Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၃)


စစ်ကူလာပြီ
➳➳➳➳

လောက်ကိုင်အတိုက်ခံရကြောင်း ကကကြည်း၊ စစ်ဆင်ရေးဌာနသည် ချက်ခြင်းသတင်းရသည်နှင့် အရှေ့မြောက်ဒေသရှိတပ်များ၊ အမြောက်တပ်၊ သံချပ်ကာဖွဲ့များအား သတိပေးချက်ထုတ်ပြန်လိုက်ပြီးဖြစ်သည်၊ တပ်မတော်(လေ) မှ MI.35တိုက်ခိုက်ရေးရဟတ်ယဉ်များ သည်ထိုအချိန်က တိုက်ပွဲ၀င်နေပြီဖြစ်သည်၊ လားရှိုးအခြေပြု MI.35များ၊ K.8 တိုက်ခိုက်ရေးလေယဉ်များ၊ နမ့်ဆမ် အခြေပြု A.5 လေယဉ်များသည် တိုက်ပွဲ၀င်ရန် စစ်ဆင်ရေး Stand by အဖြစ် ပြင်ဆင်ထားပြီးဖြစ်သည်။

တိုက်ပွဲဖြစ်ပြီး လောက်ကိုင်ဒေသကို ကာကွယ်ရန် (၈)နာရီအတွင်းရောက်ရှိလာသောတပ်မှာ စကခ.၁၆ တပ်များဖြစ်သည်။ ဖုန်ကြားရှင်သည် ထုံးစံအတိုင်း လောက်ကိုင်၀င်ပေါက်များတွင် ပိတ်ဆို့ဖြတိတောက်ရေးတပ်များ အသင့်နေရယူပြီးဖြစ်သည်၊ လမ်းဘေးဝဲယာတဖက်တချက်တွင် ပစ်ကျင်းများတူးပြီးအသင့်နေရာယူထားပြီးဖြစ်သလို၊ ဖုန်ကြားရှင်၏ မဟာမိတ်တပ်များက လက်ဖြောင့်စနိုက်ပါများဖြင့် ချောင်းမြောင်းပစ်ခတ်သည့်ကြားမှ စကခ.၁၆ စစ်ကြောင်းများသည် လောက်ကိုင်မြို့တွင်းသို့ထိုးဖောက်၀င်ရောက်လာပြီး ဒကစ(လောက်ကိုင်)နှင့် တပ်ရင်းဌာနချုပ်ရှိအိမ်ထောင်သည်ရဲမေများအားတိုက်ခိုက်သောရန်သူ့တပ်များကို အတင်း၀င်ရောက်လုံးထွေးတိုက်ခိုက်သည်။

စကခ.၁၆ တပ်များ မြို့တွင်းသို့၀င်ရောက်လာပြီးကားပေါ်မှဆင်းသည်နှင့် အရပ်၀တ် ၀တ်ထားသည့် ဖုန်ကြားရှင်တပ်များက၊ အိမ်ခေါင်မိုးများ၊ အဆောက်အဦးများအတွင်းမှ စတင်ပစ်ခတ်တော့သည်။

သိန္နီမှ စကခ ၁၆ တပ်များသည်၊ ကျန်တပ်များကိုပင်မစောင့်တော့ဘဲ တာမိုးညဲ.မုန်းစီး.တာပါးမှ စစ်ကြောင်းတကြောင်း၊ ချင်းရွှေဟော်.လောက်ကိုင်လမ်းကြောင်းမှတကြောင်း၊ အမြန်ချီတက်လာခြင်းဖြစ်သည်၊

ဖုန်ကြားရှင်၏တပ်များသည် ခလရ.၁၂၅၊ ခလရ.၁၂၉ တပ်များကို ဆွဲထုတ်ပြီးထိန်းချုပ်တိုက်ခိုက်နေဆဲ၊ နောက်တန်းရဲမေများရှိသောဌာနချပ်အား၀င်ရောက်တိုက်ခိုက်သော်လည်း အလွယ်တကူချေမှုန်းနိုင်ခြင်းမရှိဘဲ တိုက်စစ်အဟုန်တန့်နေချိန်....

ရမခလက်အောက်ခံ ခလရ.၁၄၃ကို ကုန်းကြမ်းသို့စတင်စေလွှတ်ခဲ့သည်။ ဝိုင်းပတ်ပိတ်ဆို့ခံရသော ခလရ.၁၂၅ အား MI.35 တိုက်ခိုက်ရေးရဟတ်ယာဉ်များက ပစ်ကူပေးနေသဖြင့်၊ ရန်သူမှ ချေမှုန်းနိုင်ခြင်းမရှိသေး၊ ခလရ.၁၂၅ အားကယ်ထုတ်ရန်အပြင်းချီတက်လာသော ခလရ.၁၄၃ သည်၊ တာမိုးညဲ.မုန်းစီး.တာပါးလမ်းမှ ကုန်းကြမ်းသို့ ၁၉၀၀ နာရီရောက်ရှိလာသော်လည်း ခလရ.၁၂၅ ကိုကယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ ရန်သူဖြတ်တောက်ရေးအင်အား၂၀၀ ကျော်ဖြင့် ဖြတ်တောက်တိုက်ခိုက်ခြင်းခံနေရသည်။ ထို့ကြောင့် စစ်ကူစစ်ကြောင်းမှူးသည် ၂၁၀၀နာရီတွင် အမြောက်ပစ်ကူတောင်းခံခဲ့ရာ မိမိတို့၏ ၁၀၅ မီလီမီတာ ဟောက်၀စ်ဇာအမြောက်ကြီးများဖြင့် ပစ်ကူပေးနေရသည်။

