Thursday, September 2, 2021

ဒဂုံတက္ကသိုလ်က ခေါင်းလောင်းသံ


        ကျနော့်မိတ်ဆွေ တဦးရဲ့ သမီးလေးဟာ ဒဂုံတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ် ။ အဏုဇီဝဗေဒ မေဂျာ ဖြစ်ပါတယ် ။

    အဲဒီကျောင်းသူဟာ ဗိုလ်သင်တန်းတက်ရောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးစားနေသူ ဖြစ်ပါတယ် ။ 

    ဒုတိယနှစ် ကျောင်းသူဘဝမှာ တက္ကသိုလ်ကျောင်းရဲ့ အခွင့်အရေးဖြစ်တဲ့ ဝါသနာပါရာ UTC တက်ရောက်ခဲ့ပါတယ် ။ ဒါကိုလည်း အချို့ ဆရာတွေက အမြင်မကြည်ဖူးလို့ သိရပါတယ် ။ 

       အမျိုးသမီး ဗိုလ်လောင်း တက်ရောက်ဖို့ အားထည့်ကြိုးစားနေတဲ့ ကျောင်းသူဟာ ဂုဏ်ထူးတန်းဝင်မှ သေချာပေါက် နီးပါး စသ်တက္ကသိုလ်က ရွေးချယ်မယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့ အင်မတန် ကြိုးစားခဲ့ပါတယ် ။ 

.....ကျောင်းတွေဖွင့်လို့ စတက်တော့ ထုံးစံအတိုင်း အဖျက်သမား GZ ကျောင်းသားများက SP လုပ်ကြပါတယ် ။ နောက်ဆုံး ဆိုင်ကယ်နဲ့ တိုက်သတ်တဲ့အထိ လုပ်ကြံခဲ့ပေမယ့် ကံကောင်းလို့ အသက်အန္တရာယ် မဖြစ်ခဲ့ပါဘူး ။

....အဲလို အသက်အန္တရာယ် အပြင် သင်ကြားပေးမယ့် ဆရာအချို့ရဲ့ ညည်းတို့က ရှည်ကို ရှည်တယ် ညည်းတို့ လာတက်လို့ ငါတို့ သင်ပေးနေရတာ ဆိုတဲ့ CDM မလုပ်ရဲပဲ လိမ်စားနေတဲ့ Non CDM အတုတွေရဲ့ ငြိုငြင်မှုကိုလည်း ရင်ဆိုင် ဖြတ်သန်းခဲ့ရပါတယ် ။

     အဲလို အခက်အခဲတွေကြားကနေ  ယခုနောက်ဆုံးနှစ်မှာ ဂုဏ်ထူးတန်း ဝင်ကို ဝင်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားဖြေဆိုခဲ့ရာမှာ ဂုဏ်ထူးမှတ်များနဲ့ အောင်မြင်လောက်တဲ့ ဖြေဆိုမှုမျိုး ပြုလုပ်နိုင်ခဲ့ပါတယ် ။ 

         သို့သော် အောင်စာရင်း ထွက်လာချိန်မှာ သာမန်ပဲ အောင်မြင်ပြီး ဂုဏ်ထူးမပါလာတာ အံ့သြဖွယ် တွေ့ရပါတယ် ။ 

      ဂုဏ်ထူးတန်းအတွက် ရည်မှန်းဖြေဆိုခဲ့တဲ့ စာတော်သော ကျောင်းသူဆိုတာ ကိုယ်ဖြေလာတာ ကိုယ်တိုင်သိကြပါတယ် ။ ဘာကြောင့် ဂုဏ်ထူးမထွက်ရတာလည်း လေ့လာမိတော့ ထူးခြားတာ တခု တွေ့ရပါတယ် ။ 

        ယခု အဏုဇီဝဗေဒ နဲ့  ဘော်တနီ မေဂျာကို တဦးတည်း အုပ်ချုပ်နေတဲ့ ပါမောက္ခ ဟာ အခုမှ ပြောင်းလာတဲ့ ဆရာဖြစ်ပါသတဲ့ ။ သူကိုင်တွယ်တဲ့ မေဂျာ နှစ်ခုလုံး ဂုဏ်ထူးတန်း တယောက်မှ မပေးခဲ့ပါဘူးတဲ့ ။ 

     အခြားမေဂျာ ပေါင်းစုံမှာ နောက်နှစ်အတွက် ဂုဏ်ထူးတန်း တက်ရမယ့် ကျောင်းသူ ကျောင်းသားတွေ ရှိနေပေမယ် ယခု မေဂျာ နှစ်ခု အတွက် နောက်နှစ်မှာ ဂုဏ်ထူးတန်း ကျောင်းသား တယောက်မှ မရှိပါဘူး ။ 

       ဒါက ထူးခြားသလား ဆိုတော့ အရည်အသွေးနည်းတဲ့ ကျောင်းသားတွေချည်း ဖြစ်နေလို့ ဆိုရင်လည်း ဖြစ်တတ်ပါတယ် ။ သို့သော် ထူးခြားတာ လာပါမယ် ။ 

