Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၂)


ဖုန်ကြားရှင် ဘာလို့ပြန်လာသလဲ
➳➳➳➳➳➳➳➳➳➳➳

၂၀၀၉ ခုနှစ်က ထွက်ပြေးရတဲ့ ဖုန်ကြားရှင်က ၂၀၁၅ကျမှ ဘာလို့ပြန်ပေါ်လာခဲ့သလဲ၊ ဒီမေးခွန်းက မေးသင့်သောမေးခွန်းဖြစ်သည်။

တချိန်က လက်နက်သိမ်းပြီး ဘဏ်စာရင်းတွေပိတ်ထားခဲ့တဲ့တရုတ်ကြီးက မကြာခင်အချိန်က ဘဏ်စာရင်းတွေပြန်ဖွင့်ပေးခဲ့သလို တရုတ်ဂလိုဘယ်လ်တိုင်းသတင်းစာကြီးက ၃၀.၁၂.၁၄ မှာ ဖုန်ကြားရှင်က မြန်မာကိုပြန်တိုက်မှာဖြစ်ကြောင်း ကြေငြာပေးခဲ့သည်။

ဒီအချိန်မှာ မြန်မာ့ပြည်တွင်းရေးမှာ မြစ်ဆုံ၊ ကျောက်ဖြူ၊ လက်ပတောင်း၊ တရုပ်သံရုံးဆန္ဒပြမှုတွေနဲ့ ဘာလို့များတိုက်ဆိုင်နေခဲ့ပါသလဲ...မေးရန်ရှိပါသည်။ ဒါကတော့ နိုင်ငံရေးအရ တွေးခေါ်မြော်မြင်မှုဖြစ်သည်။ ဖုန်ကြားရှင်၀င်ရောက်တိုက်ခိုက်မှုနှင့် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးသည် ကွန်လုံနှင့် မည်မျှ ကွာခြားသွားကြောင်းကို ဆက်လက်တင်ပြသွားပါမည်။

ဗကပ ပြိုကွဲသွားပုံ  
➳➳➳➳➳➳

ဗကပဘ၀ရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့သောဖုန်ကြားရှင်တယောက် ကိုးကန့်ဒေသ တပ်မတော်အစိုးရလက်ထက် ကိုးကန့်ဒေသ၏ အရှင်သခင်ဖြစ်လာပုံ၊ တပ်မတော်တိုက်စစ်ကြောင့် တရုတ်သို့ ထွက်ပြေးရပြီး တကျော့ပြန် နယ်မြေသိမ်းရန်ုပြန်လာမည်ဟုကြေ ငြာခဲ့ပုံကို အကျဉ်းမျှ ရေးသားတင်ပြခဲ့ပြီးပါပြီ။

ဤနေရာ၌ အဓိက ရေးသားတင်ပြလိုသည်မှာ ၁၉၇၁တွင်တိုက်ခဲ့သောကွန်လုံတိုက်ပွဲကြီးနှင့် ၂၀၁၅ ခုနှစ်အတွင်းတိုက်ခဲ့သော လောက်ကိုင်ဒေသတိုက်ပွဲကြီးတွင် တပ်မတော်အနေဖြင့် ဘာတွေ ပြောင်းလဲသွားသလဲ၊ ဘာတွေ ထပ်မံဖြည်းဆည်းသင့်သလဲ ဆိုသည့် စစ်ရေးသုံးသပ်တင်ပြလိုခြင်းဖြစ်သည်။ အချို့သော ဘူမသိ,ကိုးမသိများပြောသလို မျိုးဆက်သစ်တပ်မတော်၏အရည်အသွေးညံ့သွားသလား..?ဆိုသည်ကို လေ့လာသုံးကြည့်ကြပါကုန်...