ထိုအချိန်တွင် ဒကစ(လောက်ကိုင်)သည် မိမိတို့၏ကျန်တပ်များကိုကာကွယ်ရန် အရံအဖြစ်ထားရှိသည့် ခလရ.၁၂၈ အားတာရွှေထန်ရှိ စစ်အင်ဂျင်နီယာတပ်ကိုကာကွယ်ရန် စေလွှတ်ပေးခဲ့သည်။ သိန္နီနှင့် လာရှိုးတွင်ဖြန့်ခွဲထားသော စကခ.၁၆. တပ်များအနက်၊ သိန္နီရှိ တပ်များသည် စစ်ကူအမြန်ပေးနိုင်ရေးအတွက် လားရှိုးတပ်များအားမစောင့်တော့ဘဲ မုန်းစီး. တာပါး. ချင်းရွှေဟော်လမ်းအတိုင်း လောက်ကိုင်သို့ချီတက်ရာ ၂၂၀၀နာရီတွင် လောက်ကိုင်သို့ရောက်ရှိသည်၊။ ထို့အတူပင် တာမိုးညဲ. မုန်းစီးလမ်းအတိုင်း ချီတက်လာသောတပ်များသည် တာပါးကူးတို့ကိုဖြတ်ကူးကာ ကုန်းကြမ်းသို့ နံနက်စာစောရောက်ရှိလာသည်။ ထို့နောက် ခလရ.၁၃၄ကို ပိတ်ဆို့ထားသော ဖုန်ကြားရှင်တပ်များအား၀င်တိုက်ရာ ရန်သူများဆုတ်ခွာသွားပြီး ခလရ.၁၃၄ နှင့် ပူးပေါင်းမိသည်။

လောက်ကိုင်သို့ရောက်ရှိလာသည့် စကခ.၁၆ တပ်များသည် ချက်ခြင်းခွဲဖြန့်နေရာယူသည်။ တပ်ရင်းတရင်းက ချင်းရွှေဟော်. လောက်ကိုင်ကြား ဆက်သွယ်ရေးလမ်းကို ၀င်ရောက်နေရာယူတပ်စွဲလိုက်ပြီး လားရှိုးမှချီလာသော စကခ ၂ရင်းလည်း ၀င်ရောက်လာပြီဖြစ်သဖြင့် မိမိတို့၏ပိတ်ဆို့ခံတပ်ရင်းအားကူရန် တာရွှေထန်သို့ ညတွင်းချင်းချီတက်ရာ ၀၄၃၀ နာရီတွင် တာရွှေထန်သို့ရောက်ရှိတပ်စွဲသည်။

သံလွင်မြစ်အား တာပါးကူးတို့မှဖြတ်ကူးကာ စကခ.၁၆ ၊ တစ်ဗျူဟာ,( ၃)ရင်းသည်လည်း ကုန်းကြမ်း ခလရ.၁၂၅ ဌာနချုပ်သို့ရောက်ရှိတပ်စွဲသည်။

တာရွှေထန်သို့ ၀၄၃၀ နာရီရောက်ရှိသော ၃.ရင်းအနက်မှ ခမရ.၅၅၂ သည်၊ ခလရ.၁၂၅ ကိုကူညီရန် အပြင်းချီတက်ရာ ၁၈.မိုင်အနီးကြိုတင်ရောက်ရှိ၍ ပစ်ကျင်းများ, ခံကတုတ်များဖြင့် နေရာယူထားသော ရန်သူ၄၀၀ခန့်၏ ချုံခိုတိုက်ခိုက်ခံရပြီး လမ်းဘေးဝဲယာတွင် Pin down မိနေတော့သည်။ ထို့ကြောင့် MI.35 ရဟတ်ယဉ်များရောက်လာပြီး ရော့ကက်များ၊ စက်သေနတ်များဖြင့်ပစ်သော်လည်း၊ ရန်သူမှ ခံကတုတ်များ ပစ်ကျင်းများ၊ မြေခွေးကျင်းများတူးထားသဖြင့် ထိရောက်မှုနည်းနေသည်။

ထိုအချိန်အထိ ရန်သူတိုက်စစ်အဟုန်ပြင်းထန်နေသော်လည်း မိမိစစ်ကူတပ်များ ၈နာရီအတွင်း အလျှင်အမြန်ချီတက်လာမှုကြောင့် မည်သည့်ရည်မှန်းချက်ကိုမျှသိမ်းပိုက်နိုင်ခြင်းမရှိသေး၊ တိုက်ပွဲစသည်မှ နာရီပေါင်း၈၀ အတွင်း၊ တိုက်ခိုက်ရေးတပ်မကြီးတစ်ခုသည်၊ လောက်ကိုင်နယ်မြေအတွင်းသို့ ချင်းနင်း၀င်ရောက်လာနေပြီဖြစ်သည်။ ယခုအချိန်အထိ မိမိတပ်များသည်၊ ရန်သူတီးကွက်အတိုင်းကနေရသော်လည်း မကြာမီ ရန်သူတီးကွက်များ လျော့နည်းပျောက်ကွယ်လာကာ မိမိတပ်မတော်တီးကွက်အောက်တွင် မှောက်လျှက်လဲရပေတော့မည်။

အလျှင်အမြန်ချီတက်သည်ဆိုရာ၀ယ်
➳➳➳➳➳➳➳➳➳➳➳➳➳

ဖုန်ကြားရှင်၏တပ်များစုစည်းမှုမှာ အင်အား၄၀၀၀ မျှ ရှိမည်ဟုခန့်မှန်းရာ လောက်ကိုင်နှင့်မဝေးလှသော ကွန်လုံတွင် တိုက်ပွဲကြီးဖြစ်စဉ်က စခန်းအတော်များများကိုသိမ်းပိုက်ခြင်းခံခဲ့ရသည်။ မော်စီတုန်းဗျူဟာမှာ လှုပ်ရှားစစ်ကိုအခြေခံသည်ဖြစ်ရာ ကွန်လုံစစ်ပွဲအတွင်းက ထိုးစစ်ကိုအဓိကထားပြီး ဝိုင်းပတ်တိုက်ခိုက်သည့် နည်းဖြင့် တိုက်ခိုက်ကာ စခန်းများသိမ်းပိုက်နိုင်သော်လည်း၊ တရုတ်ဗျူဟာအတိုင်း လူအသေအပျောက်များခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ မကျေမနပ်ဖြစ်ခဲ့ကြသည်။

