Monday, September 6, 2021

အသည်းမကောင်းပဲ ပွဲတောင်းကြသည့် ကွန်လုံ(၁၉၇၁) နှင့် လောက်ကိုင်(၂၀၁၅) အပိုင်း(၁)


အဓိကတင်ပြလိုသည်မှာ ကွန်လုံတိုက်ပွဲကြီးသည် ဗကပအင်အား၄၀၀၀ ကျော်စုဖွဲ့၍ တရုတ်လက်နက်၊ တရုတ်စစ်တပ်၊ တရုတ်ဗျူဟာတို့ဖြင့် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့သော နယ်မြေသိမ်းတိုက်ပွဲကြီးဖြစ်ပြီး၊ ယင်းအထဲမှ အဓိက တိုက်ခိုက်ရေး ဗကပ လက်ဟောင်းကြီး ဖုန်ကြားရှင်သည် နှစ်ပေါင်း ၄၀ ကျော်ကြာမှ အင်အား ၄၀၀၀ကျော်ဖြင့် ကွန်လုံနှင့်မဝေးလှသော လောက်က်ကိုင်ဒေသကို ၀င်ရောက်တိုက်ခိုက်၍နယ်မြေသိမ်းရန်ကြိုးပမ်းခဲ့ပြန်သည်၊ ပထမအကြိမ်ကကဲ့သို့ပင် တရုတ်ကြေးစားစစ်သား၊ တရုတ်အပျော်တမ်းတပ်များသာမက ဖုန်ကြားရှင်၏ တချိန်က ဗကပမဟာမိတ်ကြီးများပါ၀င်သော တပ်ပေါင်းစုကြီးနှင့် လက်ရည်စမ်းတိုက်ပွဲကြီးတပွဲဖြစ်ပွားခဲ့ရာ၊ တိုးတက်လာသောရန်သူ၏စစ်မဟာဗျူဟာနှင့်လက်နက်များ၊ တိုးတက်လာသော မြန်မာတပ်မတော်၏ စစ်စွမ်းပကားသည် ၁၉၇၁.ခုနှစ် ကွန်လုံတိုက်ပွဲကြီးနှင့် မည်မျှကွဲပြားခြားနားသည်ကိုနှိုင်းယှဉ်ဖေါ်ပြလိုပေသည်...

၂၀၁၅ခုနှစ်၊ ဖေဖေါ်ဝါရီ ၉ရက်မှစတင်ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသစစ်ပွဲကြီးသည်၊ တိုင်းရင်းသားလက်နက်ကိုင်များက မြန်မာ့တပ်မတော်ကို အားစမ်းသည့်တိုက်ပွဲကြီးတပွဲလည်း ဖြစ်ခဲ့သည်။ တရုတ်လက်နက်များဖြင့် ဇောင်းကြွလာသော KIA .TNLA . AA နှင့် UWSA တို့သည် မြန်မာ့တပ်မတော်၏ သမားရိုးကျတိုက်နည်းတိုက်ဟန်ကို အထင်ကြီးခြင်းမရှိခဲ့၊ တပ်မတော်သည် ငြိမ်းချမ်းရေးဆွေးနွေးသည့်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အလွန့်အကျွံစစ်အင်အားသုံးစွဲမှုမပြုဘဲ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ်အဟန့်အတားမဖြစ်စေခြင်းငှါ ထိန်းသိမ်းဆောင်ရွက်ခဲ့သည်ချည်းဖြစ်သည်၊ ထို့ကြောင့်လည်း တပ်မတော်သား၊ သားကောင်းဇာနည်အများအပြား တဖက်သတ်အတိုက်အခိုက်ခံရပြီး အသက်စွန့်ခဲ့ရသည်များ KIAနယ်မြေတွင် အများအပြားရှိခဲ့သည်။ ထို့ကြောင့်လည်း မြွေပွေးကို ရေမြွေထင်ပြီး၊ အမြီးကဆွဲရန်ကြိုးပမ်းလာသည့် ဗကပလက်ဟောင်းကြီး ဖုန်ကြားရှင်နှင့် ပြည်တွင်းမဟာမိတ်အဖွဲ့များ၊ ပြည်ပဆရာကြီး၏ ကျားကွက်ကို ပြတ်ပြတ်သားသားတိုက်ပြလိုက်မှ ဇောင်းကြွနေမှုများ ရပ်တန့်သွားသည်ဟုပြောနိုင်သည်။

