Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၄)


လောက်ကိုင်နှင့် ကွန်လုံ မတူတော့ပြီ
══════════════════

ကွန်လုံတိုက်ပွဲကာလ လွယ်မန်ခါးတောင်ရှိမိမိတပ်ဖွဲ့များကို ဖုန်ကြားရှင်တပ်များက ဝိုင်းဝန်းတိုက်ခိုက်နေချိန်၊ ကွန်လုံမှ စစ်ကူတက်လာသည့်စစ်ကြောင်းမှာ လက်နက်ကြီးပစ်ကူလည်းမပြည့်စုံ၊ T.33 တွေရဲ့လေကြောင်းပစ်ကူကလည်း တောင်စွယ်တွေအကြား လိုဏ်ခေါင်းတူးနေရာယူ ခုခံထားသည့် ဗကပများကိုထိရောက်အောင်မတိုက်နိုင်သည့်အတွက် တပ်လန်ကျခဲ့ရသော်လည်း၊ လောက်ကိုင်စစ်ပွဲမှာတော့ ၁၀၅၊ ၁၂၀၊ ၁၅၅ အမြောက်ကြီး.၇၀၊ ယာဉ်တင်သံချပ်ကာအမြောက်ကြီးများ၏ပစ်အား၊ K.8 နှင့် နျူးကလီးယားဗုံးအထိသယ်ယူနိုင်သည့် စက်၂လုံးတပ် နည်းဗျူဟာဗုံးကြဲလေယာဉ်A.5 များကကြဲချသည့် ပေါင်၅၀၀၊ ပေါင်၇၅၀ ဗုံးများ၏ဒဏ်ကိုတော့မခံနိုင်၊

ပြောစရာရှိသည်မှာ နယ်စပ်မျဉ်းနှင့်နီးကပ်လွန်းသောကြောင့် ထိန်းချုပ်တိုက်နေရခြင်းဖြစ်ပြီး တရုတ်နယ်စပ်အနီးလာချထားတဲ့ ကြားဖြတ်တိုက်လေယာဉ်များကိုယှဉ်နိုင်သည့် မိမိတို့ရဲ့ ဝေဟင်စီးချင်းထိုးမှာ နာမည်ရပြီးဖြစ်သော MIG.29 များရှိနေခြင်းဖြစ်ပါသည်။ 

ထို့အတူ ကွန်လုံတွင် မိမိတပ်များကို ရန်သူက သိန္နီ.ကွန်လုံလမ်းမှ အင်အား၁၂၀၀ မှ ၁၅၀၀ ဝန်းကျင်ဖြင့် ဖြတ်တောက်ပိတ်ဆို့ထားမှုကြောင့် စစ်ကူ၀င်မရ၊ တန်ပြန်တိုက်စစ်ဆင်ရန် ရက်၄၀လောက်ကြာမြင့်ခဲ့သော်လည်း လောက်ကိုင်တိုက်ပွဲတွင် တပတ်အတွင်းရန်သူ့ထိုးစစ်ကို ရိုက်ချိုးပြီး၊ တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် အရှေ့မြောက်စစ်နယ်အဝှမ်းကို နာရီ ၅၀ မှ ၈၀ အတွင်းပိတ်ဆို့ဖြတ်တောက်ထားနိုင်ခြင်းကိုကြည့်လျှင် ခင်ဗျားတို့အပုပ်ချနေသော" မြန်မာ့တပ်မတော်ကြီး တကယ်ဘဲအရည်အသွေးနိမ့်သွားပြီလား.."ဆိုသည်ကို မှန်းဆ၍ ရနိုင်ကောင်းပါ၏။ ထို့ပြင် ရန်သူက လက်နက်နှင့် လူကို တရုတ်ဘက်မှ ကားများဖြင့် လိုသလောက်စုပုံရရှိနေစဉ်၊ မိမိတပ်ဖွဲ့များကလည်း အမြောက်နံဘေးအထိ ကျည်ဆံစုပုံခြင်း၊ လူ,ရိက္ခာနှင့်ကျည်ဆံလိုအပ်သောထောက်ပံ့မှုမှန်သမျှ MI.17 အလတ်စားရဟတ်ယာဉ်များဖြင့် သယ်ပို့ပေးနိုင်ခြင်း၊ လှုပ်ရှားရလွယ်သော လူသယ်သံချပ်ကာများအသုံးပြုနိုင်ခြင်းတို့သည်လည်း မိမိတိုက်ပွဲဝင်စစ်သည်များကို စိတ်ဓာတ်တက်ကြွမြင့်မားစေခဲ့သည်။