No imformation, no operation
➳➳➳➳➳➳➳➳➳➳➳➳➳

ရှေးတပ်မတော်သားကြီးများက No imformation, no operation ဟုပြောစမှတ်ပြုခဲ့သည်၊ "ရန်သူသတင်းမရလျှင် စစ်တိုက်၍မရနိုင်" ဟု ဆိုလိုရင်းဖြစ်သည်၊ ရှေးအဆက်ဆက် တိုင်းရင်းသားများကို မိသားစုသဖွယ်ကူညီခြင်း၊ စည်းရုံးခြင်းဖြင့် ရန်သူသတင်းပလင်းစုဆောင်းရသည်၊ တပ်မတော်ထောက်လှမ်းရေးအဖွဲ့များ၊ ကြားဖြတ်စက်များကို အားကိုး၍စစ်တိုက်ခဲ့ကြရသည်။ ဗကပခေတ်တွင် ကြားဖြတ်စက်ဖမ်းယူသောတရုတ်အမျိုးသားများကအထူးအခွင့်အရေးမရသောကြောင့် ကောင်းစွာအလုပ်မလုပ်သဖြင့် မော်ဖထိုးစစ်ကြီးကို မသိခဲ့ရသဖြင့် ဗကပခေါင်းဆောင်ကြီးဗသိန်းတင်ကိုယ်တိုင် ကြားဖြတ်စက်ကိုင် တရုတ်များကိုတောင်းပန်ခဲ့ရဘူးသည်ဟု မှတ်သားဖူးသည်။ 

ကွန်လုံတိုက်ပွဲကြီးမစတင်မီ မိမိတို့ဘက်၌ သစ္စာရှိ လော်စစ်ဟန်၏ သကဆဖအဖွဲ့များ၊ ဒေသခံ သစ္စာရှိပြည်သူများရှိသော်လည်း၊ တရုတ်မှ လွယ်မန်ခါးအထိ စစ်ဆင်ရေးလမ်းများဖောက်ခြင်း၊ တယ်လီဖုန်းကြိုးများတပ်ဆင်ခြင်း၊ လူ,လက်နက်,ရိက္ခာများစုပုံခြင်းကို သတင်းမရခဲ့။ ဒေသခံပြည်သူ့စစ်များမှာ စီးပွားရေးကိုသာ လုံးပန်းနေခြင်းကြောင့် စစ်ရေးသတင်းများကြိုတင်မရခဲ့။ ထို့ကြောင့်လည်း တာမြင်ရှန်းတောင်ကုန်း သကဆဖ ပြည့်သူစစ်စခန်းအား စတိုက်ပြီးနာရီပိုင်းအတွင်း သိမ်းပိုက်ခံလိုက်ရသည်။ ထို့အတူ လာရှိုးအခြေစိုက် မဟာဗျူဟာဌာနချုပ်နှင့် ကကကြည်းသည်၊ သာမန်သွေးတိုးစမ်းတိုက်ပွဲဟုသာထင်ခဲ့ပြီး ၊စစ်ကူလည်း မပို့နိုင်ခဲ့ချေ။  ဗကပတို့က ကွန်လုံသိန္နီကားလမ်းအား အင်အား ၁၂၀၀ ကျော်ဖြင့်ပိတ်ဆို့၊တံတား၅ စင်းအားမိုင်းခွဲပြီး၊ စစ်ကူလာသောတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ကားလမ်းကိုစိုးမိုးသော မိမိတပ်စခန်းများကိုပါ ထိုးစစ်ဆင်သိမ်းပိုက်လိုက်သဖြင့် ဟိုက်ကမ်းပါးတိုက်ပွဲပြီးမှစစ်ကူပို့နိုင်သောအနေအထားဖြစ်သဖြင့်၊ လွယ်မန်ခါးစသည့် အချက်အချာစခန်းရှိ လူအနည်းငယ်သာရှိသောမိမိတပ်များ ချေမှုန်းခံခဲ့ရသည်။