ကိုးကန့်စစ်ပွဲတွင် တရုတ်စစ်ဗျူဟာအပြောင်းအလဲများစွာတွေ့ရသည်၊ ထိုးစစ်ကိုပင် ခံစစ်သဖွယ်အသုံးချနိုင်ခဲ့သည်၊မိမိတပ်များကိုဆွဲထုတ်ပြီး ခံစစ်ယူချေမှုန်းရန်ကြိုးပမ်းခဲ့သလို၊ စစ်ကူတပ်ဖွဲ့များကိုလည်း ခံစစ်ယူချေမှုန်းရန်ကြိုးပမ်းခဲ့သည်။ တိုက်စစ်အဟုန်တန့်သွားချိန်တွင် စနိုက်ပါနှင့် မြို့တွင်းတိုက်ပွဲများသာမက၊ နယ်စပ်ရှိတောင်ကုန်းများကိုခြေကုတ်ယူတိုက်သည့် တောင်ပေါ်တိုက်ပွဲများ အများအပြားသုံးစွဲတိုက်ခိုက်ခြင်း၊ လေကြောင်းအသာစီးရမှုကို လိုဏ်ခေါင်းများ, မြေခွေးကျင်းများ နက်စွာတူး၍ ခုခံလာသည်ကို တွေ့ရှိလာရသည်။

မိမိတပ်မတော်၏ စစ်ဗျုဟာမှာ ကိုးကန့်စစ်ပွဲသည် အလျှင်မြန်ဆုံးသော စစ်ကူပေးနိုင်မှု၊ ချီတက်နိုင်မှုကိုတွေ့မြင်လာရသည်၊ အပိုင်း(၁)တွင်ဖေါ်ပြခဲ့သည့် ဗကပနှင့် နွှဲခဲ့ရသောစစ်ပွဲများတွင် ကိုးကန့်စစ်ပွဲသည် လျှင်မြန်ဆုံးသော စစ်ချီတက်မှုကိုတွေ့ရသော်လည်း၊ စစ်ပွဲအစပိုင်းသည် သမားရိုးကျချီတက်မှုထက်မပိုသေးချေ၊ သမားရိုးကျနည်းများဖြင့် အလျှင်အမြန်စစ်ချီရသဖြင့် အထိအခိုက်များရှိခဲ့သည်၊။ နောက်ပိုင်းတွင်.၂၁ ရာစု၏ခေတ်မီနည်းလမ်းများကိုသုံးစွဲသဖြင့် အထိအခိုက်နည်းပါးခဲ့သည်။

ဘယ်လိုပြင်ဆင်မလဲ
➳➳➳➳➳➳➳

မိမိတို့နှင့်ကပ်လျှက်ယူနန်ပြည်နယ်တွင် တရုတ်တို့၏ ခြေလျင်လက်ရုံးပူးပေါင်းတပ်များ အခြေချလျှက်ရှိသည်။ တိုးတက်သောနိုင်ငံများတွင် ခြေလျင်သီးသန့်တပ်များမရှိတော့၊ ခြေလျင်လက်ရုံးပေါင်းစပ်တပ်များသည် စစ်မြေပြင်တွင် ပိုမိုထိရောက်ကြောင်းတွေ့ရှိလာရသဖြင့် ခြေလျင်တပ်များနှင့်အတူ သံချပ်ကာ၊ တင့်ကား၊အမြောက်နှင့် ရဟတ်ယာဉ်များကို ပူတွဲထားသော ပူးပေါင်းတပ်များကိုသာဖွဲ့စည်းကြသည်။

မြန်မာ့တပ်မတော်အနေဖြင့် ပေါင်းစပ်တပ်များမရှိသဖြင့် ပူးပေါင်းရန်အချိန်အတိုင်းအတာတစ်ခုထိ အချိန်ယူရသည်။ ဥပမာ စကခ.၁၆ နှင့် စစ်ကူလိုက်သော
တပ်မများသည် စစ်သည်တင်သံချပ်ကာများ၊ အစောင့်လိုက်ရဟတ်ယာဉ်များပါရှိပါက အထိအခိုက်နည်းမည့်အပြင် ခလရ.၁၂၅၊ ၅၂၂ ကဲ့သို့ဖြစ်နိုင်ချေနည်းပါးမည်ဟုသုံးသပ်ရရှိပါသည်။ နောက်ပိုင်းတိုက်ပွဲများတွင်မူ တပ်မတော်သည် ၂၁ရာစု တပ်မတော်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့သည်အပြင် စနိုက်ပါတပ်များကိုပါ ပူးတွဲအသုံးပြုနိုင်ခဲ့သည်။ သို့ရာတွင် ယာဉ်တင် စနိုက်ပါသေနတ်ကြီးများ ညတိုက်ပွဲ၀င် စစ်လက်နက်များအပိုင်းတွင် အားနည်းနေဆဲပင်ဖြစ်ပါသည်။

