တပ်မတော်အား ဒီလောက်မက်စောက်လှသော တိုက်စစ်မျက်နှာစာအား ရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားဟန် မတူပါ ...

သို့သော် သူ၏အထင်သည် တက်တက်စင်အောင် မှားသွားသည် ....

သူသည် သူ၏ ပွိုင့် ၂၂၀၂ ခံစစ်အား တကယ့်နာမည်ကျော် ခံစစ်ဟု စိတ်ကြီး၀င်လေသလား မသိ ...။

မမှုပါ ... မြန်မာ့တပ်မတော်အတွက် မ မှုပါ ...

၉၉ သည် တကယ်လုပ်လေပြီ .....

ဗိုလ်ကြီးစွမ်းရည်အောင် ဦးဆောင်သော ခမရ ၁၀၉ မှ ချေမှုန်းရေး စစ်သည်တော်တို့အား ...... လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ကျဆုံးခဲ့လေသော တပ်မ.၃၃ စစ်သည်တော်တို့၏ သူရဲကောင်းဝိဥာဉ်များက ၀င်ရောက် ပူးကပ်ကုန်သည့် အလား ...

တပ်မ.၉၉ စစ်သည်တော်တို့၏ ဝါကျင်နေသော ကျည်ကာဦးထုပ်များအောက်မှ ခက်ထန်သည့်မျက်နှာထားတင်းတင်းတို့သည် တိုက်ပွဲအား ထမင်းစားရေ သောက်သည့်အလား တိုက်စစ်အား တဟုန်ထိုး ဦးဆောင်နေသည် ....

ရန်သူကလည်း လက်နက်ကြီး/လက်နက်ငယ် .. စနိုက်ပါ ... ပွိုင့်ဖိုက် ... ရှိရှိသမျှသော လက်နက်တို့ဖြင့် အိတ်သွန် ဖာမှောက် ပစ်ခတ်ခုခံသည် ...။

သူတို့အတွက်လည်း ဒီတောင်ကုန်းကြီးသည် အဆုံးအဖြတ်တိုက်ပွဲ ဖြစ်ပါသည် ..။

မိမိတို့ အင်တာ(ကြားဖြတ်စက်)များအရ .. တိုက်စစ် စတင်ပြီး (နေ့တစ်ပိုင်း အတွင်းမှာပင်) ... 
ကိုးကန့်သောင်းကျန်းသူများသည် မိမိတို့ တပ်မတော် အမြောက်များ၏ ပစ်ခတ်မှုကြောင့် ကျဆုံး/ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်သွားပြီ ဖြစ်ကြောင်း၊ ကြားနေရသည် ... ။

ကျဆုံးသူများတွင် ကိုးကန့် တပ်ရင်းမှူးအဆင့်များပင် ပါ၀င်ပြီး ဒဏ်ရာရ လူနာ များအား ရန်လုံကျိုင်းတစ်ဘက်ရှိ နန်ဆန်ဆေးရုံသို့ 4 wheel ယာဉ်များဖြင့် သယ်ထုတ်နေသည် ....။

ကျနော်တို့ အမြောက်များကလည်း ရန်သူ၏ နောက်ပိုင်းဆက်သွယ်ရေးလမ်းကြောင်းအား အသုံးမပြုနိုင်စေရန် ပိုက်စိပ်တိုက် ပစ်ခတ်နေသည် ... ။

ရန်သူသည် နောက်ပိုင်းထောက်ပံ့ရေးအတွက်လှုပ်ရှားရန်ပင် အလွန်ခက်ခဲနေသည် ...။

ဒီတစ်ကြိမ်သည် တကယ့်ကို နည်းဗျူဟာမြောက် သမိုင်း၀င် အမြောက်ပစ်ခတ်မှုကြီး .... ။

ရန်သူသည် ရှေ့ပိုင်းတပ်များနှင့် နောက်ပိုင်းတပ်များ အပြန်အလှန်ပင် အထောက်အကူမလုပ်နိုင်တော့ ...

ကျနော်တို့ အမြောက်ကျည်ဆံများက လုံး၀ ပိုင်းဖြတ်လိုက်သည် ....။

ရန်သူသည် ခေါင်းပေါ်မှကျလာသော အမြောက်ကျည်ကို ကြောက်ရသလို ရှေ့မျက်နှာစာမှ ဖိအားပေးလာသည့် တပ်မ.၉၉ စစ်သည်တော်များ၏ ဖိအားကိုလည်း တုန်လှုပ်ခြောက်ခြားရပြန်သည် .. 