လောက်ကိုင်ဒေသ တိုက်ပွဲကြီးမဖြစ်မီ မိမိတပ်ဖွဲ့များသည် ရန်သူလှုပ်ရှားမှုသတင်းများကို ကြိုရနေခဲ့သည်။ 

၂၀၁၄ ဧပြီ မေလတွေကတည်းက. ဖုန်ကြားရှင်တပ်က ဖမ်းမိ၂ဦး, အလင်း၀င် ၄ဦးကို စစ်ကြောချက်များအရ ဖုန်ကြားရှင်နဲ့ပူးပေါင်းအဖွဲ့များသည် ကိုးကန့်ဒေသကိုပြန်သိမ်းပြီး မုန်းကိုး,ဖောင်းဆိုင်ကနေ မြစ်ကြီးနားအထိ သိမ်းမည့်အစီအစဉ်ရှိကြောင်းသိရသည်၊ ၂၀၁၄ ခုနှစ်ထဲတွင် ဖုန်ကြားရှင်၏တပ်ဖွဲ့အင်အား ၁၀၀၀ ကျော်က မိုင်းလား ဝဒေသရှိ တီးတိန်,နားစီးမှာ ယာယီအခြေပြုနေကြောင်းသိရသည်၊ KIAတပ်ဖွဲ့၀င်.၁၀၀၊ SSA၀မ်ဟိုင်းတပ်ဖွဲ့၀င် ၁၀၀ ခန့်၊ TNLAတပ်ဖွဲ့၀င်၁၀၀ခန့်၊ ပူးပေါင်းအဖွဲ့များ မုန်းစီး, နန်ကျွမ်း, ဝေါချုံ, မုန်းကိုး, မုန်ယားဘက်ကို၀င်ရောက်လာကြောင်း သတင်းများရနေခဲ့သည့်။

ဧပြီလအတွင်း ဖုန်တာရွှင်ခေါင်းဆောင်ပြီးအင်အား.၃၀၀ကျော် မန်ကန်ရွာဘက်ကို၀င်လာခဲ့သလို၊ KIAနှင့်TNLA ပူးပေါင်းအင်အား၂၀၀ ကျော်ခန့်ကလည်း တောက်ဟုန်ခေါင်းဆောင်ပြီး မန်ဂျယ်ကျေးရွာနှင့် ဖုန်၀မ်အမ်း..၊ SSA, ၀မ်ဟိုင်းနှင့် စိုင်းလောင် ခေါင်ဆောင်သည့်အင်အား၂၀၀ ကျော်သည် မုန်းပေါ်လေးတံတားမှ တာပါးကိုချီတက်ပြီး လောက်ကိုင် မုန်းကိုးကိုတိုက်ဖို့ လမ်းကြောင်း၃မျိုးကနေ၀င်လာသည့်သတင်းများရသဖြင့် တပ်မတော်က နယ်မြေရှင်းရာ လောက်ကိုင်သိမ်းရေးစီမံချက်ပျက်သွားခဲ့ပြီး တာမုန်ဝါးဘက်ကိုဆုတ်၍ အခြေအနေကို တပ်ဖျောက်စောင့်ကြည်နေရသည့်သတင်းများကို တပ်မတော်ကကြိုတင်ရထားပြီးဖြစ်သည်။

ဖုန်ကြားရှင်သည် ၂၀၁၅ထဲတွင် တရုတ်သတင်းစာ ဂလိုဘယ်တိုင်မ်းမှနေ၍ မြန်မာအစိုးရကိုပြန်တိုက်ဖို့ကြေငြာလိုက်သည့်အခါ သတင်းက ပိုခိုင်မာသွားသည်။ ထို့ကြောင့် ဒကစ(လောက်ကိုင်)ရှိ နယ်မြေခံတပ်များကို စတင်တပ်လှန့် ထားပြီးစစ်ကူပေးနိုင်ဖို့နှင့် အရေးရှိရင် စစ်ကူပေးနိုင်မည့်အစီအမံများ၊ ထိန်းချုပ်ရမည့် နယ်မြေများကို ဘယ်လို့ထိန်းချုပ်မည်ကို ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သည်။