တရုတ်တို့သည် အနောက်နိုင်ငံထုတ်စစ်လက်နက်များကို ပုံတူကူးထုတ်လုပ်ရာတွင် သူမတူအောင် တော်ကြသည်။ ထို့ကြောင့် Type.99 စနိုက်ပါများ၊40မီလီမီတာ အော်တိုမစ်တစ်ဗုံးပစ်လောင်ချာများအပါအ၀င် စစ်လက်နက်များကို ပုံတူကူးထုတ်လုပ်ကြပြီး၊ တရုတ်ထုတ်လက်နက်များသည် MNDDA၊ KIA၊ UWSA တို့ထံ ရောက်ရှိသွားကြတော့သည်၊

တပ်မတော်သည် Standard Army ဖြစ်ရေးအတွက် လိုအပ်မည့်စစ်လက်နက်ပစ္စည်းများကို ပုံတူကူး၍ထုတ်လုပ်ခြင်း၊ ခံ, ခွာ, တိုက်, ချီ တွင် အဆင့်မြင့်နည်းပညာများ ပူးတွဲဆောင်ရွက်သင့်ပါသည်။

ခလရ.၁၂၅အား ရန်သူကပိတ်ဆို့ချေမှုန်းနေဆဲ၊ ခလရ.၁၂၅အား MI.35 နှစ်စီးဖြင့် လေကြောင်းပစ်ကူ ပေးနေရသဖြင့် ရန်သူသည် ထင်သလိုမတိုက်နိုင်။ မိမိတပ်မျာလည်း Pin down မိနေ သဖြင့်ပြန်ထွက်ရန်ခက်ခဲနေခြင်းပင်၊ ခုခံနေရချိန်မှာ ၁၈နာရီ ကြာမြင့်လာပြီး၊ ရန်သူမှ RPGများ၊ စက်လတ်များ၊ စနိုက်ပါများနှင့်ပါ ခေါင်းမဖေါ်နိုင်အောင်ပစ်ခတ်နေသဖြင့် လျှိုအတွင်း နေရာယူထားရသည်။

တာရွှေထန်သို့ အမြန်ချီတက်လာသဖြင့် နံနက်လင်းအားကြီးချိနိရောက်လာသော တပ်ရင်း၃ရင်းအနက်မှ တပ်ရင်းမှူးဦးစီး ခမရ.၅၂၂ သည် ခလရ.၁၂၅ကို ကယ်ထုတ်ရန်အပြင်းချီတက်ရာ၊ ၁၈ မိုင်လမ်းဆုံအနီး ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းနှင့်မြေခွေးကျင်းများတူး၍ အသင့်စောင့်နေသည့် ဖုန်ကြားရှင်တပ်များက ကားများကို RPG များဖြင့် ဝိုင်းထုသည်။

ရဲဘော်အချို့ကားပေါ်တွင်ကျဆုံးကြရသည်။ ရန်သူခန့်မှန်းအင်အား ၄၀၀ ကျော်ရှိပြီး လျှင်မြန်မှုကိုဦးစားပေးရသောမိမိတပ်ဖွဲ့များ အငိုက်မိသွားသည်၊ ရင်းမှူးနှင့်အဖွဲ့က လမ်းညာဘက် လျှိုတွင်းလှိမ့်ဆင်းပြီး ကျန်အဖွဲ့က လမ်းဘယ်ဘက်ခြမ်း ရေနုတ်မြောင်းအတွင်းမှခုခံနေရသည်။ ရန်သူသည် အထက်စီးမှ လက်ပစ်ဗုံးများလှိမ့်ချခြင်း၊ RPGများနှင့်စက်လတ်များ လှိုင်လှိုင်သုံး၍ ပစ်နေသဖြင့် ရုန်းထွက်မရဖြစ်နေသည်။ ထိုအချိန်တွင် တာပါးမှ ထိုးဖောက်တက်လာသော ခလရ.၁၄၃က အတင်း၀င်တိုက်သဖြင့် ရန်သူများ ၁၀၃၀ နာရီအချိန်တွင်ဆုတ်ခွာသွားသဖြင့် ခလရ.၁၂၅မှာ Pin Downမှ လွတ်မြောက်သွားခဲ့သည်။

တာရွှေထန်၌ကျန်ခဲ့သော စကခ.၁၆ လက်အောက်ခံ ခလ၇.၆၈ သည် ခမရ.၅၂၂ အတိုက်ခံရကြောင်းသိသည်နှင့် ချက်ခြင်း လေကြောင်းပစ်ကူတောင်းခံခဲ့သလို စစ်ကူစစ်ကြောင်းများသည် ခမရ.၅၂၂ ကိုကယ်တင်ရန် စတင်ချီတက်တော့သည်။ ခမရ.၅၂၂အားအပြတ်ဖြတ်နိုင်ရန် ကြိုးပမ်း၍ ကျားထိုးပြီးအနီးကပ်လုံးထွေးလာသောရန်သူသည် ၃ကြိမ်စလုံးလန်ကျသွားရသည်၊ ထိုအချိန်မြူနှင်းများကွဲလာပြီဖြစ်သဖြင့် လေကြောင်းပစ်ကူ ပေးမည့်MI.35 များရောက်လာပြီး မိမိတပ်ဖွဲ့များအားသေချာနေရာယူထားစေ၍ ရန်သူ့တောင်ကုန်းအား ရော့ကက်များ၊ စက်သေနတ်များဖြင့် ပစ်ခတ်သဖြင့် ခမရ. ၅၂၂ သက်သာရာရသည်၊ လေကြောင်းပစ်ကူ ၃ ကြိမ် တိုက်ခိုက်သော်လည်း စနစ်တကျခံစစ်ယူထားသောရန်သူအား ထိခိုက်မှုအားနည်းနေသည်။