ဤနေရာ၌ အလျှင်အမြန်၀င်ရောက်ကယ်တင်ခဲ့သည့် စကခ.၁၆ အကြောင်း အနည်းငယ်တင်ပြမှ ပြည့်စုံပေလိမ့်မည်။

ဖုန်ကြားရှင် ဗကပ ဘ၀ကတည်းက ကွန်လုံဒေသ ခြူးရွှေ ပန်ကောက် မိုင်းယောင်း မိုင်းယန်းဒေသများအပြင်၊ အထက်ဘက် ကုန်းကြမ်းလောက်ကိုင်ဒေသများအထိ ဗကပတို့ ခြေခြင်းလိမ်အောင်တိုက်စစ်ဆင်ခဲ့ရာဒေသဖြစ်သည်၊ ဗကပပြိုကွဲသွားသော်လည်း အပြီးအပိုင်ငြိမ်းချမ်းသွားသည်မဟုတ်၊ ထို့ကြောင့် တပ်မတော်ခေါင်းဆောင်များက အချက်အချာကျသော မူဆယ်.ကွန်လုံလမ်းခွဲကို ခွထိုင်ထားသော စကခ.၁၆ တပ်မတခုကို ၁၉၉၀ ပြည့့်လွန်နှစ်များက စတင်ဖွဲ့စည်းခဲ့သလို အခြေချ တိုက်ခိုက်ရေးတပ်ရင်းကြီး ၁၀ရင်းနှင့် လက်ရုံးတပ်များကို သိန္နီ.လားရှိုးတဝိုက်မှာ ဖြန့်ခွဲအချေချ စေခဲ့သည်၊ စစ်ရေးအမြင်ဆိုသည်မှာ ဒါကိုခေါ်တာဘဲဖြစ်သည်၊ ပြည်ပကျူးကျော်စစ်ဖြစ်ခဲ့လျှင်လည်း ထိုတပ်များသည် ရန်သူအတွင်းပိုင်းမ၀င်နိုင်အောင် အသေခံဟန့်စစ်ဆင်ကာ၊ ပြည်သူ့စစ်မဟာဗျူဟာကိုခင်းကျင်းနိုင်ဖို့ အချိန်ရရန်ရည်ရွယ်ထားခဲ့ပေသည်။

လောက်ကိုင်ကို ဖုန်ကြားရှင်တပ်များ၀င်တိုက်ပြီကို သတင်းပို့ချက်ရသည်နှင့် ကကကြည်းမှ စကခ.၁၆အား မည်သည့်တပ်ရင်းဌာချုပ်ကိုမှ ရန်သူမသိမ်းပိုက်စေရန်ကာကွယ်ရမည်ဟူသောအမိန့်နှင့်အတူ  လောက်ကိုင်ကို ၈နာရီအတွင်း လမ်းကြောင်း၂ သွယ်မှချီတက်ပြီးစစ်ကူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ လျှင်မြန်စွာချီတက်နိုင်မှုကပင်လျှင် ဖုန်ကြားရှင်၏ ပထမစစ်ဆင်ရေး ရည်မှန်းချက်ကိုပျက်ပြားစေခဲ့ခြင်းဖြစ်ပါတော့သည်။