ဤသည်မှာ ကနဦးသတင်းတွေအပေါ်တပ်မတော်၏ ကြိုတင်ပြင်ဆင်မှုကိုဖေါ်ပြခြင်းဖြစ်သည်။

ထူးခြားစွာပြောင်းလဲမှုမရှိ
➳➳➳➳➳➳➳➳➳

မြန်မာ့တပ်မတော်၏ ရန်သူ့သတင်းထောက်လှမ်းမှုသည် ထူးခြားစွာတိုးတက်လဲမှုမရှိသေးကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ယနေ့ကမ္ဘာ့နိုင်ငံများသည် ဂြိုလ်တုထောက်လှမ်းရေးစနစ်များ၊ သူလျှိုများ၊ ထောက်လှမ်းရေးလေယာဉ်များ၊ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်များကို သုံးစွဲနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အသေးစားမောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်ငယ်များကို စစ်ပွဲနောက်ပိုင်းတွင်မှ သုံးစွဲလာနိုင်သည်ကိုတွေ့ရပေသည်။

လျှင်မြန်သောစစ်ကူပေးနိုင်ခြင်းနှင့်စစ်ဗျူဟာ
➳➳➳➳➳➳➳➳➳➳➳➳➳

ကွန်လုံစစ်ပွဲကာလအတွင်း စစ်ကူပေးနိုင်မှုမှာအလွန်နှေးကွေးသည့်အတွက် မိမိစခန်းများချေမှုန်းခံရပြီးမှ ခက်ခက်ခဲခဲပြန်တိုက်ယူရသည်။ ဗကပ စစ်ဗျူဟာများမှာ ဥက္ကဌကြီးမော်၏သေနင်္ဂဗျူဟာများကို ပုံတူကူးချသောစစ်ဗျူဟာများသာဖြစ်သည်။ (မော်စီတုန်းဗျုဟာများအကြောင်းရေးသားခဲ့ပြီးပြီ ) ၊ 

ထင်ရှားသောတိုက်နည်းမှာ အမာရှောင်အမွတိုက်၊ နိုင်ဖို့သေချာမှတိုက်၊ ရန်သူတဆကို မိမိ၁၀ဆဖြင့်တိုက်၊ ဝိုင်းပတ်ပိတ်ဆို့၍တိုက်..စသည်တို့အပြင် ၃လုံးစနစ်၊ တ၀က်နှစ်မျက်နှာ ၊ ရန်လှုပ် ငါနား..ရန်နားငါလှုပ် စသည်တို့ဖြစ်ပြီး၊ စခန်းတစ်ခုကို အသေအချာ ဖြတ်တောက်ပိတ်ဆို့ပြီးမှ သာလွန်အင်အားဖြင့် အပိုင်တိုက်တတ်သလို၊ လှည့်ဖျားခြင်း Deception များလည်းသုံးတတ်သည်။ 

မိုင်းယောင်းကိုတိုက်စဉ်က. ထင်းရှူးတောင်တွင်ယောင်ပြလှုပ်ရှား၍ ဗျူဟာမှူးကြီးနှင့်လက်နက်ကြီးအဖွဲ့များ ထင်းရှူးတောင်သို့တိုက်ရန် မိုင်းယောင်းမှထွက်ခွာသွားစဉ် မိုင်းယောင်းကို၀င်သိမ်းခြင်းဖြစ်သည်၊ မိမိတပ်များကို ဆွဲထုတ်တတ်ပြီး အင်အားလျော့ချိန် နောက်တန်းစခန်းကို ၀င်တိုက်တတ်သည်။