စစ်ကူလိုက်လာသောမိမိတို့စစ်ကူများသည်လည်း တိုက်ပွဲဧရိယာအတွင်း၀င်ရောက်လာပြီ ပိတ်မိနေသည်မှာ ၅နာရီခန့်ကြာမြင့်လာပြီ၊ ၀င်လာလျှင်၀င်လာခြင်းရန်သူက RPG များနှင့်ဝိုင်းပစ်သဖြင့် ပွိုင့်တပ်စိတ်မှူးဒဏ်ရာရသည်။ ခလရ.၆၈ ခေတ္တရင်းမှူး ဗိုလ်မှူး ၀င်းထွန်းအောင်သည် လမ်းဘယ်ဘက်တောင်ကုန်းပေါ်သို့တက်ရောက်နေရာယူစေပြီး၊ ရင်းမှူးဦးစီးစစ်ကြောင်း.၁ မှ ညာဘက်တောင်ကြောမှာနေရာယူကာ စစ်ကြောင်းရုံးလက်နက်များ၊ ၈၁ မမ များနှင့် စုပြုံပစ်ခတ်တော့သည်။ ဗိုလ်မှူး ၀င်းထွန်းအောင်သည် ရှိသမျှ RPG များ၊ စက်လတ်များ၊ မော်တာများနှင့် ဦးနှိမ်ပစ်ခတ်ကာ လုံးထွေးတိုက်နေရသော ခမရ.၅၂၂ ရှိရာသို့ ထိုးဖောက်တိုက်စေရာ နံနက် ၀၃၀၀ နာရီတွင် ကားလမ်းသို့မေးတင်မိပြီး၊ ကျားထိုးရန်ကြိုးစားနေသောရန်သူကိုတိုက်ခိုက်ရာ ရန်သူတိုက်စစ်အဟုန်လျော့ကျသွားသည်။ ၀၃၀၀ နာရီတွင် ကားလမ်းနှင့်အနီးဆုံးကုန်းများကို လက်နက်ကြီးများနှင့်ထု၍ ကျားထိုးသိမ်းပိုက်လိုက်သည်။ ခမရ. ၅၂၂နှင့် ၀၄၃၀နာရီတွင် ပူးပေါင်းမိသွားသည်။

သိမ်းပိုက်မိသောရန်သူတောင်ကုန်းအားယာယီခံစစ်ပြင်ကာ မိမိတို့၏ကျဆုံးစစ်သည်များ၊ဒဏ်ရာရသူများကို တာရွှေထန်သို့ကားများဖြင့်သယ်ထုတ်ပြီး ၁၁၃၀နာရီတွင်ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ မိမိတပ်ဖွဲ့များအားကယ်ထုတ်ရန် လျှင်မြန်မှုကိုဦးစားပေးခဲ့ရသော ခမရ.၅၂၂မှ (၁+၂၉) ဦးကျဆုံးခဲ့ပြီး (၈+၃၉) ဦးဒဏ်ရာရရှိခဲ့ပါသည်။

ယခုအခါ စစ်ပွဲအစတွင် ဖုန်ကြားရှင်တပ်ဖွဲ့မှ ထိုးစစ်ဆင်၍သိမ်းပိုက်ရန်ကြိုးပမ်းခဲ့သော ဒကစ(လောက်ကိုင်)၊ ရဲမေများခုခံနေသည့် ခလရ.၁၂၅၊ ခလရ.၁၂၉ ဌာနချုပ်များ၊ ပိတ်မိနေသော ခလရ.၁၂၅၊ ခမရ.၅၂၂ တို့ကိုလည်း အောက်မြင်စွာကယ်တင်နိုင်ခဲ့ပါပြီ ။

ဖုန်ကြားရှင်၏တိုက်စစ်သည် ၇.ရက်မပြည့်မီရပ်တန့်သွားခဲ့ပြီ ဟုပြောလို့ရသည်၊ နောက်ထပ်တပ်မများ တဖွဲဖွဲ၀င်ရောက်လာသဖြင့် လောက်ကိုင်ကိုထိန်းချုပ်ထားနိုင်ပြီ၊ ၀င်လာသောတပ်မများက အပြစ်မဲ့အရပ်သားများကို ဘေးလွတ်ရာသို့ ကယ်ထုတ်သည်။

ချီးမွမ်းစရာကောင်းသည်မှာ ခလရ.၁၂၅ ၊ ခလရ.၁၂၉ ဌာနချုပ်မှ ရန်သူကို ၅.နာရီကျော်ကြံ့ကြံ့ခံ၍ ခုခံတိုက်ခိုက်ခဲ့သောရဲမေများ၏ပြောစကားပင်ဖြစ်သည်။

" ကျမတို့ယောက်ျားတွေကိုစစ်မြေပြင်မှာထားခဲ့ပြီး၊ ကျမတို့ဘေးလွတ်ရာကို ရှောင်မသွားနိင်ပါဘူး၊ သေလည်း အတူတူ၊ ရှင်လည်း အတူတူဘဲ.."ဟု ပြော၍ စစ်မြေပြင်ကိုစွန့်ခွာရန်ငြင်းဆန်နေကြခြင်းပင်ဖြစ်သည်။

" အခွင့်အရေးတစုံတရာမတောင်းဆို၊ စစ်မြေပြင်ကို မစွန့်ခွာရဖို့ကိုသာတောင်းဆိုနေခဲ့သည့် အာဂသတ္တိခဲ မိန်းမသားများပါပေ..."