တိုးတက်လာသောဗကပလက်ဟောင်းကြီး
══════════════════

ဖုန်ကြားရှင်သည် အသက်၁၈ နှစ်သားဘ၀ကတည်းက ဂျင်မီယန်း၏ ကိုးကန့်ကာကွယ်ရေးအဖွဲ့သို့၀င်ရောက်ခဲ့သူ၊ တောခိုရာတွင်လည်းအတူလိုက်ပါခဲ့သူ၊ ဗကပတို့နှင့်ပူးပေါင်း၍ စစ်ရေးတာ၀န်ခံ၊ ဗဟိုပေါ်လစ်ဗျူရိုအဖွဲ့၀င်ဖြစ်သည်အထိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲကြီးပေါင်းများစွာနွှဲခဲ့သူ၊ စစ်ရည်ဝနေသော ဗကပလက်ဟောင်းကြီးလည်းဖြစ်သည်။ 

အများအားဖြင့် ဗကပဗျူဟာများသည် ပြောင်းလွယ်ပြင်လွယ်မရှိလှ။ ရည်မှန်းချက်ပျက်လျှင် စစ်မြေပြင်ကိုစွန့်ခွာ၍ မိမိတို့၏အမာခံစခန်းများဆီသို့ဆုတ်ခွာတတ်သည်ကို ကွန်လုံ၊ မိုင်းယန်း၊ ခြူးရွှေ၊ စီစီ၀မ်,တာပန်တိုက်ပွဲကြီးများ၌ မြင်တွေ့ခဲ့ရပြီးဖြစ်ပေလိမ့်မည်။ 

ယခုတကြိမ်တွင် နောက်ကဆရာကြီးများက စစ်ရေး Plan ကိုသေချာဆွဲပေးခဲ့ဟန်ရှိ၏။ ထို့ကြောင့် Plan.B ၊Plan.C ကို ဆက်လက်အကောင်အထည်ဖေါ်သည်။ ထုနှင့်ထည်နှင့်မတိုက်တော့ဘဲ မြို့တွင်းပြောက်ကျားအသွင်သို့ကူးပြောင်းကာ မြို့တွင်းပြောက်ကျားစစ်ဖြင့်တိုက်သည်။ 

ဂျင်းဘောင်းဘီအပြာ၀တ်ဆင်ထားတတ်သောသူများက လောက်ကိုင်မြို့တွင်းရှိအိမ်များတွင်ခိုအောင်းပြီး ပြောက်ကျားနည်းဖြင့်တိုက်သကဲ့သို့ မြို့ပြင် ကြံတောများအတွင်းမှ တရုတ်လုပ် မီတာ၁၅၀၀ အကွာထိပစ်ခတ်နိုင်သောType.99 အမျိုးအစား အဝေးပစ်သံချပ်ကာဖောက်စနိုက်ပါများဖြင့်တိုက်သည်။ ဆေးရုံနှင့် အရပ်ဖက်ယာဉ်တန်းများပါမချန် တိုက်ခိုက်ခြင်းခံရသလို တပ်မတော်အရာရှိတချို့ကျဆုံးခဲ့ရသည်။ (အီရတ်စစ်ပွဲနှင့် ဘလက်ဟော့ဒေါင်း ရုပ်ရှင်ကားများကြည့်ဖူးသူတို့ မြို့တွင်းတိုက်ပွဲအကြောင်းကောင်းစွာသိမြင်နိုင်ပါလိမ့်မည်)၊ အိမ်တချို့ကို မီးရှို့၍ မီးငြိမ်းသတ်မည့်တပ်မတော်သားများကို ပစ်ခတ်သတ်ဖြတ်ဖို့အထိကြံစည်သည်၊ 