ထို့ကြောင့် ကွန်လုံတိုက်ပွဲကြီးနှင့် လောက်ကိုင်တိုက်ပွဲကြီးတွင်တပ်မတော်၏ တိုက်စစ်ကွာခြားချက်များကို နှိုင်းယှဉ်တင်ပြလိုခြင်းဖြစ်ပါတော့သည်။

ကွန်လုံစစ်ပွဲကြီးပြီးသည့်နောက် ဗကပအခြေအနေ
➳➳➳➳➳➳➳➳➳➳➳➳➳ 

၁၉၇၁ ခုနှစ် ကွန်လုံစစ်ပွဲကြီးပြီးသောအခါ ဗကပတို့ အတော်ငြိမ်သက်သွားကြသည်၊ အထိနာနေသောဒေသခံတပ်များကို ပြန်လည်စည်းရုံးသိမ်းသွင်းခြင်း၊ တ်ိုက်ခိုက်သိမ်းသွင်းခြင်းကြောင့်ယာယီငြိမ်သက်သွားခြင်းမျှသာ။

အင်အားစုဖွဲ့မိလာသော ဗသိန်းတင်သည် ၁၉၇၅ ခုနှစ်တွင် မိုင်းပါလျှို နှင့် ကျိုင်းလတ်ကို ၀င်တိုက်ပြန်သည်။

၁၉၇၇.ခုနှစ်တွင် ခြူးရွှေ ပန်ကောက်၊၁၉၇၈ တွင် နောင်လိုင် ပါဖန်၊ ၁၉၇၉ တွင် သံလွင်အရှေ့ခြမ်း တန့်ယန်းဗျူဟာအထိထိုးဖောက်လာသဖြင့် ဗိုလ်ချုပ်ထွန်းရီ(နပိုလီယံ )ကပင် ကစထမှူးအဖြစ် ဗသိန်းတင်၏ ပန်ဆန်းဌာနချုပ်၏ရှေ့ကာ မော်ဖကို ထိုးစစ်ဆင်ထိန်းချုပ်လိုက်ရသည်။

မင်းရန်အောင်စစ်ဆင်ရေးကြီးကိုလက်စားချေလိုသောဗသိန်းတင်သည် ၁၉၈၀ တွင် မိုင်းယောင်းမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲကာ တပ်မတော်သား မိသားစု အိမ်ထောင်သည်မိန်းမနှင့် ကလေး ၂၀ ကျော်ကို ဖုန်ကြားရှင်တပ်များက မုဒိန်းကျင့် သတ်ဖြတ်ခဲ့ကြလေသည်။ ၁၉၈၆ တွင်ဗကပတို့သည် အင်အားအလုံးအရင်းဖြင့် မူဆယ်ကိုသိမ်းပိုက်ရန် စီစီ၀မ်,တာပန်တောင်ကြောရှိ မိမိတပ်များကို၀င်တိုက်သော နယ်မြေသိမ်းတိုက်ပွဲကြီးဆင်နွှဲခဲ့သော်လည်း အင်အား၁၀၀၀ကျော် ကျဆုံးကာ ခွေးပြေးပြေးခဲ့ရပြီး၊ တိုင်းရင်းသားတပ်ဖွဲ့များအသေအပျောက်များခြင်း၊ ၀ တပ်ဖွဲ့များကိုရှေ့တန်းတင်အသေခံတိုက်ခိုင်းသဖြင့်၊ ၀ တပ်ဖွဲ့၀င်များမကျေမနပ်ဖြစ်လာခြင်း၊ ဗကပခေါင်းဆောင်များက တိုင်းရင်းသားလက်နက်ကိုင်တပ်များအပေါ် အနိုင်ကျင့်ခြင်းစသည်တို့ကြောင့် မကျေမနပ်ဖြစ်လာကြတော့သည်။

