Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၅)


ဖုန်ကြားရှင်၏နောက်ဆုံးခြေကုတ် ပွိုင့် ၂၂၀၂ ကို တိုက်ခိုက်သိမ်းပိုက်ခြင်း
═══════════════════

၂၀၁၅ ခုနှစ် မေလဆန်းကာလများမှ တစ်ရက် ....

လောက်ကိုင်တိုက်ပွဲများကာလ ..

၂၀၁၅ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော လောက်ကိုင်တိုက်ပွဲကြီး ၃ လကျော် ကြာလာချိန် .. လောက်ကိုင်၏ ရာသီဥတုသည် တောင်ပေါ်ဒေသပင် ဖြစ်သော်ငြား ပူပြင်းခြောက်သွေ့နေသည် ... ။

တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး(ယခု- ပြည်ထဲရေး ဒုတိယ၀န်ကြီး) ဦးစီးသော ရှေ့တန်းကွပ်ကဲမှုအဖွဲ့သည် လောက်ကိုင်တွင် အခြေပြုကာ တိုက်ပွဲများအား စနစ်တကျ ကြီးကြပ်ကွပ်ကဲနေသည် ..။

ကျနော် ရောက်ရှိနေသည်ကား အမြောက်တပ်မမှူးရုံးထိုင်ရန်အတွက် ပေးထားသော အခန်းတစ်နေရာ .... ။

" လင်းထင် .. မင်း အမြောက်စခန်းတွေအားလုံးနဲ့ ဖုန်းရပြီးပြီနော် .. "

ကျနော်၏ အမြောက်တပ်မမှူး ဖြစ်သူ ဗိုလ်မှူးချုပ်၀င်းကိုကို (ယခု-တပ်မတော်သား ကိုယ်စားလှယ်)သည် သူ၏ ဦးစီးအရာရှိဖြစ်သူ ကျနော့်အား မေးလာခြင်းဖြစ်ပါသည်.. ။

လူငယ်တစ်ယောက်လို အမြဲ လန်းဆန်းတက်ကြွနေတတ်သော ကျနော့် တပ်မမှူး၏မျက်နှာသည် ကာလရှည်ကြာလာသော တိုက်ပွဲဖိစီးမှုတို့ကြောင့် အနည်းငယ် အိုမင်းရင့်ရော်လာသယောင် ရှိလေသည် .... ။

သို့သော် သူသည် တိုက်ပွဲကာလများအတွင်း မှန်ကန်သောဆုံးဖြတ်ချက်များကို တည်တည်ငြိမ်ငြိမ်ချတတ်သူတစ်ဦးဖြစ်ပါသည် .... ။

" ဟုတ်ကဲ့ ... ရပြီးပါပြီ အဘ .. အားလုံး တိုက်ပွဲအတွက် အသင့်ရှိနေကြပါတယ် " 

" အေး .. အမှားအယွင်းလုံး၀ မရှိစေနဲ့ကွာ .. 
ဒီတစ်ကြိမ်က တပ်မတော်တစ်ရပ်လုံးရဲ့ သိက္ခာနဲ့ ဆိုင်တဲ့ တိုက်ပွဲကွ... " 

" ဟုတ် အဘ ... ရှေ့က ကျနော်တို့ အဖွဲ့တွေ အားလုံး လုပ်နိုင်မှာပါ အဘ .."

အဘသည် တစ်စုံတစ်ရာ ပြန်မပြော ... ။ 
ကော်ရစ်ဒါလက်ရန်းကိုသာ ကိုင်ရင်း အပြင်သို့ ငေးကြည့်နေသည် ..။

သူငေးကြည့်နေသည့်မှာ ရှေ့တည့်တည့်မှ အဝေးမှ ကိုးကန့်သောင်းကျန်းသူများ နေရာယူထားသော ပွိုင့် ၂၂၀၂ တောင်ကြောကြီး ....။

ကျနော်သည် တကယ်လည်း ရှေ့တွင်တိုက်ပွဲဝင်နေကြသော တိုက်ပွဲ၀င် စစ်သည်အားလုံးကို ကျနော် ယုံကြည်ပါသည် .. ။ 

သူတို့သည် ဒီတိုက်ပွဲ၏ အောင်မြင်မှုကို ပိုင်နိုင်စွာ ရယူနိုင်ပါလိမ့်မည် ..။

ကျနော်တို့၏ ဒီတစ်ခါ ရည်မှန်းချက်ကား ပွိုင့် ၂၂၀၂ ..။

ပွိုင့် ၂၂၀၂ တောင်ကြောကြီးသည် လောက်ကိုင်၏ အရှေ့မြောက်ဘက် မိုင် ၇ မိုင်ခန့်အကွာ ထီးထီးကြီးတည်ရှိနေသော ကျောက် တောင်ကုန်းကြီးဖြစ်သည် ..။