ဖုန်ကြားရှင်သည် ဗကပ စစ်ရေးတာ၀န်ခံဘဝြဖင့် အပွဲပွဲနွှဲခဲ့ဖူးသဖြင့် မော်စီတုန်းဗျူဟာတွေကို အလွတ်ရနေခဲ့ပြီ၊ မြန်မာ့တပ်မတော်အရာရှိကြီးအတော်များများ ဗကပနှင့်ရင်ဆိုင်ခဲ့ဖူးသဖြင့် ဗကပအထာတွေ နောကြေနေသော်လည်း၊ နောက်ပိုင်းအရာရှိတော်တော်များများသည့်၊ တပ်မတော်အစိုးရသက်တမ်းနီးပါး ဗကပတို့ပြိုကွဲသွားသဖြင့် ဗကပတို့နှင့်လက်ရည်မစမ်းခဲ့ရ၊ ထို့ကြောင့် ဗကပ ဗျူဟာများကို မေ့လျှော့နေခဲ့ကြပြီ၊ အမှန်အတိုင်းဆိုလျှင် ကရင်အဖွဲ့များမှလွဲ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးသည် မော်စီတုံးဗျူဟာများအတိုင်းသာစစ်တိုက်တတ်ကြသည်။

လှည့်ဖျားခြင်း Decption
➳➳➳➳➳➳➳➳➳

ဖေဖေါ်ဝါရီလ.၉.ရက်နေ့ နံနက် ၀၅၃၀ နာရီအချိန်...

လောက်ကိုင် နှင့် တရက်ခရီးခန့်ဝေးကွာသည့့် တောက်ရွှေ ကျေးရွာသို့ ယူနီဖောင်းအသစ်များ၀တ်ဆင်ထားသည့် ဖုန်ကြားရှင်၏ MNDAAတပ်ဖွဲ့၀င်များသည် 4.wheel ကားအစီး၂၀ခန့်ဖြင့်ရောက်ရှိလာပြီး၊ တောက်ရွှေကျေးရွာ ပြည့်သူစစ်များထံမှလက်နက်များကိုရုတ်တရက်သိမ်းပိုက်လိုက်ပြီး ကားများဖြင့် တရုတ်နယ်စပ် BP...... ဘက်သို့ ပြန်လည်ထွက်ခွာသွားကြသည်၊ ထိုသတင်းသည် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ လောက်ကိုင်သို့ ၀၇၃၀ နာရီတွင်ရောက်ရှိလာ သည်။

ထို့ကြောင့် ဒကစ(လောက်ကိုင်) မှ အနီးဆုံး ကုန်းကြမ်းရှိ ခလရ.၁၂၅ မှစစ်ကြောင်း အားနယ်မြေရှင်းလင်းရန်တာ၀န်ပေးသည်။ ထို့အတူ ခလရ.၁၂၉ ကိုလည်း တောင်ဘက်မှ စတင်ရှင်းလင်းစေသည်။

ရန်သူသည် မိမိတပ်ဖွဲ့များအား ဆွဲထုတ်လိုက်ခြင်းပင်...

ရန်သူသည် မိမိတပ်ဖွဲ့များထွက်လာသည်နှင့် ၁၀၀၀နာရီတွင် ပစ်ကျင်းများတူး၍ အသင့်စောင့်နေရာမှ စက်လတ်များ၊ RPG များ၊ လက်နက်ကြီးများဖြင့် ဝိုင်းပတ်ထိန်းချုပ်တိုက်ခိုက်တော့သည်။ရန်သူ၏အငိုက်ဖမ်းတိုက်ခိုက်မှုကြောင့် ခလ၇.၁၂၅ မှ ၁၁ ဦးကျ၊ ၁၃ ဦး ဒဏ်ရာရရှိသွားပြီး ပိတ်ဆို့ခံထားရသကဲ့သို့၊ ခလ၇.၁၂၉ တွင်လည်း ၅ ဦးကျ၊ ၂ ဦးဒဏ်ရာရရှိလျှက်ရှိသည်။