ဗသိန်းတင်သည် ၁၉၈၈ခုနှစ် အရေးအခင်းကာလနှင့်အချိန်ကိုက် " မြေပေါ်မြေအောက်ညှပ်တိုက်ကြ" ကြွေးကျော်သံဖြင့် ဒုတိယအကြိမ် မိုင်းယန်းကို၀င်တိုက်ပြန်ပါသည်။ မိုင်းယန်းကိုလုံခြုံရေးယူထားသော အမှတ်(၁၁) ခြေလျှင်တပ်ရင်း ဒုရင်းမှူး ဗိုလ်မှူးတင်အောင်မြင့်ဦး( နောင်.ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး) ဦးစီး တပ်မတော်သားများက ရွပ်ရွပ်ချွံချွံပြန်လည်ခုခံမှုကြောင့် မြို့ကိုမသိမ်းနိုင်ဘဲဆုတ်ခွာရတော့သည်၊ တပ်မတော်လေတပ် လေယဉ်များက ပြန်ဆုတ်သည့်ဗကပများအား လိုက်လံချေမှုန်းရာ ၂၀၀ကျော် သေဆုံးပြီး ကစဉ့်ကလျားဖြင့် အဖွဲ့ငယ်များခွဲကာ ပြေးခဲ့ရသည်။ ဤတိုက်ပွဲကြီးကား ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီးဗသိန်းတင်၏နိဂုံးဖြစ်သကဲ့သို့. ကိုးကန့်ခေါင်းဆောင်ကြီးဖုန်ကြားရှင်၊ ၀ ခေါင်ဆောင်ကြီးကျောက်ညီလိုင်းနှင့်ပေါက်ယူချန်းတို့အား အထွဋ်အထိပ်ရောက်စေခဲ့သော နောက်ဆုံးတိုက်ပွဲကြီးလည်းဖြစ်ခဲ့လေသည်။

ဗသိန်းတင်အား အာဏာသိမ်းခြင်း
➳➳➳➳➳➳➳➳➳➳➳➳

အချိန်ကား ၃၁. ၃.၈၉ ရက်နေ့..

ဗကပတို့၏ ဗဟိုစစ်ကော်မရှင်ဖြစ်သူ ဖုန်ကြားရှင်သည် ကြိုတင်ညှိနှိုင်းထားသည့်အတိုင်း ဗကပဗဟိုမှ ခွဲထွက်ကြောင်းကြေငြာပြီးနောက် မြန်မာနိုင်ငံ လူမျိုးစုများမဟာမိတ်တပ်ပေါင်းစု (MINDDA)ကို ဖွဲ့စည်းကာ၊ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်မည်ဖြစ်ကြောင်းပထမဦးစွာ ကြေငြာခဲ့သည်။

ဗသိန်းတင်နှင့် ဗကပဗဟိုအဖွဲ့၀င်များသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်၊ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ လီနင်မင် တို့ခွဲထွက်မှုသည် ကျန်တပ်ဖွဲ့များအပေါ်ကူးစက်သွားခဲ့လျှင် ဟူသောအတွေးသည် ဗကပဗဟိုကော်မီတီ၀င်များကို အိပ်မပျော်နိုင်ဖြစ်စေခဲ့လေသည်။ ၀တိုင်းရင်းသားများနှင့်ဗမာပြည်ကွန်မြူနစ်ပါတီ ချစ်ကြည်ရေးမိန့်ခွန်းကို ဗကပအသံလွှင့်ဌာနမှ ၀. ဘာသာဖြင့်ထုတ်လွှင့်စေခြင်း၊ ၀.မြောက်ပိုင်းခရိုင်အသံလွှင့်ဌာန ခွင်းမာမြို့နယ်အသံလွှင့်ဌာနမှ လွှင့်ထုတ်ချက်များကို၊ တပ်မတော် ကြားဖြတ်အသံဖမ်းစက်များက ဖမ်းယူရရှိနေခဲ့သည်။