တောင်ကုန်းကြီးသည် ကြီးမားကျယ်ပြန့်လွန်းလှပြီး ပုံစံက မုန်ယိုနေသော ဆင်အိုကြီးတစ်ကောင်နှယ် ...။

ဆင်အိုကြီး၏ ဘေးတစ်ဘက်တစ်ချက်သည် မြင့်မားမက်စောက်သော ကျောက်သားနံရံများဖြစ်ပြီး ... အပြေပြစ်ဆုံးဟုဆိုနိုင်သော မျက်နှာစာနေရာသည်ပင် ဆင်၏နှာမောင်းနှင့် ဆင်တူပြီး ကိုက် ၁၀၀ ပင်မပြည့်ချင် .... ။

တိုက်စစ်ဆင်မည့် ချေမှုန်းရေးတပ်များအတွက် တကယ့်ကို တပ်ဖြန့်ရန် ခက်ခဲသော မြေအနေအထား ....။

ဖုန်ကြားရှင်သည် နဂို သဘာ၀မှ အတားအဆီးကောင်းများ ဖန်တီးပေးထားသော ပွိုင့်-၂၂၀၂ တောင်ကုန်းကြီးကို လူအား ၊ စက်အား ဖြင့် အကောင်းဆုံးခံစစ်အဖြစ် ပြင်ဆင်ထားရှိခဲ့သည် ... ။

တော်ရုံတန်ရုံ အမြောက်ဒဏ်ကို မမှုသော ဘန်ကာများ၊ သဘာ၀နှင့် လူလုပ် အတားအဆီးများ ... ဘက်ဖိုးများဖြင့် ထိုးထားသော ဆက်သွယ်ရေးမြောင်းများ ..ခဲယမ်း၊ ရေ၊ ရိက္ခာ၊ သိုလှောင်ထိန်းသိမ်းသော အစီအမံများဖြင့် ပွိုင့် ၂၂၀၂ ကို သူ၏ အကောင်းဆုံး ခံစစ်စခန်းကြီးအဖြစ် ပြောင်းလဲလိုက်သည် .. ။

ဖုန်ကြားရှင်သည် ကိုးကန့် သောင်းကျန်းသူများအပြင် သူ၏ လက်ဝေခံ သူပုန်အဖွဲ့များဖြစ်သော AA, TNLA သောင်းကျန်းသူများကိုလည်း အင်အားအများအပြား ဖြည့်တင်းထားရှိသည် ....။

သူတို့၏ ခံစစ်သည် မြန်မာ့တပ်မတော်၏ ဗျူဟာမြောက် ကြည်း/လေ ပူးပေါင်း စစ်ဆင်ခြင်းကို ခံနိုင်မခံနိုင် စောင့်ကြည့်ရန်သာ ရှိတော့သည် ...။ 

တောင်မည်မျှပင် ကြီးပါစေ ... 
ဖဝါးအောက် ရောက်ဖို့သာ ရှိပါလိမ့်မည် ...။

ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့တော့မည် ... 

ထိုနေ့ကား ......။

၂၀၁၅ ခုနှစ် မေလ ၁၂ ရက်နေ့ ..
════════════════
( ပွိုင့် ၂၂၀၂ အား သမိုင်း၀င်သော တိုက်စစ် စတင်သည့်နေ့)

နံနက်လင်းအားကြီးအချိန် ...။

၃ လကျော်ကြာမြင့်လာသော တိုက်ပွဲများကြောင့် မြို့ပျက်ကြီးဖြစ်နေသော လောက်ကိုင်မြို့ကြီး၏ မြောက်ဘက်နေရာများဆီမှ ကျယ်လောင်ပြင်းထန်လှသော အမြောက်သြံကီးများသည် တစ်ပြိုင်နက် ပေါ်ထွက်လာသည် .. ။

ထူးခြားချက်ကား ဒီတစ်ခါ ကြားရသော အမြောက်သံများသည် ခါတိုင်းအချိန်များတွင် ကြားရသော အမြောက်သံများထက် များစွာထူးခြားနေသည် .. ။

ကြိုကြားကြိုကြားပစ်ခတ်ခြင်းမျိုး မဟုတ် ... ။

အမြောက် ၃/၄ လက်လောက် မှ ပစ်ခတ်သော အသံမျိုးလည်း မဟုတ် ...။

အမြောက်အရေအတွက် အလက်ပေါင်းများစွာသည် တည်နေရာ ဌာန ပေါင်းစုံမှ ပစ်ခတ်နေကြခြင်းဖြစ်ပါသည် ...။