ထိုစဉ် အရပ်၀တ်ဖြင့် မြို့တွင်းသို့ ကြိုတင်ရောက်နေသော ဖုန်ကြားရှင်တပ်ဖွဲ့များက၊ ဒကစ(လောက်ကိုင်)ဌာနချုပ်နှင့် ခလရ.၁၂၅ ၊ ခလရ.၁၂၉ တပ်ရင်းဌာနချုပ်များအား ဝိုင်း၀န်းတိုက်ခိုက်ပါတော့သည်။

တ၀က် နှစ်မျက်နှာနှင့် တလစာ နှစ်ယောက်စနစ်
➳➳➳➳➳➳➳➳➳➳➳➳➳

မိမိတို့နောက်တန်းတပ်ရင်းဌာနချုပ်တွင် စခန်းစောင့်ဆရာကြီးများ၊ နာမကျန်းဆေးအဆင့်နှိမ့်စစ်သည်များ၊ ရဲမေများနှင့် ခလေးများသာကျန်သည်။ ဖုန်ကြားရှင်တပ်များက လက်နက်ကြီးများသုံး၍ အပြင်းအထန်၀င်တိုက်ကြခြင်းဖြစ်ပြီး၊ ထိုစစ်ဆင်ရေးမျိုးကို ဗကပဘ၀ က မိုင်းယောင်းရှိ နည်းဗျူဟာ.၈၈၂ ၊စခန်းကုန်းနှင့် ချင်း.၃ တပ်ရင်းဌာနချုပ်ကို ၀င်တိုက်ခဲ့ဖူးသည်၊ ပုန်းကျင်းများအတွင်းပုန်းခိုနေသော အိမ်ထောင်သည်မိန်းခလေးများ၊ ကလေးများကို လက်ပစ်ဗုံးများ ပစ်သွင်းသည်၊ ဒဏ်ရာရစစ်သည်များကို ရက်ရက်စက်စက်ပစ်သတ်သည်၊ အိမ်ထောင်သည်မိန်းခလေးများကို မုဒိန်းကျင့်သည်၊ အပြစ်မဲ့ ကလေးနှင့်မှီခိုသူ၂၈ယောက် အသတ်ခံရပြီး၂၅ယောက် ဒဏ်ရာရခဲ့သည်။ ဖုန်ကြားရှင်၏ ရက်စက်ယုတ်မာမှုများကားပြော၍ကုန်နိုင်ဖွယ်မရှိ။ တပ်မတော်က သင်ခန်းစာ ကောင်းစွာရခဲ့ပြီ ၊ ကွန်လုံအခြေချတပ်များသည် တပ်ရင်းဌာနချုပ်ကာကွယ်ရေးအတွက် စနစ်တကျပြင်ဆင်ထားသောတပ်များဖြစ်ပြီး ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများကို တပ်ရင်းပတ်လည်တွင်ကြိုတင်ပြင်ဆင်ထားပြီး၊ မိုင်းအကာအကွယ်များ၊ ညှောင့်ကျင်းများ၊ ခြံစည်းရိုးများနှင့် ကာကွယ်ရေးစီမံချက်များစနစ်တကျပြင်ဆင်ပြီးဖြစ်သည်၊ တပ်ရင်းအတိုက်ခံရပါက ခလေးသူငယ်များ၊ သက်ကြီးရွယ်အိုများကို လုံခြုံရာသို့ရွှေပြောင်းထိမ်းသိမ်းထားပြီး တပ်ရင်းမှူးဇနီးအပါအ၀င် တိုက်ပွဲ၀င်နိုင်သော ရဲမေများက ဗဟိုကင်းမှလက်နက်ထုတ်၍ သတ်မှတ်နေရာများတွင် စနစ်တကျနေရာယူရသည်၊ နောက်တန်းတွင်ကျန်သော တပ်မတော်သားများက ကြီးကြပ်ကွပ်ကဲသည်၊ ရဲမေတိုင်းသည် ထိုသို့ တိုက်ပွဲ၀င်နိုင်သောအရည်အချင်းရှိရန် အခြေခံစစ်ပညာသာမက၊ လက်နက်ငယ်နှင့်လက်နက်ကြီးပစ်ခတ်နိုင်သောအဆင့်အထိ သင်တန်းများမပြတ်တက်ခဲ့သူများဖြစ်သဖြင့် တုန်လှုပ်ခြောက်ခြားမှု့မရှိ၊ ရန်သူတိုက်ခိုက်လာနိုင်သည့်သတင်းရသည်နှင့် စီမံချက်အတိုင်းအသင့်နေရာယူပြီး ဖုန်ကြားရှင်တပ်ဖွဲ့များကိုစောင့်ဆိုင်းနေကြသည်၊ လက်နက်ကြီးကျည်များပေါက်ကွဲနေသည့်ကြားမှ၊ ကျားထိုးရန်ကပ်လာသည့် ဖုန်ကြားရှင်တပ်များကို မတ်တပ်ရပ်ပစ်နေသည့် ရဲမေများကို ကြီးကြပ်သည့်ဆရာများက သတိပေးနေရသည်။