အမှန်ကား ဖုန်ကြားရှင်၊ ကျောက်ညီလိုင်း စသော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ကြိုတင်ညှိနှိုင်းပြီးဖြစ်ကြောင်း သူမသိရှာခဲ့ပေ။

ထိုအချိန်ကား ပန်ဆန်းဌာနချုပ်တွင် လူစုံတက်စုံဖြစ်၏။ ၈၈ .အရေးအခင်းပေါ်မူတည်ကာ ကြီးမားသော မြေပေါ် မြေအောက်လှုပ်ရှားမှုဖြင့် အလှည့်အပြောင်းလုပ်ရန် ဗဟိုကော်မတီအစည်းအဝေးကျင်းပရန်ပြင်ဆင်နေချိန် အလယ်ပိုင်းဗျူရိုမှ ရဲဘော်မြတ်မင်း၊ စောဗမိုး၊ လီစစ်ရှူ တို့လူစုံလှသည်၊ SSPPမှ ဆေးထင်၊ ရလသဖ မှ ဓာကလယ်၊ ကလလတဥက္ကဌ.ဦးစီးဥာဏ်မောင်မဲနှင့်အင်အား.၁၀၀၊ကယန်းဥက္ကဌ ရွှေအေးဦးစီး.၁၀၀၊ တောခိုကျောင်းသား ၄၂ ဦးတို့လည်း ပန်ဆန်းတွင်စစ်သင်တန်းတက် အရက်သောက်ရင်း ပန်ဆန်းသင်္ကြန်ပွဲတွင် ဘရိတ်ဒန့်ဆွဲကောင်းနေဆဲ၊ ပန်ဆန်းလုံခြုံရေးကို အတွင်းရေးမှူး ကျော်ထင်၊ ဒုအတွင်းရေးမှူး အိုက်ဆေးဖြစ်ပြီး၊ ၄င်းတို့၏ကင်းတပ်မဟာတခုလုံး(နိုင်ငံရေးမှူး ကျင်းကော့အန်းမှလွဲ၍) ပုန်ကန်အဖွဲ့များနှင့်ပူးပေါင်းခဲ့သည်။

၁၉၈၉၊ဧပြီ ၁၆ ရက်၊ ဗကပအရံကော်မတီ၀င် ကျောက်ညီလိုင်း၊ ပေါက်ယူချမ်းတို့၏၀တပ်ဖွဲ့အင်အား.၁၀၀၀ ကျော်သည် ပန်ဆန်းအထက် ပန်ဖိန်းသို့ ကားများဖြင့်ရောက်လာသည်။ သွေးထွက်သံယိုမရှိဘဲအာဏာသိမ်းရန် အမိန့်ထုတ်ပြန်ထားသည်။ အရှေ့မြောက်စစ်ဒေသမှူး နိုင်ငံရေးမှူး စိုးသိမ်းကိုမူ ၀ မြောက်ခရိုင်သို့စည်းရုံးရေးလာစဉ် ဖမ်းဆီးထိန်းသိမ်းပြီးဖြစ်သည်။ ဝ မြောက်ခရိုင် ဗကပအရံကော်မတီ၀င် ကော်စစ်မင်းနှင့်အသံလွှင့်ဌာနရှိ ဗမာရဲဘော်များအားလည်း ထိန်းသိမ်းပြီးဖြစ်သည်။