ယခင့်ယခင် ခါတိုင်း သူတို့တိုက်ဖူးသော မြန်မာ့တပ်မတော်သည် ပထမဦးစွာ အမြောက်ပစ်၊ ပြီးတော့ ရပ် ၊ နောက် ခြေလျင်ကတက်သိမ်း ဒါမျိုးဗျူဟာ မဟုတ်တော့ ... ။

အမြောက်ပစ်ချက်လည်း ကမ်းကုန်သည် .. ။

မရပ်မနား မိုးရွာသလိုရွာနေသည် ... ။

ချေမှုန်းရေးတပ်များကလည်း တဟုန်ထိုးတက်နေသည် ... 

အမြောက်ပစ်ချက်များကလည်း တိကျသေချာလွန်းလှသည် ....။

သူတို့အတွက် ပိုဆိုးသည်ကား .. 
တောင်ကြောကြီး၏ ဘေးတစ်ဘက်တစ်ချက်ဆီတွင် နေရာယူပစ်ခတ်နေသော Assulter သံချပ်ကာများမှ ၁၀၅ အမြောက်များ၏ ပစ်အားကလည်း မသက်သာ ....။

MTLV သံချပ်ကားများပေါ်မှ 30mm Gun များကလည်း ရန်သူ့အား အတော်ဒုက္ခပေးသည် ....။

ရန်သူကိုးကန့်များသည် အမြောက်ကျည်များ ခဏရပ်သွားချိန် .. 
မြေပြင်ပစ်အား ခဏရပ်သွားချိန် .. 
မြေခွေးကျင်းထဲမှ ခေါင်းပြူပြီး ထွက်မလား အောက်မေ့သော်လည်း ...

တပ်မတော်၏ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ ရုတ်တရက် ရောက်လာပြီး သူတို့စခန်းကြီးအား ဝဲ၀ဲလည်ကာ ပြသနာ လှည့်ရှာတော့သည် ... ။

MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ ပစ်ခတ်မှုများကလည်း ကြောက်မခန်းလိလိ ...။

ရဟတ်ယာဉ်မှူးများသည် ရဲတင်းလွန်းလှသည် ... ။

တောင်ကုန်းကြီးအား ပတ်ချာလည် ဝဲကာ သဲကြီးမဲကြီးပစ်ခတ်နေပုံမှာ မြင်နေရသူ ကျနော်တို့ပင် .. 
ကြက်သီးဖြန်းဖြန်းထမိသည် ... ။
 
ကျဆုံးလေခဲ့သော မိမိရဲဘော်ရဲဘက်စစ်သည်များ၏ သွေးတို့အတွက် သူတို့၏ ခံစားချက်တို့ ပွက်ပွက်ဆူလေပြီလော .... ။

ကိုးကန့်သောင်းကျန်းသူများသည် 
အသည်းကွဲလေပြီ ... ။ တကယ်ကို အသည်းကွဲလေပြီ ... ။

သူတို့ရှေ့တွင် ရင်ဆိုင်နေရသော တပ်မ.၉၉ စစ်သည်တော်များသည် ရဲတင်းလွန်းလှသည် ... ။

မွေးကတည်းက ကျည်ဆံမကြောက်တတ်ခဲ့သူများအလား ....။

တပ်မ.၉၉ စစ်သည်များက မကြောက်မလန့် ကျောက်ကြိုကျောက်ကြားများမှ တရွေ့ရွေ့ တက်လာနေသည် ... ။

ဒီတစ်ခါ တက်လာသော ၉၉ သည် သူတို့အတွက် ဒိန်းဂျား ... ။
တကယ့်ကိုမှ အမှန်အကန် ဒိန်းဂျား ...။

ကျနော်တို့ ကွပ်ကဲမှုအဖွဲ့များသည် ပွိုင့် ၂၂၀၂ တောင်ကြောကြီးမှ တိုက်ပွဲအား မျက်မြင် မြင်နေကြရသည် ... ။