သမိုင်းတလျှောက်အမြန်ဆုံးသောစစ်ကူ
➳➳➳➳➳➳➳➳➳➳➳➳➳

မြန်မာ့တပ်မတော်သည် ဗကပနှင့် သမိုင်းနှင့်ချီသောတိုက်ပွဲကြီးများတိုက်ခဲ့သည်။ ယင်းစစ်ပွဲများအနက် ဖုန်ကြားရှင်နှင့်တိုက်ခဲ့သော လောက်ကိုင်စစ်ပွဲ(၂၀၁၅)သည်၊ ရန်သူဖြတ်တောက်ပိတ်ဆို့မှုများကို ကျော်ဖြတ်၍ အမြန်ဆုံးသောစစ်ကူပေးနိုင်မှုအဖြစ် မှတ်တမ်း ၀င်ခဲ့ပါသည်။

ထို့ထက်ပိုသော ထိုစဉ်က ကျနော်တို့သတိမထားမိခဲ့သောအချက်မှာ မြန်မာ့တပ်မတော်၏ တပ်တည်,တပ်လှူပ်နှင့် တပ်ရွှေ့ပြောင်းမှုတို့ဘဲဖြစ်သည်။ တဖြည်းဖြည်းတော့ ရေးရေးပေါ်လာသည်။ ၂၀၁၄ ခုနှစ်သတင်းဖေါ်ထုတ်ချက်များ၊ တပ်မတော်ခေါင်းဆောင်များ၏သတင်းစာရှင်းလင်းပွဲ၊ တပ်ချုပ်ကြီး၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်သတိပေးချက်များကိုကြည့်ပြီး တပ်မတော်၏ စစ်ရေးပြင်ဆင်ချက်များကို ကောင်းစွာသဘောပေါက်လာသည်၊ နာရီပေါင်း.(၈၀) အတွင်း၊ တပ်မတော်မှ တင့်ကားများ၊ ဒုံးပစ်လောင်ချာများ၊ ယဉ်တင်အမြောက်ကြီးများနှင့် ခြေမြန်တပ်မများသည် မိမိတို့၏ Admin line များ၊ ကိုးကန့်နယ်မြေနှင့် UWSA ၊SSA၊ KIA ၊TNLA မြေတို့အားဝိုင်းပတ်ပိတ်ဆို့ထားလိုက်ပြီးဖြစ်ပါသည်။ နောက်ထပ် ၀င်မရ၊ ထွက်မရအောင် တပ်မတော်၏တပ်မကြီးများအားလုံးကို တပ်လှန့်ထားပြီး ရန်သူကိုရင်ဆိုင်ထားသည့်တပ်များမှလွဲ၍ အချက်အချာနေရာများတွင် ၀င်ရောက်တပ်စွဲလိုက်ပါပြီ ၊

ထို့အတူ တပ်မတော်(လေ)၏ တိုက်လေယာဉ်နှင့် ဗုံးကြဲလေယဉ်ကြီးများသည်၊ အနီးဆုံးလေယဉ်ကွင်းများမှ ပျံသန်းတိုက်ပွဲ၀င်ရန်၊ လေယာဉ်အုပ်များနှင့်လေယဉ်မှူးများကို ပြောင်းရွှေ့နေရာချထားလိုက်ပါသည်။ ထိုအချက်ကိုများကို တပ်မတော်ကို အထင်အမြင်သေးနေကြသူများ၊ ကိုးကန့်လောက်တောင်မှ နိုင်အောင်မတိုက်နိုင်ဘူး..ဟု ၀မ်းသာအားရဖြစ်နေသူများ သိမြင်နိုင်လိမ့့်မည်မထင်ပေ ။

ပြောင်းလဲသွားသည့်ဖုန်ကြားရှင်ဗျူဟာ
➳➳➳➳➳➳➳➳➳➳➳➳➳

ဤအချိန်တွင် ဖုန်ကြားရှင်သည် မိမိမဟာမိတ် FUAတပ်များကိုလည်းမျှော် လင့်မရနိုင်တော့၊ တိုက်စစ်လည်းဦးကျိုးနေပြီမို့ ချောင်းမြောင်းပစ်ခတ်သောပျောက်ကြားဗျူဟာကို ပြောင်းလဲသွားပါတော့သည်။ ကယ်ထုတ်လာသော အကျဉ်းသားအမျိုးသမီးယာဉ်တန်းကိုချောင်းပစ်သဖြင့် ၉ ဦးဒဏ်ရာရသလို၊ ဘေးလွတ်ရာပို့သည့် အရပ်ဖက်ယာဉ်တန်း၊ ကြက်ခြေနီယာဉ်တန်း၊ ဆေးရုံပါမချန် ပစ်ခတ်တိုက်ခိုက်ပါတော့သည်၊ လောက်ကိုင်အပြင်ဘက် ကြံတောများမှနေ၍ စနိုက်ပါနှင့် ချောင်းပစ်သလို၊ ဒကစ(လောက်ကိုင်)နှင့် အုပ်ချုပ်ရေးမှူးပယ်စောက်ချိန်တို့၏အိမ်များကို အရပ်၀တ်စနိုက်ပါတွေနှင့် တိုက်ခိုက်ပါသည်။

ထို့ကြောင့်တပ်မတော်သည် လောက်ကိုင်နယ်မြေအတွင်း ယာဉ်တင်အမြောက်ကြီးများ၊ သံချပ်ကာများ ၊စနိုက်ပါတပ်ဖွဲ့များကို စတင်ပို့ဆောင်သလို၊ တပ်ရွှေ့ပြောင်းမှုများ၊ လက်နက်ကျည်ရိက္ခာပို့ဆောင်မှုများတွင် MI.17များ စတင်အသုံးပြုလာသလို ချေမှုန်းရေးများတွင် လေယာဉ်၊ အမြောက်၊ သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးများ စတင်လုပ်ဆောင်လာပါတော့သည်။