ပန်ဖိန်းတွင် ၀တပ်များရောက်နေကြောင်းကို၊ စစ်ဒေသသတင်းတာ၀န်ခံရဲဘော်သန့်ဇင်၊ အရှေ့မြောက်စစ်ဒေသမှူးရဲဘော်ထွန်းလွင်တို့က စတင်သိပြီး၊ ပန်ဆန်းကာကွယ်ရေးယန္တရားကြီး စတင်တော့သည်၊ ဗဟိုကင်းတပ်စစ်ဦးစီးမှူး ကျင်းကော့အန်းသည် လုံခြုံရေးတပ်ဖွဲ့များအားအမိန့်ပေးလိုက်သော်လည်း ပူးပေါင်းမှုမှာ စတင်နေပြီ။

၀ တပ်နှင့် ပူးပေါင်းအဖွဲ့က ဝိုင်းထားပြီးလက်နက်ချခိုင်းလိုက်တော့သည်။ ဗဟိုစစ်ဦးစီးမှူး ရဲဘော်တင်ရီသည် ဝေါ်ကီတော်ကီဖြင့်အမိန့်ပေးသော်လည်း မည်သူမျှမလှုပ်သဖြင့် ကျန်လူများအား ပြေးကြစို့ဟု အသိပေးကာ တရုတ်သို့၀င်ပြေးလေသည်။

ရဲဘော်တင်ရီ တရုတ်ဖက်သို့၀င်ပြေးပြီးနောက် အရှေ့မြောက်စစ်ဒေသမှူး ရဲဘော်ထွန်းလွင်လည်း ရှိသည့်ပစ္စည်းကားပေါ်တင်ပြီး ကူးတို့ဆိပ်သို့လစ်ပြီ၊အရှေ့မြောက်စစ်ဌာနချုပ်ကို ပုန်ကန်အဖွဲ့ကသိမ်းပြီး အနောက်ဘက်တောင်ကုန်းပေါ်ရှိ ဒီပီအေကျောင်းသားအဖွဲ့နှင့်မိသားစုများအားဝိုင်းထားပြီး လက်နက်ချခိုင်းသည်၊ နိုင်ငံရေးဌာနဒုဌာနကြီးမှူး ရဲဘော်လွင်အား မောင်းထုတ်လိုက်သည်။ ကျိုကွင်းရှိ အရှေ့မြောက်စစ်ဒေသမှူး ဇော်မိုင်တို့က ပုန်ကန်အဖွဲ့နှင့်ပေါင်းရန်သဘောတူသည်။ ဗဟိုဦးစီးမှူး ရဲဘော်တင်ရီ၊ ရဲဘော်ကျော်မြ၊ ရဲဘော်အောင်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ကေဒါအားလုံး တဖက်နိုင်ငံသို့ လစ်ကုန်ကြသော်လည် ဗသိန်းတင်ကမပြေး၊ ပက်လက်အိပ်ရင်းပစ္စတိုကို ရင်ဘတ်ပေါ်တင်ထားပြီး ပြေးရန်ငြင်းဆန်သည်၊ ဆက်သွယ်ရေး ဒုတာ၀န်ခံ ရဲဘော်လင်းမောင်က ဗကပတို့၏အနှစ်နှစ်အလလစုဆောင်းထားသော ရွှေချောင်းနှင့်ကျောက်သံပတ္တမြားများကို လွတ်အောင်သယ်ထုတ်ရန်တာ၀န်ပေးချက်အရ၊ ဗဟိုရုံးအနောက်ဘက်ကျောက်ကမ်းပါးလမ်းမှ နမ်မခချောင်းကိုဖြတ်ကူးစဉ် ရေနစ်သဖြင့် အနှစ်နှစ်အလလစုဆောင်းခဲ့သော ဗကပတို့၏ ရတနာထုပ်ကြီးသည် ဂငယ်ကွေ့ဝဲဂယက်တွင် ရဲဘော်လင်းမောင်နှင့်အတူ နစ်မြုပ်ခဲ့လေသည်။ ဒေသခံရှမ်းအမျိုးသားများက "ဒါတွေက ပြည်သူရဲ့ချွေးနဲစာတွေမို့ ယူပြေးလို့မရတာ.." ဟု ပြောစမှတ်ပြုကြသည်။