ကြားဖြတ်အင်တာစက်များတွင် AA ရခိုင်တပ်နှင့် TNLA ပလောင်တပ်များကို ကိုးကန့် ရှေ့တန်းကွပ်ကဲရေးမှူးများက ကွပ်ကဲလို့မရတော့ဘဲ ကစဉ်ကလျားထွက်ပြေးနေပြီဖြစ်ကြောင်း ပြောဆိုနေသံများကြားနေရသည် .... ။

နောက်သို့ လူနာများ သယ်ထုတ်ဖို့ ပြောနေသည့် အသံများ၊ သူတို့ ခေါင်းဆောင်အချင်းချင်း အခြေအတင်စကားများနေသည့်အသံများ ..... ၊ အမြောက်ကျည်ကျပြီး မသေတောင် ကျောက်စမှန်လို့ပင် ဒဏ်ရာရသူမနည်းကြောင်း .. 
" မင်းတို့ ရှေ့လာအသေခံမလား " စသည်ဖြင့် အချင်းချင်း အချေအတင်စကား ပြောနေသံများလည်း ကြားနေရသည် .... ။

ဦးဆောင်ချေမှုန်းရေးတပ် ခမရ ၁၀၉ သည် တိုက်စစ်စတင်ပြီး မနက်တစ်ပိုင်းတွင်ပင် ရန်သူအား သေနတ်တစ်ကမ်းတွင် ရင်ဆိုင်ထိန်းချုပ်ထားနိုင်လိုက်သည် ... ။

ရဲရင့်လွန်းသော တပ်မ.၉၉ ၏ အာဂသူရဲကောင်းများပါပေ .... ။

ပွိုင့် တပ်ခွဲမှူး ဗိုလ်ကြီးစွမ်းရည်အောင် (သီဟသူရဘွဲ့ရရှိခဲ့သူ) သည် ရဲရင့် တိုက်စစ်ကို ခေါင်းဆောင်ပီသစွာ အရှိန်မြင့် ဦးဆောင်ရင်း ဆင်နှာမောင်း တောင်ကြောတွင် ကျဆုံးသွားရှာသည် ....။

ထို့နေ့ကား မေလ ၁၂ ရက်နေ့ ...

၄င်းရက်နေ့ တိုက်ပွဲအား မြန်မာ့တပ်မတော်မှ ထိန်းချုပ်ထားရှိနိုင်ခဲ့သည် .. ။

ရန်သူခံစစ်မျက်နှာစာအား မိမိတပ်မတော်မှ ရင်ဆိုင်ထိန်းချုပ်ထားသည် ... ။

ရန်သူသည်လည်း လွန်စွာ သွေးပျက်နေသည်။....

နောက်တစ်နေ့ မေလ ၁၃ ရက်နေ့သည် ....
မြန်မာ့တပ်မတော်အတွက် နိုင်ငံကြီး၏ သံတမန်ရေးအရ ညစ်လုံးများကြောင့် တိုက်စစ်အား ခေတ္တရပ်တန့်ပေးခဲ့ရသည် .... ။

သံရေးတမန်ရေးတို့သည် ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်လွန်းလှပါသည် ...။ ကျနော်တို့ ဦးနှောက်များဖြင့် (အထိုက်အလျောက် )နားလည်သော်ငြား ကျနော် ဉာဏ်မမီချင်တော့ ... 
အကျယ်လည်း ကျနော် မရေးသားပြလိုတော့ ...။

၂ ရက်မြောက် အကြာ ... ၂၀၁၅ မေလ ၁၄ ရက်နေ့ .....
(မိမိတိုက်စစ်များ ရပ်နားပေးခဲ့ပြီး ၂ ရက်မြောက်နေ့ ..)

တိုက်ပွဲအား ကြီးကြပ်ကွပ်ကဲနေသော အကြီးအကဲများသည် နောက်တစ်ကြိမ်တိုက်စစ် စတင်ချိန်အား ရန်သူမထင်မှတ်သောအချိန်သို့ လုံးဝပြောင်းလဲလိုက်သည် ...။

ထိုအချိန်ကား .... ညနေ ၄ နာရီခွဲ ... 
ထိုအချိန်က တကယ့်အချိန် .. ဆေးသမားတို့ စိတ်ကြွဆေး ဆေးပြယ်သည့် အချိန် ...။