ထို့ကြောင့်တပ်မတော်ကလည်း နည်းဗျူဟာစစ်ပွဲအသွင်သို့ကူးပြောင်းကာ မြို့တွင်းသုံး သံချပ်ကာယာဉ်များဖြင့် ကင်းလှည့်သည်၊ တအိမ်တက်ဆင်းပိုက်စိတ်တိုက်ရှင်းရသည်။ စနိုက်ပါက်ို စနိုက်ပါချင်းရင်ဆိုင်ရသည်။ မြို့ပြင်ကြံတောများကို ရန်သူမနေနိုင်အောင်မီးတို့၍ ထွက်လာသောကြွက်များကိုရှင်းသလို ရှင်းပစ်သည်။ ကြာတော့လည်းကြွက်များမနေနိုင်တော့၊ ဒုတိယပြောက်ကျားဗျူဟာဖြင့်တိုက်နေစဉ် ဖုန်ကြားရှင်သည် အလွယ်တကူဆုတ်ခွာမသွားသေးဘဲ Plan.C ကို တဖြည်းဖြည်းကူးပြောင်းရန် အချိန်ယူခြင်းမျှသာဖြစ်ပြီး Plan.C အရ တရုတ်နယ်စပ်စည်းနှင့်နီးသော ပေ၆၀၀၀ ကျော်၇၀၀၀ မြင့်သည့် တောင်ကုန်းများတွင် အခိုင်အမာခံစစ်ပြင်၊ ထောက်ပို့ကိုသေချာပြင်ဆင်ပြီး တပ်မတော်ကိုတိုက်ရန်ပြင်ဆင်တော့သည်။ ဤကား ဗကပလက်ထက်တိုက်ပွဲကြီးများနှင့်မတူသော ဆရာကြီးများ၏ ဗျူဟာအပြောင်းအလဲများဖြစ်တော့သည်။

ဗကပလက်ဟောင်းကိုဗကပဗျူဟာဖြင့့် တိုက်ခြင်း
══════════════════

ဗကပတို့တွင် ဗျူဟာတရပ်ရှိခဲ့သည်၊ ယင်းဗျူဟာမှာ " ရေရှိလျှင်ငါးရှိရမည်၊ ပြည်သူရှိလျှင် ဗကပရှိရမည် "ဟုဆိုလိုသည်။ ထို့ကြောင့် ဗကပခေတ်က တန်ပြန်ဗျူဟာတခုကိုချမှတ်ခဲ့သည်၊

" ရေရှိလျင်ငါးရှိရမည်" ဆိုလျှင် " ငါးမရှိအောင် ရေကိုပက်ထုတ်ပစ်ရမည်.."

"ရေမရှိလျှင် ငါးတို့အသက်မရှင်နိုင် " ထို့ကြောင့် မြစ်၀ကျွန်းပေါ်ဒေသတွင်ဗကပနှင့်ပြည်သူကိုခွဲခြားသော "ဖြတ်လေးဖြတ်စနစ်"ကြောင့် ဗကပတို့ချုပ်ငြိမ်းသွားခဲ့သည်။

လောက်ကိုင်တွင်လည်း ရေနှင့်ငါးခွဲခြားရမည်၊ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်သဖြင့် ရန်သူသည် ညတိုက်ပွဲမဆင်နိုင်၊ ကြံခင်းထဲပုန်း၍ပစ်ခတ်နေသူများကို ၊ ရေနှင့်တူသောကြံခင်းများကိုမီးရှိူ့လိုက်သဖြင့် ငါးနှင့်တူသော စနိုက်ပါသမားများမနေနိုင်တော့ပေ။ ရံဖန်ရံခါ တန်ပြန်နည်းဗျူဟာများသုံးရပုံကို အရာရှိငယ်များအတွက် တင်ပြခြင်းမျှသာဖြစ်သည်။

တတိယမဟာဗျူဟာကိုရှင်းလင်းခြင်း
══════════════════

ကိုးကန့်ဒေသတိုက်ပွဲများအတွင်း ဖုန်ကြားရှင်၏ တတိယမဟာဗျူဟာကို ရှင်းလင်းသုတ်သင်ရသည်မှာ အခက်ခဲဆုံး ၊အကြမ်းတမ်းဆုံးဟု ပြောနိုင်ပါသည် ။ 

ရန်သူ၌ အသာစီးရနိုင်သောအချက်၃ချက်ရှိနေသည်...