လမ်းကြောင်းလုံခြုံရေး
➳➳➳➳➳➳➳➳

၀င်ရောက်လာသည့်ခြေမြန်တပ်မများသည် ချောင်းမြောင်းတိုက်ခိုက်မှုများရပ်တန့်စေဖို့ လမ်းကြောင်းလုံခြုံရေးတိုက်စစ်တွေကိုစတင်လုပ်ဆောင်ခဲ့ပါသည်။ ကြက်ခြေနီယာဉ်တန်းကိုချောင်းပစ်သည့် လောက်ကိုင်.ချင်းရွှေဟော်လမ်းဘေးမှ အခိုင်အမာခံစစ်ယူထားသည့် လုံထန်တောင်ကြောကို ၈.၂.၁၅ တွင် ခလရ.၂၁၇နှင့် စတင်ရှင်းလင်းပါသည်။

ရန်သူသည် ထုံးစံအတိုင်း ဆက်သွယ်ရေးမြောင်းများ၊ ခံကတုတ်များ၊ လိုဏ်ခေါင်း, မြေခွေးကျင်းများနှင့် အခိုင်အမာခံစစ်ယူထားသည်။ တပ်မတော်အမြောက်တပ်ဖွဲ့နှင့် ဟောင်၀စ်ဇာအမြောက်ကြီးများသည် လုံထန်တောင်ကြောကို မရေမတွက်နိုင်အောင်ပစ်ခတ်ခဲ့ပြီး၊ အမြောက်အပစ်ရပ်သည်နှင့် အချိန်ကိုက်ပျံသန်းလာသည့် K.8 လေယာဉ်များက ဗုံး၀င်ကြဲသည် ၊ ဆင်းပြေးကြသည့်ရန်သူများကို MI.35 များက ဒုံးပစ်လောင်ချာ၊ စက်သေနတ်များနှင့်ပစ်ခတ်ချေမှုန်းသည်။ ညနေ ၁၇၀၀နာရီအထိ တလှည့်စီ အမှည့်ချွေချွေပြီးမှ စခန်းသိမ်းမည့်ခြေလျင်တပ်များက၊ ကျားတက်ထိုးသလိုအော်ဟစ်ပါသည်၊ မြေခွေးကျင်းများထဲတွင် မသေဘဲကျန်ခဲ့သည့်ရန်သူများက ကျားတက်ထိုးပြီအထင်နှင့် မြေခွေးကျင်းများကနေထွက်လာချိန်တွင် A.5 နည်းဗျူဟာဗုံးကြဲလေယဉ်တစီးက အသံအလျဉ်နီးပါးနှင့် တစီးတည်းပျံသန်း၀င်ရောက်လာပြီး ပါလာသည့် ပေါင် ၅၀၀ ဗုံး ၄လုံးတွဲကို တပြိုင်တည်းဖြုတ်ချလိုက်ချိန်တွင် လုံထန်တောင်ကြီး သိမ့်သိမ့်တုန်သွားပါတော့သည်။ စခန်းသိမ်းခြေလျင်တပ်များရောက်လာချိန်တွင် ကွေးကောက် ကျိုးပဲ့နေသည့် ရန်သူလက်နက်များနှင့် ဆင်းပြေး၍ ပြန့်ကြဲနေသည့် ရန်သူအလောင်းအချို့နှင့် ကျန်အလောင်းများက လုံထန်တောင်မှာ ထာ၀ရမြေမြှုပ်ပြီးသားဖြစ်သွားပါပြီ ။

မိမိတို့ တပ်မတော် ခလရ.၂၁၇ က ကြက်ခြေနီယာဉ်တန်းကအစ ပစ်ခတ်နေသည့် လုံထန်ကြောကို ၂၁.၂.၁၅ မှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ကူယူ၍ ချီတက်ရှင်းလင်းခဲ့ကြောင်းရေးသားခဲ့ပြီးပါပြီ။ ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်ကကျဆုံးမှုမရှိဘဲ ၄.ဦးသာဒဏ်ရာရခဲ့ပါသည်။

ခင်ဗျားတို့ပြောသည့် ခပ်ညံ့ညံ့တပ်မတော်
➳➳➳➳➳➳➳➳➳➳➳➳➳

ယခုအချိန်မှာ အင်အားအလုံးအရင်းနှင့် ကိုးကန့်နယ်မြေထဲကို ၀င်ရောက်ပြီး၊ မိမိတို့အခြေချတပ်များကိုချေမှုန်းရန်နှင့် နယ်မြေသိမ်းစစ်ပွဲဆင်နွှဲရန်၀င်ရောက်လာသည့် ဖုန်ကြားရှင်၏ထိုးစစ်ကို ခင်ဗျားတို့ နိုင်ငံရေးသမားနှင့်မီဒီယာများ အမုန်းတရားနှင့် ဝါဒဖြန့်နေသည့် အရည်အချင်းမရှိ, တိုက်စွမ်းရည်ကျနေပြီဆိုသောမြန်မာ့တပ်မတော်ကြီးက ရက်သတ္တတပတ်မပြည့်မီ အပိုင်းပိုင်းရိုက်ချိုးလိုက်ပါပြီ ၊ ဒါတင်မဟုတ်သေးပါ ...