ထိုညနေအတွက် ...... 
အမြောက်စခန်းအသီးသီးမှ အမြောက်များမှ ပစ်ခတ်သံများသည် တစ်ချိန်တည်း တပြိုင်တည်းထွက်ပေါ်လာပြန်သည် .... ။

ပွိုင့် ၂၂၀၂ တောင်ကုန်းကြီးအား ပစ်ခတ်သည့်အမြောက်ကျည်ဆံ ရာပေါင်းများစွာ၏ထိချက်များကြောင့် တောင်ကုန်းကြီးလည်း မွစာကြဲတော့သည် ... ။

တောင်ကုန်းပေါ်တွင် တပ်စွဲနေရာယူထားသော ကိုးကန့်သောင်းကျန်းသူများအတွက် ၄င်းတို့၏ မသုံးရလျှင် မနေနိုင်သော စိတ်ကြွဆေးရှိန်ပျက်ပြယ်သည့်အချိန် ၊ ဆေးသမားများအတွက် မလှုပ်ချင် မကိုင်ချင်ဆုံး အချိန် ... ။

နေရောင်ကလည်း အနောက်အရပ်မှ ကျနေပြင်းပြင်းဖြင့် ထိုးနေသည် ... ။

ထိုနေရောင်သည် ကိုးကန့် စနိုက်ပါသမားများအား အကြီးအကျယ် ဒုက္ခပေးတော့သည် ... ။ 
ပစ်မှတ်အား ပီပြင်သဲကွဲခြင်း မရှိတော့ .. ။

ရန်သူသည် .. တပ်မ.၉၉ ၏ မထင်မှတ်သော ညနေပိုင်းတိုက်စစ်ကို ဝုန်းကနဲ တိုက်ခိုက်ခံလိုက်ရသောအခါ အရူးမီးဝိုင်း ဗရမ်းဗတာများဖြစ်လျက် ...။

ခမရ ၁၀၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကောင်းမြတ် ဦးဆောင်သော ခမရ ၁၀၉ စစ်သည်များသည် .... ရန်သူအား ဖိအားပေးတိုက်ခိုက်နိုင်သော်လည်း မိမိတိုက်စစ်အတွက် အဓိက အဟန့်အတား ဖြစ်နေသည့် အတားအဆီးတစ်ခု ရှိနေပြန်သည် ... ။

ထိုအရာကား ... 
ဆင်ဦးကင်းတောင်ကုန်းထိပ်ရှိ ဘန်ကာမည်းမည်းကြီးတစ်လုံး ... ။

ထို ဆင်ဦးကင်းဘန်ကာကြီးတွင် ရန်သူ၏ ပွိုင့် ၅ များ၊ စက်လတ်များ၊ နောက်ပွင့်များ၊ စနိုက်ပါ အစုံရှိနေသည် ... ထိုဘန်ကာကြီးက တပ်မတော်၏ တိုက်စစ်ချေမှုန်းရေးတပ်များအား ရပ်တန့်နေစေရန်ထိန်းချုပ်ထားသည် .... ။

သို့ရာတွင် မြန်မာ့တပ်မတော်အတွက် မမှုပါ ... ။

တိုက်စစ်အား စီမံကွပ်ကဲသော အကြီးအကဲများသည် ထိုအချက်အား မျှော်မှန်းထားပြီးဖြစ်ပါသည် ..။

ထို့ကြောင့် .. အဖြေရှိပါသည် .. ။
သူရဲကောင်းတို့အတွက် အောင်ပွဲသည် လက်တစ်ကမ်းတွင်သာ ....။

ကျနော်တို့အမြောက်တပ်ဖွဲ့မှ ဗိုလ်မှူးရဲဇော်၀င်း(စတသ-၄၅) ဦးစီးသော ၁၀၆ မမ တပ်စုသည် ပွိုင့် ၂၂၀၂ တောင်ကုန်းနှင့်မျက်နှာချင်းဆိုင် ဓါးလွယ်ခုတ်တောင်ကုန်းတစ်ခုတွင် တက်ရောက်နေရာယူထားပြီးဖြစ်ပါသည် ...။

ထို့နောက် အမြောက်ပစ်ခတ်ရာတွင် ဝါသနာသိပ်ကြီးလှသော ဗိုလ်မှူးရဲဇော်၀င်းသည် စပိန်လုပ် ၁၀၆ မမ အဖြောင့်ပစ်လက်နက်များဖြင့် ရန်သူ၏ ထိုဘန်ကာမည်းမည်းကြီးအား ၁၀၆ မမ ဘန်ကာဖျက်/ခွင်းကျည်များ တစ်လုံးပြီး တစ်လုံး ပစ်သွင်းတော့သည် ..... ။