၁။ နယ်စပ်မျဉ်းနှင့်ကပ်နေသဖြင့် တပ်မတော်မှ ပစ်အားထိန်းချုပ်နေရခြင်း

၂။ မြေအနေအထားအရ ကုန်းမြင့်နှင့် မြေပြန့်ဖြစ်နေခြင်း

၃။ တရုတ်နယ်စပ်မှ အုပ်ချုပ်ထောက်ပံ့မှုကို လိုသလောက်ရနေခြင်းပင်ဖြစ်သည်။

တပ်မတော်၏အားသာချက်
══════════════

၁။ ဖုန်ကြားရှင်တပ်အများစုမှာ ကိုးကန့်တရုတ်များဖြစ်ပြီး တရုတ်ပြည်မှ တဦးလျှင် ယွမ်တသောင်းဖြင့်စုဆောင်းထားသော ကြေးစားတပ်များ၊ အပျော်တမ်းတပ်များသာဖြစ်ပြီး ခံယူချက်၊ယုံကြည်ချက်ရှိသူများမဟုတ်ခြင်း။

၂။ မိမိတပ်မတော်သည် တိုက်ရည်ခိုက်ရည်, ဇွဲသတ္တိနှင့် ယုံကြည်ချက်ခိုင်မာသောတပ်မတော်ဖြစ်ခြင်း

၃။ အခြားစစ်ပွဲများနှင့်မတူ၊ တိုက်ခိုက်ရေးတပ်များအတွက် လူ,လက်နက်,ရိက္ခာ, ကျည်ကို ရှေ့တန်းအရောက်အလျင်အမြန်ထောက်ပံ့ပေးနိုင်ခြင်း

၄။ ပြည်သူတို့၏ အားပေးထောက်ခံမှုများ အပြည့်အ၀ရနေခြင်းပင်ဖြစ်သည်။

နေ၀န်းနီတံဆိပ်များသည် ရှေ့တန်းရောက်တပ်မတော်သားများအတွက်အားဆေးသဖွယ်ဖြစ်နေခြင်းနှင့် ပြည်သူတို့၏အားပေးကူညီမှုများကြောင့် ရန်သူကိုတိုက်လိုခိုက်လိုစိတ် ပြင်းပြနေခြင်းပင်ဖြစ်သည်။

(ထိုအချိန်ကာလ လူမှုကွန်ယက်စာမျက်နှာများတွင် နေဝန်းနီတံဆိပ် နှစ်သန်းကျော်အထိ စံချိန်တင်ခဲ့သည်။)

တောင်ကုန်းများကိုရှင်းပြီ
═════════════

တောင်ကုန်းများကိုရှင်းလင်းရာတွင် တပ်မတော်သည် ခေတ်သစ်စစ်ပွဲကြီးအသွင်ကိုပြောင်းလိုက်ပါပြီ။