လောက်ကိုင်၏၀င်လမ်းထွက်လမ်းမှာ အမှန်တကယ်တော့ ၂ ခုဘဲရှိပါသည်။ တကြောင်းက ကွန်လုံ. ချင်းရွေဟော်. ပါစင်ကျော်. လောက်ကိုင်လမ်းကြောင်းဖြစ်ပြီး၊ ကျန်တကြောင်းက တာမိုးညဲ.မုန်းစီး.တာပါး.ကုန်းကြမ်း.လောက်ကိုင်လမ်းဖြစ်သည် ။ အဆိုပါဆက်သွယ်ရေးလမ်းကြောင်းများကို တပ်မတွေကပိတ်ဆို့ထားလိုက်ပါပြီ။

တိုက်ပွဲအစ ဖုန်ကြားရှင်အရေးသာချိန်မှာ TNLA နဲ့ AA က မိမိတပ်များပါ၀င်တိုက်ခိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သလို လူမှုကွန်ယက်မှ UWSA နဲ့ KIA သတင်းဌာနတွေက ၄င်းတို့တပ်တွေပါကြောင်း ပုံနှင့်သတင်းများ, လက်နက်များ တင်ခဲ့ကြသည်။ အမှန်မှာ ဖုန်ကြားရှင်၏ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးတပ်မှ မိတ်ဆွေဟောင်းကြီးဖြစ်သည့် UWSA က တပ်မဟာ(၄)ခု၊ ကိုးကန့်က ၁၀၀၀ ဝန်းကျင်၊ KIAက ၃၀၀ ဝန်းကျင်၊ TNLA နှင့် AA က ၁၀၀ ဝန်းကျင် ပူးပေါင်းဖွဲ့စည်းထားပြီးဖြစ်သည်။ ထို့အတူ မိမိတို့တပ်မတော်၏ကြားဖြတ်စက်များမှာ တရုတ်၊ ကချင်၊ ၀ နဲ့ကိုးကန့်များ၏ စကားပြောသံများကြားနေရသည်။

တိုက်ပွဲဖြစ်ပြီး ၂၀.၂.၁၅ တွင် UNFC က ဖုန်ကြားရှင်ကို ထောက်ခံကြောင်း ခပ်တည်တည် ကြေညာချက်ထုတ်သည်။ သို့သော် ထိုအချိန်တွင် မြန်မာ့တပ်မတော်ခြေမြန်တပ်မများက အတွဲလိုက်ဒုံးပစ်ယာဉ်များ၊ အမြောက်တင်သံချပ်ကာတပ်များနှင့် လူသယ်သံချပ်ကာယာဉ်များ ၊ BTR တွေက လောက်ကိုင်နှင့် ၀ ဒေသကိုဖြတ်တာက်ထားပြီး မုန်းစီးတာပါးနှင့် ကြူကုတ်, ပန်ဆိုင်းဘက်မှနေ၍ ဖြတ်တောက်ပိတ်ဆို့ထားပြီးဖြစ်သည်။

လောက်ကိုင်ဒေသတခုလုံးကို မြင်းခွာပုံ ဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်သည်၊ ဤကဲ့သို့ အချိန်တိုတိုအတွင်း ရန်သူကို ဝိုင်းပတ် ပိတ်ဆို့နိုင်ခြင်း၊ တန်ပြန်တိုက်စစ်ဆင်နွှဲနိုင်ခြင်း၊ မိမိတပ်များ အရပ်သားများကိုကယ်ထုတ်နိုင်ခြင်းသည် မြန်မာ့တပ်မတော်သမိုင်းတွင် ဤတကြိမ်တွင် မျက်ဝါးဝါးထင်ထင် တွေ့မြင်ရခြင်းဘဲဖြစ်သည်။

ခင်ဗျားတို့ပြောနေသော ခပ်ညံ့ညံ့တပ်မတော်ကြီးက အရှေ့မြောက်တခွင်ကို လုံး၀ပိတ်ဆို့ထားနိုင်ခဲ့ပြီ၊

၁၉၈၈ခုနှစ်လောက်က တပ် ၈ ခုလောက်နှင့် စစ်လက်နက်မပြည့်မစုံခဲ့သည့် မြန်မာ့တပ်မတော်သည် ယခုချိန်တွင် နာရီပေါင်း ၅၀နှင့်၈၀ အကြား ပြည်တွင်းလက်နက်ကိုင်အားလုံးကို ပြည်ပအကူအညီမပါလျှင် တပြိုင်တည်းရင်ဆိုင်နိုင်ကြောင်းကို သံသယဖြစ်ဖွယ်မရှိစေလိုတော့ပါ ။

ယခုအချိန်တွင် မြန်မာ့တပ်မတော်နှင့် နိုင်ငံတကာမီဒီယာတွေက လောက်ကိုင်စစ်ကို ခရိုင်းမီးယားနှင့် ခိုင်းနှိုင်းလာကြတဲ့အတွက် တရုတ်သတင်းဌာနတွေက ငြင်းဆိုနေရသည်၊ ဒါကလည်း တပ်မတော်အနေနှင့် ဖုန်ကြားရှင်ကို နိုင်ငံကျူးကျော်စစ်သဖွယ် ပြတ်ပြတ်သားသားတိုက်ခွင့်ရလိုက်ခြင်းပင်ဖြစ်သည်၊ နိုင်ငံရေးသမားမီဒီယာတွေနှင့် အတိုက်အခံပါတီရဲ့ "တိုင်းရင်းသားတွေကိုရက်ရက်စက်စက်ချေမှုန်းတယ်" ဆိုတဲ့ ပစ်မှတ်က လွတ်ခဲ့သလို၊ အနောက်မီဒီယာတွေနဲ့အစိုးရတွေကလည်း မြန်မာ့တပ်မတော်၏တိုက်ခိုက်မှုအပေါ် ရေငုံနှုတ်ပိတ်ပြီး စောင့်ကြည့်နေခဲ့ရတယ်ဆိုရင်မမှားပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ " ပါတဲ့သူတွေ တာ၀န်ယူရမယ်..'ဆိုတဲ့စကားကြောင့်လည်း UWSA နဲ့ KIA ကို နောက်ဆုတ်ပြီး ပေါ်ပေါ်တင်တင်မကူညီရဲသည့်အခြေအနေဖြစ်သွားခဲ့ရသည်။

အပိုင်း(၄)ဆက်လက်ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=576590452783855&id=349604805482422

#မင်းမော်

ယခင်အပိုင်းများ

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅)

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=574963149613252&id=349604805482422

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=575477416228492&id=349604805482422