ရဲမေများ၏ တိုက်ပွဲ၀င်ရဲရင့်မှုမှတ်တမ်းတခုတင်ပြလိုသေးသည်၊ ဗန်းမော်ဘက်မှ တပ်ရင်းတရင်းအား စစ်သည်များရှေ့တန်းထွက်နေစဉ် KIAသောင်းကျန်းသူအဖွဲ့များက ညအမှောင်ကိုအကာအကွယ်ယူကာ ၀င်တိုက်စဉ်ကဖြစ်သည်၊ ဆက်သွယ်ရေးတံတားကိုမိုင်းခွဲကာ ဖြတ်တောက်ပြီးအပိုင်တိုက်သည်၊ တပ်ခြံစည်းရိုးနှင့် ဂိတ်တံခါးအား RPGများဖြင့် ပစ်ခတ်ဖျက်ဆီးကာ တပ်ရင်းကိုစီးဖို့ကြိုးပမ်းသောKIAများကို ရဲမေများချည်း ခုခံတိုက်ခိုက်သည်။ နံနက်လင်းတော့ တပ်ရင်းကိုမစီးနိုင်ဘဲ KIAစစ်ဗိုလ်နှင့် ၃ ဦးအလောင်းထားခဲ့ရပြီး ဆုတ်ခွာသွားရသည်။ ယခုအခာ ထိုတပ်ရင်းရှိ ရဲမေများသည်၊ ရဲဘော်များ ရှေ့တန်းထွက်သည့်အခါ ကလေးနှင့်သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာပို့ပြီး၊ ညမှောင်သည်နှင့် မီးများအမှောင်ချ၊ တပ်၀န်းတံခါးပိတ်ကာ၊ သတ်မှတ်နေရာများတွင် သေနတ်ကိုင်၍ ညစဉ်တပ် အသင့်အနေအထားနေရာယူထားကြသည်ကို မြို့ပေါ်မှ မွေ့ယာထက်တွင် အကျအန ဇိမ်ဖြင့်အိပ်စက်ကာ ဘာအခွင့်အရေး ညာအခွင့်အရေးအတွက် ဆန္ဒပြရန်ပြင်ဆင်နေသူများသိမှသိပါလေစ......