ကျည်ကျရောက်ပေါက်ကွဲသံများသည် တစ်ချိန်တည်းတွင် ကျရောက်မှုကြောင့် လောက်ကိုင်မြို့၏ ပတ်၀န်းကျင် မဟာပထဝီမြေကြီးပင် မခံနိုင် ... သိမ့်သိမ့် တုန်တီးနေသည် ....။

လောက်ကိုင်မြို့၏ မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် ရုပ်ဆိုးလှသော ဆင်အိုကြီးတစ်ကောင် အိပ်နေသကဲ့သို့ ထီးထီးကြီးတည်ရှိနေသော ပွိုင့် ၂၂၀၂ တောင်ကုန်းကြီးပေါ်သို့ အမြောက်ကျည်ဆံပေါင်းများစွာတို့သည် ဆက်တိုက် ဆက်တိုက် ကျရောက်ပေါက်ကွဲနေသည် ...။

တောင်ကုန်းကြီးပေါ်တွင် အမြောက်ကျည်ကျများမှ ထွက်ပေါ်လာသည် မီးခိုးလုံးကြီးများစွာသည် လေထဲတွင် ဖွေးကနဲ ဖွေးကနဲ လိပ်တက်လာသည် ...။

ကျနော်တို့ အမြောက်စခန်းများမှ ၁၂၀ မမ အမြောက်များ၏ ပြင်းထန်ရက်စက်လွန်းသော ကျည်ကျ ပေါက်ကွဲသံများ ....။

လေပေါ်တွင် ဖွေးကနဲ .. ဖွေးကနဲ ... ပေါက်ကွဲနေသော ၁၀၅ မမ အမြောက်များ၏ လေကွဲကျည် ပေါက်ကွဲသံများ .. ။

ဖျက်အားပြင်းထန်လှသော ၁၀၆ မမ နောက်ပွင့်များ၏ ပစ်ခတ်သံများသည် ရန်သူ့တောင်ကုန်းကြီးပေါ်တွင် သိမ့်သိမ်တုန်ဟီးနေသည် ... ။

မှန်ပါသည် .. ။
ဒီပွဲသည် နိုင်ငံတော်၏ အချုပ်အခြာကို ပြောင်ပြောင်တင်းတင်းထိပါးလာသော MNDAA ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာ နေရာယူထားသည့် ပွိုင့် ၂၂၀၂ စခန်းကြီးအား ဟန်ချက်ညီညီ ချေမှုန်းသိမ်းပိုက်နိုင်ရေးအတွက်...

မြန်မာ့တပ်မတော်၏ နာမည်ကျော် တိုက်ခိုက်ရေး တပ်မတစ်ခုနှင့် ကျနော်တို့ အမြောက်တပ်ဖွဲ့များ၊ သံချပ်ကာတပ်ဖွဲ့များမှ သမိုင်း၀င် ခြေလျင်+အမြောက် +သံချပ်ကာ +လေတပ် တို့၏ တိုက်စစ်ကြီးတစ်ရပ်ကို စတင်လိုက်ခြင်း ဖြစ်ပါသည် .... ။

ဒီတစ်ကြိမ် ပွိုင့် ၂၂၀၂ တိုက်ပွဲကို ဦးဆောင်တိုက်ခိုက်လာသူတို့ကား .. ။

သွေးသစ်လောင်းကာ တက်ကြွနေကြသော မိတ္ထီလာလွင်ပြင်ဒေသမှ မျက်နှာထားတင်းတင်း/ ညိုလုံး မည်းပြောင်နေသည့် အညာသားများ ... ။

မှန်ပါသည် ... ။

သူတို့သည် တကယ့်ကို အညာသားများ ... ။

တိုက်ပွဲမကြောက်သော အညာသားများ ... ။

သူတို့သည် ရှမ်းမြောက်ကို ရာဇ၀င်အဆက်ဆက် အောင်မြေနင်းခဲ့သော သူရဲကောင်းများ ..။

သူတို့ကား ၉၉ ... ။

မြန်မာ့တပ်မတော်၏ တပ်မ ကိုးဆယ့်ကိုး ....။

အပိုင်း(၆)ဆက်လက်ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=577660062676894&id=349604805482422

#မင်းမော်

Source. လင်းထင်မောင်မောင်

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅)
အပိုင်း(၁)မှ အပိုင်း(၄)အထိ

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=574963149613252&id=349604805482422

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=575477416228492&id=349604805482422

အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=576032046173029&id=349604805482422

အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=576590452783855&id=349604805482422