ဗသိန်းတင်ထွက်မပြေးသဖြင့် ကျောက်ညီလိုင်ရောက်လာပြီး " အဖိုးကြီး.. ကျနော်တို့ ဗကပကိုပုန်ကန်လိုက်ပြီ၊ ကိုယ့်လမ်းစဉ်အတိုင်း ဆက်လျှောက်တော့မှာမို့. ကျနော်တို့နဲ့ပူးပေါင်းရင်လည်း နာယကကြီးအဖြစ်စောင့်ရှောက်ထားမယ်.." ဟု ပြောရာ၊ ဗသိန်းတင်က ဟိုလေးယောက်ရော..ဟု သူ့ဗဟိုကော်မီတီများကိုမေးရာ ဟိုဘက်ကမ်းကူးသွားပြီဟုပြောရာ "ဒါဆိုလည်း ဟိုဘက်ကမ်းဘဲပို့ပါ.."ဆိုသဖြင့် ထမ်းစင်ဖြင့်တဖက်ကမ်းသို့ပို့ပေးလိုက်ခြင်းဖြင့် ပန်ဆန်းအာဏာသိမ်းပွဲကြီး ပြီးသွားသည်။

နောက်ပိုင်းတွင် ၀ အဖွဲ့၊ SSA စသည့်အဖွဲ့များသည် ငြိမ်းချမ်းရေးယူခဲ့ကြသဖြင့် ဗကပကြီး အပြီးအပိုင်ချုပ်ငြိမ်းသွားပါတော့သည်။

ဖုန်ကြားရှင်ဘုရင်ဖြစ်လာခြင်း
➳➳➳➳➳➳➳➳➳➳

တပ်မတော်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအာဏာရလာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လက်နက်နှင့်ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာ ၁၇ ဖွဲ့ငြိမ်းချမ်းရေးယူခဲ့ပြီး၊ ဖုန်ကြားရှင်သည် ပထမဆုံးလက်နက်နှင့်ငြိမ်းချမ်းရေးလဲခဲ့ပြီး ကိုးကန့်ဒေသခေါင်းဆောင်ဖြစ်လာသည်၊ ၁၉၉၆ မှာ ဖုန်ကြားရှင်နှင့် ရန်မျိုးလျံ ပြသနာဖြစ်ပြီး စားကျက်လုကြပြန်တော့ တပ်မတော်က၀င်ပြီး ကြားခံရှင်းလင်းပေးရသည်၊ ဖုန်ကြားရှင်သည် တဖက်နိုင်ငံတွင် လုပ်ငန်းအများအပြားနှင့်ဘဏ်များပိုင်ပိုင်ဆိုင်ထားပြီး ၂၀၀၉ ခုနှစ်မှာ မူးယစ်ကိစ္စ၊ လက်နက်စက်ရုံကိစ္စများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၀င် ၁၁.ဦးကိုသတ်ဖြတ်ခဲ့သောကြောင့် တပ်မတော်ကတိုက်ခိုက်သဖြင့် တဖက်နိုင်ငံသို့၀င်ပြေးခဲ့ရသည်၊ လက်နက်နှင့်ငြိမ်းချမ်းရေးယူပြီး ၁၉၉၉ လောက်ကစတင်၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်.)ကိုဖွင့်လှစ်ခဲ့ပြီး၊ ဒကစ လောက်ကိုင်အောက်တွင် ဒေသဆိုင်ရာအခြေချတပ်များကိုဖွဲ့စည်းခဲ့ရာ၊ ခလရ.၁၂၅ ကို ကုန်းကြမ်းတွင်လည်ကောင်း၊ ခလရ.၁၂၈ ကို ပါစင်ကျော် နှင့် ခြေမြန်တပ်ရင်း ၅ရင်း၊ လက်ရုံးတပ် ၅ရင်း ပါ၀င်သည်။ အမြောက်တပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်များပါ၀င်ခဲ့သည်၊ ခလရ.၁၂၉၊ ၂၃၉၊ ၃၂၂ တို့ကိုထားရှိပြီး လောက်ကိုင်, ချင်းရွှေဟော်, ကွန်လုံ သိန္နီလမ်းနှင့် မူဆယ်, ကွတ်ခိုင်, သိန္နီကိုကာကွယ်ရန် သိန္နီမှာ တပ်မတစ်ခု အသစ်ဖွင့်ခဲ့သလို၊ ပြည်ပစစ်ဖြစ်လျှင် လားရှိုးကိုရှောင်ပြီး ကျောက်မဲ မန္တလေးဆင်းလမ်းကိုတွက်ဆပြီး ကျောက်မဲမှာတပ်မတစ်ခု ဖွင့်လှစ်ခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဖုန်ကြားရှင်ကို တိုက်ခိုက်ခဲ့ရာမှာ တရုတ်ဘက်သို့၀င်ပြေးသောဖုန်ကြားရှင်တပ်ဖွဲ့များအား တရုတ်က လက်နက်သိမ်းခြင်း၊ ဖုန်ကြားရှင်၏ဘဏ်စာရင်းများပိတ်ဆို့ထားခြင်းဖြင့် မြန်မာကို ကူညီပေးခဲ့သည်။