ဥက္ကကြီးမော်က ၄င်း၏သေနင်္ဂဗျူဟာကျမ်းတွင် တ၀က်နှစ်မျက်နှာဖြင့် တိုက်ဟု ရေးခဲ့သည်။ ရန်သူကို တ၀က်ကရင်ဆိုင်ထိမ်းချုပ်ထားပြီး ကျန်တ၀က်အား သတ်မှတ်နေရာကိုအပိုင်တိုက်စေသည်၊ ပထမ မိုင်းယန်းတိုက်ပွဲကြီးတွင် စစ်ကြောင်းရုံးအားရင်ဆိုင်ထားပြီး ရဲကုန်းကိုအပိုင်တိုက်ရာ၊ နာရီ၀က်နီးပါး သိမ်းနိုင်ခဲ့သော်လည်း၊ ချက်ချင်း တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခြင်းခံရသည်။ 

တပ်မတော်၏ဗျူဟာကိုတော့ "တလစာ၂ယောက်ဗျူဟာ" ဟု အမည်တပ်လိုသည်။ တပ်မတော်သားတဦးအတွက် လစာရိက္ခာ ရနေသော်လည်း မှီခိုသူမိသားစုအားလုံး တပ်အတွက်အလုပ်လုပ်ကြရသည်ကို တပ်မိသားစုအားလုံးသိရှိကြသည်။ တပ်မိသားစု၀င်အားလုံး စစ်ပညာနှင့်လက်နက်ငယ်သင်တန်းကို တက်နိုင်သူမှန်သမျှ အားလုံးမဖြစ်မနေတက်ရသည်၊ စစ်ဆင်ရေးဒေသအခြေချတပ်များသာမက အတွင်းစည်းရှိတပ်အားလုံး ထိုနည်းအတိုင်းပင်။ လေတပ် ၊ရေတပ်၊လက်ရုံးတပ်များလည်း ထိုနည်းအတိုင်းပင်၊ ကျန်အချိန်များတွင်လည်း အစည်းဝေးပွဲများ၊ လိုင်းစစ်တာ၀န်၊ ဓမ္မစကြာမှစ၍ အားရသည်မရှိ ။

တလစာနှင့် နှစ်ယောက်အလုပ်လုပ်ကြရသည်၊ ဟိုပါတီကြီးကပြောသလို..အတော်ပင်အခွင့်အရေးယူသော တပ်မတော်သားများပါတကား......။ လွှတ်တော်ထဲ ၂၅%၀င်ထိုင်ပြီး၊ ခြေပြတ်လက်ပြတ်များ အရပ်ဘက်ဌာနများရောက်လာတော့ အမြင်သိပ်မကြည်ချင်ကြ၊သို့ရာတွင် အပြင်လောကတွင် တောင်းရမ်းစားသောက်နေရသောတပ်မတော်သားများ၊ စာအုပ်ရောင်းနေရသော "အတိုတစ်, အရှည် တစ်"တို့မှာ ထို့ထက်များပြားကြသည်ကို မမြင်ကြတော့။

တပ်မတော်သားများအား အခွင့်အရေးသမားများအဖြစ် ရှုမြင်သူများ သေချာလေ့လာကြပါကုန်...

ဒကစ နှင့် တပ်ရင်းရုံးများအား ၀င်ရောက်တိုက်ခိုက်သော ဖုန်ကြားရှင်တပ်များသည် တိုက်ပွဲစတင်သည်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြင်းအထန်တိုက်ခဲ့သည်မှာ (၅ )နာရီခန့်ကြာသည်အထိ ဖုန်ကြားရှင်တပ်များ စခန်းကုန်းတခုမျှမသိမ်းပိုက်နိုင်သေး။ 

ကွန်လုံဒေသ တာမြင်ရှန်း(သကဆဖ)စခန်းကိုပင် ခဏဖြင့်တိုက်ခိုက်သိမ်းပိုက်နိုင်သော ဖုန်ကြားရှင်တယောက် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေသည့်အချိန်....။

အပိုင်း(၃)ဆက်လက်ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=576032046173029&id=349604805482422

#မင်းမော်

Source Thaung Myint

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅)

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=574963149613252&id=349604805482422