၁၀၆ နောက်ပွင့်များ၏ ပစ်ချက်များ၏ တိကျလွန်းချက်က ရက်စက်သည် ...။

ယခင့်(ယခင်)တိုက်ပွဲများတွင် ရန်သူ့ဘန်ကာများအား တစ်လုံးပြီး တစ်လုံး တအိအိ ပြိုဆင်းအောင်လည်း .. သူတို့ စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်ပါသည် ... ။

ဒီတစ်ခါ သူ့အလှည့် ... ။
မာလှပါသည်ဆိုသော ထိုဘန်ကာမည်းမည်းကြီးအလှည့် ....။

ဘန်ကာကြီးသည် အမြောက်တပ်ဖွဲ့၏ ၁၀၆ Direct Fire ပစ်ခတ်မှုများကြောင့် တအိအိ ပြိုဆင်းသွားသည် ....။

ပြသနာကောင်ကြီးသည် အမြောက်တပ်၏ ၁၀၆ ကြီးကြောင့် လစ်သွားလေပြီ ...။

ဘယ်သူပုန် ဘယ်ခံနိုင်ပါလိမ့်မလဲ ... ။ 
ရန်သူ ကိုးကန့်သောင်းကျန်းသူတို့သည့် တောင့်ခံနိုင်ခြင်းမရှိတော့ .... ။

တပ်မ.၉၉ ချေမှုန်းရေးတပ်များ၏ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ကလည်း မိမိအောင်ပွဲကို ရှေ့ဆောင်စေသည် ... ။

ကျနော်တို့၏ ခါးများတွင် ချိတ်ဆွဲထားသော HYT ဆက်သွယ်ရေးစက်များတွင် ....

တိုက်ပွဲအား အနီးကပ်ကွပ်ကဲနေသော တပ်မ.၉၉ တပ်မမှူး ဗိုလ်မှူးချုပ်ခင်လှိုင်၏ တိုက်ပွဲအားပိုင်ပိုင်နိုင်နိုင်ကွပ်ကဲသံများကလည်း ဖခင်ကောင်းပီသစွာ အားတက် လေးစားဖွယ်ကောင်းလှသည် .. ။

" သားတို့ ..ရဲဘော်တွေ .. မင်းတို့ နားထောင်ပေး ... 

အရာရှိတွေလည်း ... မင်းတို့စက်တွေကို အကျယ်ဆုံးဖွင့်ထားပေးထား ...

အခု မင်းတို့ရဲ့စွမ်းဆောင်ချက်တွေကို တပ်မတော်အကြီးအကဲတွေကိုယ်တိုင် ..အသိအမှတ်ပြုတယ် ... 

အခုတိုက်ပွဲကိုလည်း အကြီးအကဲတွေကိုယ်တိုင် စိတ်၀င်တစား တိုက်ရိုက်စောင့်ကြည့်နေကြတယ် ... 

မင်းတို့ကိုလည်း ဒီအောင်ပွဲကို ရယူပေးနိုင်မယ်လို့ ယုံကြည်ကြောင်း အောက်ခြေအဆင့်ထိ ပြောပြပေးဖို့ ငါ့ကို အခုပဲ ဖုန်းဆက်တယ် ...

ဒါ့ကြောင့် မင်းတို့ လုပ်ပြစမ်း ... လုပ်ပြစမ်း ..
လုပ်နိုင်တယ် ... မင်းတို့ လုပ်နိုင်တယ် .... မင်းတို့ကို ငါယုံတယ် .. "

စက်ထဲတွင် တပ်မမှူး၏အသံက အတိုင်းသား ...။

နိဂုံးပိုင်းဆက်လက်ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=578184512624449&id=349604805482422

မင်းမော်

Source. လင်းထင်မောင်မောင်

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅)
အပိုင်း(၁)မှ အပိုင်း(၅)အထိ

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=574963149613252&id=349604805482422

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=575477416228492&id=349604805482422

အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=576032046173029&id=349604805482422

အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=576590452783855&id=349604805482422

အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=577094176066816&id=349604805482422