ငါမွေးတဲ့မျောက်လား
➳➳➳➳➳➳➳

တချို့သောပုဂ္ဂိုလ်အကောင်းစားကြီးများက "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တာ" လို့ အာမနာပ ပြောသလို၊ နယ်ခြားစောင့်တပ်မ ဖွဲ့လို့.." ဟူသောအတင်အဖျင်းများကို အနည်းငယ်ရှင်းပြလိုသည်။ ဗကပ အင်အားစုကြီးပြိုကွဲသွားခြင်းသည် အနာဂတ်မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိသောဖြစ်ရပ်ဖြစ်သည်၊ ထို့ကြောင့် ခွဲထွက်အဖွဲ့တွေကိုစည်းရုံးထားနိုင်ဖို့လိုသည်၊ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များကိုကြည့်လျှင် ဆိုဗီယက်ကို ဘယ်တပ်မှ၀င်မတိုက်ခဲ့ပဲ အချင်းချင်းတိုက်ပြီးအစိတ်စိတ်အမွှာမွှာဖြစ်ခဲ့သည်။ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားကိုကြည့်လျှင် ပြည်တွင်းပုန်ကန်မှုကို လက်နက်တပ်ဆင်ပေးလိုက်ရုံသာဖြစ်ကြောင်း တွေ့မြင်နေရသည်။

မြန်မာမှာလည်း နိုင်ငံရေးမုန်တိုင်းတိုက်နေချိန်၊ မြန်မာကို စစ်ရေးအရအရေးယူဖို့ UNမှာ ဆွေးနွေးသည့်လုပ်ရပ်များသည် ပြည်တွင်းသောင်းကျန်းမှု၊ ကြီးမားသည့် ဆန့်ကျင်ဘက်တိုင်းရင်းသားတပ်များကို အနောက်က လက်နက်တပ်ဆင်ပေးခဲ့လျှင် ဘာတွေဆက်ဖြစ်မလဲ..? လစ်ဗျား, ဆီးရီးယားတို့လို ကြီးမားသောအကျိုးဆက်များ ဖြစ်လာနိုင်သည်။ 

ထို့ကြောင့်" ငြိမ်းချမ်းရေးယူတာကို မှားတယ်.." ဆိုသည့်အယူအဆကို လက်မခံနိုင်တာဘဲဖြစ်ပါသည်။ ထို့ပြင်နယ်ခြားစောင့်တပ်မ ဖွဲ့တာတွေ အများကြီးရှိတာကိုသတိပြုကြည့်လျှင် သိနိုင်ပါသည်။

အပိုင်း(၂)ဆက်လက်ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=575477416228492&id=349604805482422

#မင်းမော်

Source Thaung Myint