       ကလေးမလေးက သူ့ကိုယ်သူ ယုံကြည်နေတဲ့အတွက် အုပ်ထိမ်းသူက ဆရာမတဦးထံ အကျိုးအကြောင်းပြောပြပြီး အဖြေလွှာ ပြန်ကြည့်ခွင့် တောင်းပါတယ် ။ 

     အဲလိုတောင်းဆိုတာ ရိုင်းစိုင်းကြောင်း တုန့်ပြန်ပြီး ခွင့်မပြုခဲ့ပါဘူး ။ နောက်ထပ် ထူးခြားချက်က ယခု ဂုဏ်ထူးတန်းတက်ခွင့်အတွက် ဂုဏ်ထူးပေးရာမှာ ပထမနှစ် မှ နောက်ဆုံးနှစ် အထိ ရမှတ်များကို အကဲဖြတ်ပြီးမှ ပေးကြောင်း သတင်းလွှင့်လာခြင်း ဖြစ်ပါတယ် ။ 

       ဆယ်တန်း ဂုဏ်ထူးပေးဖို့ သူငယ်တန်း ပြန်ဆင်း ရမှတ်ပြန်ကြည့်ပါသလား မေးချင်ပါတယ် ။ ပြောချင်တာက ယခုဖော်ပြပါ ဌာန ရဲ့ မရိုးဖြောင့်မှုကို ပြောချင်တာပါ ။ 

      ကလေးမ ဖြေဆိုထားတာ တကယ် ဂုဏ်ထူးမှတ်မရနိုင်ရင် အဖြေလွှာ ပြသ ရှင်းလင်းနိုင်ရပါမယ် (ဆယ်တန်းတောင် ပြန်ကြည့်လို့ ရပါတယ် တက္ကသိုလ်ဆိုတာ ပိုလွယ်ရမှာပါ)

       ဤသို့ ပြန်ကြည့်ရန် ပိတ်ပင်သည့် အပြင် ပထမနှစ် မှ နောက်ဆုံးနှစ်အထိ ရမှတ်များအရသာ ဂုဏ်ထူးပေးသည်ဟု သတင်းထပ်လွှင့်ခြင်းကား ရိုးသားမှု မရှိခြင်း၏ 100 % သော ပြယုတ်အဖြစ် ရှုမြင်မိပါတယ် ။ 

        အသက်စွန့် အရှက်ကွဲခံ ကျောင်းတက်လာသော ကျောင်းသူများအား ညည်းတို့ အလုပ်ရှုပ်တယ် ဘာလို့ ကျောင်းလာတက်လဲလို့ ပြောခဲ့သော ဆရာအချို့.......

       အသစ်ပြောင်းလာသော ပါမောက္ခ၏ မေဂျာ နှစ်ခုလုံး ဂုဏ်ထူး မထွက်ရှိမှု..... 

          ကျောင်းသူ၏ ရမှတ်အား မကျေနပ်၍ အဖြေလွှာ စစ်ဆေးခွင့်တောင်းဆိုမှုအား ခွင့်မပြုခြင်း......

        တဖန် ပထမ နှစ်မှ နောက်ဆုံးနှစ်အထိ ရမှတ်များအားလုံး ခြုံငုံပြီးမှ ဖိုင်နယ်အတွက် ဂုဏ်ထူးပေးတယ် ဆိုတဲ့ ပေါက်ကရမူအား ဝါဒဖြန့်ခြင်း...

      ဒီအချက်တွေကြောင့် စာကြိုးစားခဲ့ရသော ကျောင်းသူ ကျောင်းသားများ မနစ်နာစေရန် လည်းကောင်း...

      ပညာရေးဌာနရှိ CDM တဝမ်းကွဲ ဖရဲသီးဝန်ထမ်းများအား ဖော်ထုတ်ရန်အတွက် လည်းကောင်း.....

      ယခုနှစ် မြောက်ဒဂုံ တက္ကသိုလ် မှ အဏုဇီဝမေဂျာ နှင့်  ဘော်တနီ မေဂျာ တို့မှ အဖြေလွှာများအား ပြန်လည်စီစစ် အဖြေထုတ်ပေးပါရန် ပညာရေးဝန်ကြီး နှင့် အိမ်စောင့်အစိုးရအား သတင်းပေး တောင်းဆိုချင်ပါတယ် ခင်ဗျာ ။ 

       ဒီလိုကာလ ဒီလို အချိန်မျိုးမှာ ကျောင်းတက်ပညာရှာရဲသော ကျောင်းသူ ကျောင်းသားများဟာ CDM နဲ့ ဖရဲသီး ဝန်ထမ်းများထက် အဆပေါင်းများစွာ တန်ဖိုးရှိသော လူသားရင်းမြစ်များ ဖြစ်ပါတယ် ။ 

     ကိုရွှေမျိုးဝင်း