ရန်သူသည် တကြိမ်တခါမှမမြင်ဘူးသည့် အမြောက်ပစ်ကူကြောင့် မြေခွေးကျင်းထဲကမထွက်နိုင်၊ ဆုတ်လျှင်လည်း သေဒဏ်ပေးခံရမည်၊ ထို့ကြောင့် ဆေးကြောင်၍ အသေခံတိုက်ရုံမှတပါး လွတ်လမ်းမရှိ။ ယာဉ်တင်အမြောက်များက ဒါရိုက်ပစ်ကူပေးနေသလို BTR.3U. သံချပ်ကာယာဉ်များက တောင်ခြေအထိကပ်လာသည်၊ သံချပ်ကာကားနောက်မှ ခြေလျင်စစ်သည်တို့ ကပ်ပါလာသည်၊စကခ၁၆မှူးဦးစီး တမခ(၆၆).နဗဟ.၂ ကွပ်ကဲမှုအောက်ရှိ ခမရ.၄၊ ခမရ.၇၊ ခလရ.၃၅ မှတပ်မတော်သားတို့သည် ၁၅.၄.၁၅ မှစတင်၍ နှစ်သစ်ကူးလက်ဆောင်ပေးနိုင်ရေးအတွက် ပွိုင့် ၁၅၆၄၊ ပွိုင့်.၁၅၈၆ တောင်ကုန်းများကို စတင်တိုက်ခိုက်တော့သည်၊ ထို့အတူ ဘိုင်ကျင်ရွှေအား ၁၂၅၀ နာရီတွင်လည်းကောင်း၊ ပိုင်ဝိုင်တောင်အား၁၃၀၀ နာရီတွင်လည်းကောင်း၊ ပွိုင့် ၁၈၅၉အား ၁၄၄၅နာရီတွင်လည်းကောင်း၊ ပွိုင့် ၁၇၅၃အား ၁၆၀၀ နာရီတွင်လည်းကောင်း ကျားထိုးသိမ်းပိုက်ပြီး၊ စခန်းကုန်းမှဆင်းပြေးသောရန်သူအား ယက္ခဗျူဟာနှင့် စကာပေါက်ဖြစ်အောင် သူရဲမင်းရဲစီးသလိုတိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ချင်းရွှေဟော်အရှေ့ခြမ်း ပါစင်ကျော်ရှိစခန်းကုန်းများကိုလည်း စကခ.၁ လက်အောက်ခံတပ်များက အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခမရ.၅၂၂ နှင့် ကြက်ခြေနီတပ်ဖွဲ့၀င် ကိုမိုးကျော်သန်းအတွက်သွေးကြွေးဆပ်နိုင်ခဲ့ပါပြီ။

၁၆.၃.၁၅ ပါစင်ကျော်, ချင်းရွှေဟော်ကိုတက်ရှင်းစဉ် စစ်ကြောင်းရုံးကို ရန်သူRPGထိမှန်သဖြင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးရာဇာမင်းထွန်းနှင့် ဒုဗိုလ်ခန့်ထူးလွင်တို့ နိုင်ငံအတွက်အသက်ပေးလှူခဲ့ရပါသည်။ 

ထို့အတူ မတ်လ၂၁ရက်နေ့ကလည်း ပွိုင့်.၁၅၆၄ကို ရှေ့ဆုံးမှ ကျားထိုးသိမ်းပိုက်ခဲ့သည့် ဗိုလ်ကြီးနေလ၀င်းနှင့်ရဲဘော်အချို့ နိုင်ငံအတွက်အသက်ပေးလှူခဲ့ရပါသည်။ 

ထို့အတူBP.139 အနီးက ပွိုင့်၁၅၈၄ကိုလည်း မိမိတပ်မတော်က ၃၂နာရီကြာ လုံးထွေးတိုက်ခိုက်သိမ်းပိုက်ခဲ့သလို၊ စကခ.၁၆ ဦးစီးတပ်မ(၈၈) တပ်ရင်းများက မာလုရွှေအနီးက ပွိုင့် ၁၇၄၂ကို ၈၀ဒီဂရီမတ်စောက်သည့်တောင်ကြီးကို တစ်လက်မချင်း လှန်တက်ပြီး မီးကုန်ယမ်းကုန်ပစ်ကာ ကျားထိုးသိမ်းပိုက်နိုင်ခဲ့ပါသည်။ 

ယခုချိန်တွင် ဖုန်ကြားရှင်တပ်များသည် တပ်မတော်က လက်နက်ကြီးနှင့်လေကြောင်းပစ်ကူကို ကြောက်လန့်ပြီး နယ်စပ်မျဉ်းဆီမှာသာ ၀င်ချည်,ထွက်ချည်လုပ်နေတော့သည်။ 

နောက်ဆုံးမှာတော့ ရန်သူအခိုင်အမာခြေကုတ်ယူထားသော ပွိုင့်.၂၂၀၂ တစ်ကုန်းသာကျန်ပါတော့သည်..။

အပိုင်း(၅)ဆက်လက်ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=577094176066816&id=349604805482422

#မင်းမော်

Source. Thaung Myint

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅)

အပိုင်း(၁)မှ အပိုင်း(၃)ထိ

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=574963149613252&id=349604805482422

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=575477416228492&id=349604805482422

အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=576032046173029&id=349604805482422